
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲများနီးကပ်လာသည့်အတွက် ဧပြီလ ၂ ရက်နေ့မှစတင်ကာ ထောင်နှင့်ချီသည့် ဒေသခံများ မြို့မှ တိမ်းရှောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
ထိုနေ့က မိုးမောက်မြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာရှိ ကျောက်စခန်း၊ နောက်တစ်နေ့တွင် မလှမ်းမကမ်းရှိ မိုင်ဆပ်ကောက်စခန်းကို သိမ်းလိုက်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အဆိုပါ စခန်းနှစ်ခု သိမ်းပိုက်ခံရပြီးနောက် မြို့အနီးတစ်ဝိုက်တွင် KIA တပ်အင်အား ပိုမိုများပြားလာပြီး မြို့တွင်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်လာကြသည်ဟု မိုးမောက်မြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“တိုက်ပွဲက တအားနီးကပ်နေပြီဆိုတော့ အပြေးအလွှား ရှောင်ကြရတာပေါ့၊ ဗန်းမော်ဘက်ကို ရှောင်တဲ့သူလည်းရှိတယ်၊ မြစ်ကြီးနားထိ ရှောင်တဲ့သူတွေလည်းရှိတယ် (မြို့ခံ) ထက်ဝက်လောက်ရှိတယ်။ တစ်နေ့က စရှောင်ကြတာ ကျွန်တော်တို့လည်း အခြေအနေကြည့်ပြီး ရှောင်ကြရမှာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ဗန်းမော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၁၀၀၀ ခန့်၊ အိမ်ခြေ ၂၀၀၀ နီးပါးခန့်ရှိကာ စစ်ကောင်စီ၏ အမှတ် (၄၃၇) ခြေလျင်တပ်ရင်း အခြေစိုက်ထားသည်။
ရက်ဆက်တိုက်ပွဲများနှင့် စခန်းများ သိမ်းယူမှု
မတ် ၇ ရက်မှ စတင်သည့် ကချင်ထိုးစစ်အတွင်း မိုးမောက်မြို့၏ မြောက်ဘက် ဗန်းမော်-မြစ်ကြီးနားလမ်းနှင့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်။
မြို့အရှေ့ဘက်တွင် KIA တပ်များရောက်ရှိလာသသလို မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာထိ KIA တပ်များ ရောက်ရှိနေရာယူထားသည်ဟု ဒေသခံတချို့က ပြောသည်။
မြို့တွင်းရှိ ခလရ (၄၃၇) စစ်ကောင်စီတပ်မှာ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့်အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လေကြောင်းမှ စစ်ကူအင်အားများကို မိုးမောက်မြို့သို့ ပို့ဆောင်နေသည်ဟု အသက် ၄၀ ကျော်အရွယ် မိုးမောက်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
၎င်း၏ မိသားစုကို ပိုမိုလုံခြုံသည့် ဗန်းမော်မြို့သို့ ပို့ဆောင်ထားသည်ဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။
“မြို့မြောက်ဘက်က သင်္ချိုင်းနားထိတောင် (KIA) သူတို့ ရှိနေပြီ၊ မြောက်ဘက်တစ်ကြောလုံးလည်း အရပ်အခေါ်ဆိုရင် စိမ်းနေပြီပေါ့ဗျာ၊ ရောက်နေကြပြီဆိုတော့ အားလုံးကလည်း စိုးရိမ်တာပေါ့၊ ဒီနေ့တိုက်မလား၊ နောက်နေ့တိုက်မလား၊ ဘယ်သူမှ မပြောနိုင်ဘူး” ဟု အထက်ပါ မြို့ခံ အမျိုးသားက ပြောသည်။
မြို့နားကပ်လာသည့် KIA နှင့် ပူးပေါင်းတပ်များ မြို့တွင်းသို့ ဝင်မလာနိုင်ရေးအတွက် စစ်ကောင်စီ လေတပ်က နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေသလို မြို့တွင်းရှိ ခလရ (၄၃၇) ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံတချို့က ပြောသည်။
“လေယာဉ်ကတော့ ဒီမနက်လည်း လာကြဲတယ်၊ မနေ့ကလည်း သုံးခါတောင်မှ လာကြဲသွားတယ်၊ Y 12 လေယာဉ်နဲ့။ မနေ့ကတည်းက သိမ်းခံထားရတဲ့ ကျောက်စခန်းဘက်ကို ကြဲနေတယ်၊ ဒီမနက်လည်း ပြန်ကြဲတာ အိမ်တစ်အိမ် မီးလောင်သွားတယ်” ဟု အထက်ပါ မြို့ခံအမျိုးသားက ယနေ့ (ဧပြီ ၄) တွင် ပြောသည်။
ထို့ပြင် မြို့တွင်းရှိ ခလရ (၄၃၇) တပ်က လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေရာ ယမန်နေ့ညက မိုးမောက်မြို့ မန်တုံရပ်ကွက်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့သည်၊ ထိခိုက်၊ ဒဏ်ရာရသူ မရှိဟု သိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသည်။
မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကို KIA က ထိန်းချုပ်ထားပြီး မြို့အနီးရှိ ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။
KIA ၏ ထိုးစစ်အတွင်း မြို့ခံပြည်သူများ ထိခိုက်မှုမရှိစေရေးအတွက် တိုက်ပွဲများမဖြစ်မီ ပြောင်းရွှေ့ကြရန် KIA က တိုက်တွန်းလေ့ရှိသည်။ ပြီးခဲ့သည့်ရက်အတွင်း လွယ်ဂျယ်ဒေသခံများ မြို့မှ စွန့်ခွာခဲ့သလို မြစ်ကြီးနားမြို့အနီးရှိ အကျဲကျေးရွာမှ ဒေသခံများကိုလည်း KIA က ပြောင်းရွှေ့ခိုင်းထားသည်။
မတ် ၇ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းများနှင့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စခန်းများ စသည့် စစ်ကောင်စီစခန်းပေါင်း ၆၀ ကျော်ကို သိမ်းပိုက်ထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။