
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်မြို့ အထက်တန်းကျောင်းအနီး တပ်စွဲထားသည့် ခြေလျင်တပ်ရင်း (ခလရ) ၁၄၂ လက်အောက်ခံ စစ်သားတချို့ ယမန်နေ့ (ဧပြီ ၈) ညပိုင်းက စခန်းစွန့်ခွာသွားပြီးနောက် KIA က မြို့တွင်း နယ်မြေရှင်းလင်းနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ရဲတွေလည်း မရှိတော့ဘူး။ စစ်သားတွေလည်း မရှိတော့ဘူး။ အခုတော့ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ အခုက လွယ်ဂျယ်တစ်မြို့လုံးကိုတော့ ကျွန်တော်တို့ KIO က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ယနေ့ ပြောသည်။
“ကျွန်တော်တို့ အုပ်ချုပ်တဲ့ အနေအထားလောက် ရှိပါပြီ။ အခုလောလောဆယ်ကတော့ စစ်ကောင်စီတပ် ကင်းစင်သွားပါပြီ”
မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းရှိ ယောယုံ၊ စိန်လုံ စသည့် ဗျူဟာစခန်းပေါင်း ၁၀ ခုဝန်းကျင်ကို KIA နှင့် ပူးပေါင်းတပ်များက မတ် ၂၇ ရက်မှ ဧပြီ ၁ ရက်အတွင်း တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် လွယ်ဂျယ်မြို့စောင့်တပ်စခန်းတစ်ခုသာ ကျန်ရှိခဲ့ရာမှ ထိုစခန်းမှ စစ်သားများ ယမန်နေ့ ညက ထွက်ခွာသွားခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲများကြောင့် လတ်တလော ကုန်သွယ်ရေးများ ရပ်တန့်နေသော်လည်း မကြာမီ ပြန်လည်လည်ပတ်သွားမည်ဖြစ်သလို မကြာခင်ရက်ပိုင်းအတွင်း အရပ်ဘက်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းတချို့ ပြန်လည်စတင်နိုင်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“(ကုန်သွယ်ရေးက) လောလောဆယ်ကတော့ ရပ်တန့်နေပါတယ်။ စတော့ မစရသေးပါဘူး။ သက်ဆိုင်ရာဌာနတွေ၊ လူကြီးတွေ နောက်ပိုင်းမှာ ပုံမှန်လည်ပတ်ဖို့ ရှိမှာပါ။ အခု လောလောဆယ်ကတော့ စစ်တပ်ကနေ ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ သဘောလောက်ပဲ ဖြစ်ပါတယ်။ မနက်ဖြန်၊ သန်ဘက်ခါတော့ တခြား အရပ်ဘက်ဝန်ထမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ပြန်စနိုင်မှာပါ” ဟု သူက ဆိုသည်။
လွယ်ဂျယ်မြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် အခွန်အခများစွာရရှိနိုင်သည့်အပြင် ရှမ်းပြည်နယ်နှင့်ပါ နီးစပ်သည့်အတွက် ဒေသတွင်း စီးပွားရေးအရ အရေးပါသည့် မြို့ဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ရုပ်သံမှတ်တမ်းများအရ ဧပြီ ၅ ရက်ကတည်းက တရုတ်-မြန်မာနယ်စပ်အနီး KIA က ကချင်အလံ လွှင့်ထူထားသည်၊ နယ်စပ်ဂိတ်တွင်လည်း နိုင်ငံတော်အလံများ ဖြုတ်ထားကာ အနီးရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင်လည်း KIA က သိမ်းပိုက်စိုးမိုးထားပြီးဖြစ်ကြောင်း ကချင်၊ မြန်မာ နှစ်ဘာသာဖြင့် စာများ ကပ်ထားသည်။ သိမ်းပိုက်ရရှိသော တပ်စခန်းများရှင်းလင်းနေမှုများကိုလည်း တွေ့ရသည်။
တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်နှင့် ကပ်လျက်တည်ရှိသော လွယ်ဂျယ်မြို့တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းကို ၁၉၉၈ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၆ နှစ်ကြာ စစ်တပ်ထိန်းချုပ်မှု အဆုံးသတ်ခဲ့ပြီဖြစ်သည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တရုတ်-မြန်မာ ကုန်သွယ်မှုပမာဏသည် နှစ်စဉ် ဒေါ်လာ သန်း ၁၄၀ မှ ၂၁၅ သန်းကြားရှိသည်၊ ပြီးခဲ့သည့် ၂၀၂၃ ဧပြီလမှ ယခုနှစ် ဖေဖော်ဝါရီအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၂၀ နီးပါးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
KIA နှင့် နီးစပ်သူ ကချင်ဒေသခံ အမျိုးသားတစ်ဦး၏ ပြောဆိုချက်အရ ယမန်နေ့ ည ၁၀ နာရီခန့်က ခလရ (၁၄၂) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး KIA ထံ လက်နက်ချပြီး တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်သွားကြသည်ဟု ဆိုသည်။
