သတင်း

မြင်းခြံတွင် ဒေသခံ ၄ ဦး အသတ်ခံရပြီး နေအိမ် ရာထောင်ချီ မီးရှို့ခံရ

စစ်တပ်က မြန်မာ့ရိုးရာသင်္ကြန်ပွဲ နိုင်ငံအနှံ့ စည်ကားစွာ ကျင်းပရန် ပြင်ဆင်နေသလို လူသတ်၊ ရွာမီးရှို့သည့် လုပ်ရပ်များ ပုံမှန်အတိုင်း လုပ်ဆောင်နေသည်ကို မန္တလေးတိုင်းအတွင်း တွေ့ရသည်။

စစ်ကောင်စီက လာမည့်ရက်ပိုင်းအတွင်း ကျရောက်မည့် သင်္ကြန်ကာလတွင် ရေသဘင်ပွဲ ခမ်းခမ်းနားနား ကျင်းပရန် ပြင်ဆင်နေသလို ကျေးလက်ဒေသတွင်လည်း သတ်ဖြတ် ဖျက်ဆီးမှုများ ဆက်လက် ကျူးလွန်နေရာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဒေသခံ ၄ ဦးကို သတ်ဖြတ်ကာ၊ နေအိမ် ရာထောင်ချီကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၈) ရက်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၁၀၀ ကျော်ခန့်စီ ပါသည့် စစ်ကြောင်းနှစ်ခုက ကျေးရွာများကို လက်နက်ကြီး/ငယ်တို့ ပစ်ခတ်ဝင်ရောက်လာခဲ့ကြသည်။

ဖက်ရင်းကျေးရွာကို ဝင်ရောက်လာခဲ့သည့် စစ်ကြောင်းက ထွက်ပြေးတိမ်းရှောင်ကြသည့် ရွာသူရွာသားများကို လိုက်လံပစ်ခတ်ရာ ရွာအတွင်းလမ်းပေါ်မှာပင် နှစ်ဦး ပစ်သတ်ခံရသည်ဟုလည်း ထိုရွာမှ ဒေသခံတို့က ဆိုသည်။ သားအဖနှစ်ဦး ဖြစ်သည်ဟုသာ သိရပြီး အမည်၊ အသက်အရွယ်တို့ကို မသိရသေးပေ။

ထိုစစ်ကြောင်းက ရသာကျေးရွာတွင်လည်း အလားတူ ပြုမူရာ အသက် ၆၀ ခန့်အရွယ် ဦးဉာဏ်ဖေ သေဆုံးသွားသည်။

စစ်သားများ ရောက်သည်နှင့် ရွာကို မီးရှို့ကြကြောင်း၊ တစ်ဦး အသတ်ခံရကြောင်း ထိုရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“မနက် ၆ နာရီလောက်ကြီး သေနတ်ပစ်ဖောက်ပြီး ဝင်လာတာ၊ ရောက်ပြီး မကြာပါဘူးဗျာ၊ ရွာကို မီးတင်တော့တာပဲ၊ အကုန်ထွက်ပြေးကြရတာပဲ၊ အမျိုးသားတစ်ဦးကတော့ ပစ်သတ်ခံလိုက်ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါ ဒေသခံက ပြောသည်။

အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ရသာရွာသည်လည်း အိမ်ခြေ ၂၆၀ ကျော် မီးရှို့ခံခဲ့ရပြီး နေအိမ်ဝင်းအတွင်းရှိ တောင်ယာစိုက်ပျိုးရေး မျိုးစေ့များပါ ဆုံးရှုံးခဲ့ရသည်ဟု သူက ဆက်ပြောသည်။

အိမ်ခြေ ၁၅၀၀ ခန့်ရှိသည့် တောပုကျေးရွာတွင်မူ နေအိမ်ထက်ဝက်ကျော် မီးရှို့ဖျက်ဆီးခံရသည်ဟု ထိုမြို့နယ်၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံတစ်ဦးက ပြောသည်။

အချိန်မီ မတိမ်းရှောင်နိုင်သည့် မြင်းခြံခရိုင် ပြည့်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂ မှ ရဲဘော်တစ်ဦးကို စစ်တပ်က အရှင်ဖမ်းမိရာ လက်ပြန်ကြိုးတုပ်ပြီး ဦးခေါင်းကို ပစ်ခတ်သွားသည်ဟု သူက ဆက်ပြောသည်။

“ရဲဘော်က ညဘက်က ကင်းတာဝန်ကျထားပုံရတယ်။ မနက် စစ်ကြောင်းဝင်လာချိန်မှာ အိပ်ပျော်နေခဲ့တာ၊ သူ့တပ်ဖွဲ့ဝင်တွေကလည်း ရှေ့တက်ကာကြရချိန်မှာ သူက ကျန်ခဲ့ရရှာတာ။ တောပုက အိမ်အတော်များတယ်၊ မီးလောင်တာ ဝင်ပြီးတော့ ငြှိမ်းဖို့လုပ်ပေမဲ့ ဘယ်လိုမှကို မီးမနိုင်ဘူး ဖြစ်သွားတာ” ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းများကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာ ရသာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ တစ်နာရီခန့် ဖြစ်ပွားခဲ့သည်၊ ထိုစစ်ကြောင်းသည် မွန်းလွဲ ၃ နာရီခန့်တွင် မြင်းခြံသို့ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးခံရသည့် ကျေးရွာများသည် မြင်းခြံမြို့နယ် မြောက်ပိုင်းတွင် ရှိသည်။ တောပုသည် မြင်းခြံ-ဆီမီးခုံကားလမ်းပေါ်တွင် ရှိပြီး ရသာနှင့် ဖက်ရင်းတို့သည့် တောပု၏ အရှေ့ဘက် ၄ မိုင်ခန့်တွင် ကပ်လျက်တည်ရှိသည်။

မြင်းခြံမြို့ကို ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်များသည့် ကျေးရွာများသို့ ခြေလျင်ရောက်လာတတ်သလို ကားများဖြင့်လည်း ဝင်ရောက်လာတတ်သည်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်ဟု ဒေသခံတို့က ပြောသည်။

ယမန်နေ့က စစ်သားများ သတ်ဖြတ်၊ မီးရှို့သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

မြင်းခြံမြို့ စစ်ကြောင်းထိုးမှုအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ အွန်လိုင်းစာမျက်နှာတွင် သတင်းဖော်ပြမှု မတွေ့ရသေးပေ။

နိုင်ငံအနှံ့ ပစ်ခတ် စစ်ကြောင်းထိုးမှုများ၊ တိုက်ပွဲများ ရှိနေလင့်ကစား စစ်ကောင်စီက မြို့ပြဒေသတွင် ပုံမှန်အခြေအနေရှိနေဟန် သတင်းများ ထုတ်ပြန်နေသည်ကို တွေ့ရသည်။

“မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်” စီစဉ်ဆောင်ရွက်နေသည်ဟု လတ်တလော သတင်းထုတ်ပြန်ချက်များတွင် တွေ့ရပြီး မြို့ပြဒေသတွင် သင်္ကြန်မဏ္ဍပ်ကြီးများ တည်ဆောက်လျက်ရှိသည်။ 

ဧရာမ မဏ္ဍပ်ကြီးများ ဆောက်လုပ်နေသော နေပြည်တော်တွင် သင်္ကြန်ပွဲအတွက် ရုရှား၊ တောင်ကိုရီးယားတို့မှ ဖျော်ဖြေရေးသမားများကို ငှားရမ်းထားသည်ဟု စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက ဆိုသည်။

နေပြည်တော်တွင် တည်ဆောက်နေသည့် သင်္ကြန်မဏ္ဍပ်တစ်ခုကို ၂၀၂၄ ဧပြီလဆန်းတွင် တွေ့ရပုံ။

Show More

Related Articles

Back to top button