“လွယ်ဂျယ်က မနေ့ည ၁၀ နာရီက တရုတ်က တံခါးဖွင့်ပေးလိုက်တယ်။ စစ်သားတွေ၊ သူတို့မိသားစုတွေ အဲဒီကနေ အားလုံးဝင်သွားတယ်။ ဒါပေမဲ့ လက်နက်နဲ့ ငွေကြေးကတော့ မယူသွားရဘူး။ (ယွမ်) ငွေကတော့ ၁၀,၀၀၀ ကျော် အပေါက်ဝမှာ ထားခဲ့တယ်၊ အဲဒါတွေ KIA ယူလိုက်ပြီ။ လက်နက်တွေလည်း အားလုံးသိမ်းလိုက်တယ် KIA က” ဟု အဆိုပါ ဒေသခံက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူကမူ စစ်ကောင်စီတပ်များ ထွက်ခွာသွားသည့် လမ်းကြောင်းကို မသိရသေးဘဲ ဆက်လက် ခြေရာခံ စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
ဧပြီ ၁ ရက် နံနက်ပိုင်းတွင် စစ်ရေးအရ ဗျူဟာကျသော စိန်လုံစစ်တပ်စခန်းကုန်းကို သိမ်းပိုက်နိုင်ပြီးနောက် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတစ်လျှောက် KIA က စိုးမိုးထားကာ လွယ်ဂျယ်မြို့ကို ထိုစဉ်ကတည်းက ပိတ်ဆို့ထားနိုင်ခဲ့ပြီး ဖြစ်သည်။
ထို့နောက် မတ်လနှောင်းပိုင်းမှစ၍ လွယ်ဂျယ်မြို့ပေါ်မှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအားလုံး ပိတ်သိမ်းခဲ့သည်၊ ဝန်ထမ်းများနှင့် မြို့ခံတချို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ မြို့မှ တိမ်းရှောင်ခဲ့ကြသည်။

မတ် ၇ ရက်မှ စတင်သည့် ကချင်ထိုးစစ်အတွင်း မိုင် ၁၂၀ နီးပါးရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနှင့် မိုင် ၅၀ ကျော်ရှိသည့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
“မြစ်ကြီးနား-ဗန်းမော်ကားလမ်း၊ လွယ်ဂျယ်-ဗန်းမော် ကားလမ်းတွေ၊ လိုင်ဇာ၊ မိုင်ဂျာယန်ပတ်ဝန်းကျင်က တပ်စခန်းတွေကတော့ ကျွန်တော်တို့ အကုန်လုံး ရှင်းနိုင်ပါပြီ။ ဒါပေမဲ့ စကစတပ်စခန်းတွေ အများကြီး ကျန်ပါသေးတယ်။ ဒါကြောင့် စစ်ရေးအခြေအနေကတော့ တင်းမာတဲ့အနေအထား ဖြစ်ပါတယ်။ တိုက်ပွဲတွေလည်း ဆက်ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယနေ့နံနက်ကလည်း ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နန့်ယားရွာတွင် အခြေစိုက်ထားသည့် စစ်တပ်ကို ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များကို ထောက်ခံအားပေးသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒီမနက် ၅ နာရီကျော်ကနေစပြီး ကျွန်တော်တို့ဘက်က လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ စပစ်ပြီး အပြန်အလှန်စပစ်ကြတယ်၊ ကျွန်တော်တို့ဘက်က ထိုးစစ်စတာပေါ့။ မနက်ပိုင်းအထိကို လေယာဉ်နဲ့ နှစ်ခါလာပစ်သွားပြီ” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်အထိ နန့်ယားရွာတွင် တိုက်ပွဲများ ဆက်ဖြစ်ပွားနေဆဲဖြစ်သလို ဖားကန်မြို့ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာရှိ ဆယ်ဇင်းရွာတွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။
ကချင်ထိုးစစ်အတွင်း တိုက်ပွဲအဖြစ်များဆုံးမြို့နယ်များမှာ ဝိုင်းမော်၊ မိုးမောက်နှင့် ဖားကန့်မြို့နယ်တို့ဖြစ်ပြီး ယနေ့အထိ စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်သည်ဟု သိရသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေရာ ကချင်ဒေသအပါအဝင် တရုတ်နှင့် နယ်မြေထိစပ်နေသော ဒေသများအထိပါ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကို KIA က ထိန်းချုပ်ထားပြီး မြို့အနီးရှိ ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။
မတ် ၇ မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းများနှင့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စခန်းများ စသည့် စစ်ကောင်စီစခန်းပေါင်း ၆၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
မြောက်ပိုင်းအဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်နယ်စပ်ရှိ မြို့များကို သိမ်းပိုက်ခဲ့ရာ ထိုမြို့များသည်လည်း တော်လှန်ရေးအင်အားစုလက်အောက်သို့ ကျရောက်ခဲ့ပြီး လူအဝင်အထွက်နှင့် ကုန်သွယ်မှုပြန်စရန် တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်နှင့် ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်နှစ်ခုကို ကိုးကန့်တပ် (MNDAA) က ယခုနှစ် မတ် ၁၁ ရက်တွင် ပြန်ဖွင့်ပေးခဲ့သည်။
နောက်ထပ်အရေးပါသည့် မူဆယ်မြို့၊ ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်ကိုလည်း မြောက်ပိုင်းမဟာမိတ်တပ်များက ပိတ်ဆို့ထားရာ စစ်ကောင်စီထိန်းချုပ်နိုင်သည်က ကန်ပိုက်တီးကုန်သွယ်ရေးစခန်းတစ်ခုသာ ကျန်ရှိတော့သည်။
