သတင်း

တရုတ်နယ်စပ်ဂိတ်နှစ်ခုကို MNDAA ပြန်ဖွင့်ပေး

၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ပိတ်ထားသည့် တရုတ်နယ်စပ် ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ် ဂိတ်နှစ်ခုကို ကိုးကန့်တပ် (MNDAA) က မတ် ၁၁ ရက်တွင် ပြန်ဖွင့်ပေးလိုက်သည်။

လူအဝင်အထွက်နှင့် ကုန်သွယ်မှုပြန်စရန် တရုတ်နယ်စပ် ချင်းရွှေဟော်နှင့် ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်နှစ်ခုကို ကိုးကန့်တပ် (MNDAA) က ယခုနှစ် မတ် ၁၁ ရက်တွင် ပြန်ဖွင့်ပေးလိုက်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA, တအာင်းတပ် TNLA, ရက္ခိုင့်တပ်တော် AA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကြီးငယ်နှင့် မြို့အများအပြားကို တိုက်ခိုက်သိမ်းပိုက်ကာ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါဆုံးဖြစ်သော နယ်စပ်ကုန်သွယ်ရေးစခန်းများကို ထိန်းချုပ်ထားသည်။

တရုတ်ကြားဝင်စေ့စပ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ရန် သဘောတူပြီး နှစ်လအကြာတွင် နှစ်စပ်ဂိတ်နှစ်ခုကို ရုတ်တရက် ပြန်ဖွင့်ပေးလိုက်သည်ဟု MNDAA တပ် သတင်းပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းက ပြည်တွင်းသတင်းဌာနများကို အတည်ပြုသည်။

နိုဝင်ဘာ ၂၀ ရက်နေ့က ကိုးကန့် ရှောက်တင့်ပါးစခန်းကို MNDAA သိမ်းယူခဲ့စဉ်။ (ဓာတ်ပုံ-The Kokang)

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့သည် မတ်လဆန်းက တွေ့ဆုံဆွေးနွေးပြီး ထိုဆွေးနွေးပွဲတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်ရန်၊ ကုန်သွယ်မှုများတွင် မြောက်ပိုင်းမဟာမိတ်တပ်များ ဦးဆောင်အခွန်ကောက်ခွင့်တို့ကို သဘောတူညီမှု ရခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

စစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက နယ်စပ်ဂိတ်များ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်မှုတို့သည့် တရုတ်အစိုးရနှင့် စစ်ကောင်စီလက်ထဲတွင်သာ ရှိနေသေးသည်ဟု တုံ့ပြန်ခဲ့သော်လည်း မြောက်ပိုင်းတပ်များရမည့် အခွန်အခများနှင့် ပတ်သက်၍မူ နှုတ်ဆိတ်နေသည်။

မြန်မာ-တရုတ်နယ်စပ်ဖြတ်ခွင့်လက်မှတ်ဖြင့် လူအဝင်အထွက်ခွင့်ပြုပြီး ကုန်သွယ်မှုပြန်ဖွင့်မည်ဆိုသော်လည်း MNDAA နှင့် စစ်ကောင်စီတို့ကို အခွန်ပေးဆောင်ရမည့်အခြေအနေ၊ ပို့ကုန်သွင်းကုန်လိုင်စင်ကိစ္စများမှာ မရှင်းလင်းကြောင်း အမည်မဖော်လိုသည့် နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

“နှစ်ဦးနှစ်ဖက် အခွန်ဘယ်လိုယူမလဲ။ ပွင့်ပွင့်လင်းစာထုတ်ပြီး အဲ့ဒီအခွန်နှုန်းထားအတိုင်း ယူမယ်ဆိုရင် လူတွေက သွားမယ်လို့ထင်တယ်။ လက်ရှိက မူဆယ်ပြီးရင် ချင်းရွှေဟော်က ဒုတိယအကြီးဆုံးဆိုတော့ အခွန်ပွင့်ပွင့်လင်းလင်းဆောင်လို့ရတယ်။ သွားလို့ရတယ်ဆိုရင် သွားကြမှာပဲ” ဟု သူက ပြောသည်။

သို့သော် ၁၀၂၇ စစ်ဆင်ရေးအတွင်း တံတားများအချိုးခံရပြီး လမ်းကြောင်းများပြတ်တောက်ခဲ့သဖြင့် ကုန်တင်ယာဉ်ကြီးများသွားလာရန် ခက်ခဲဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ချင်းရွှေဟော်နယ်စပ်ပြန်ဖွင့်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကလည်း အမိန့်ထုတ်ပြန်ခြင်းမရှိသေးသလို မြန်မာဘက်မှ ပို့ကုန်သွင်းကုန်များကို တရုတ်အစိုးရက မည်ကဲ့သို့ စိစစ်လက်ခံမည်ကို မသိရသေးသဖြင့် ဒေသတွင်းကူးသန်းမှုသာ အဆင်ပြေဦးမည်ဟု မန္တလေမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

“တစ်ဆွဲတစ်ပိုးလောက်ပဲပေါ့။ တရုတ်က ယွမ် ၈၀၀၀ ဖိုးအထိ ခွင့်ပြုထားတယ်။ ဘာဂျူတီမှမရှိဘူးလေ။ ကားတစ်စီးစာဆိုရင် လူလေးငါးဆယ်ယောက် ပေါင်းမယ်။ သွင်းလိုက်မယ်။ အဲ့ဒါဆိုရင် တရုတ်ဘက်က ဘာစာရွက်စာတမ်းအထောက်ထားမှ မလိုတော့ဘူးလေ” ဟု ၎င်းက ပြောသည်။

MNDAA နှင့် စစ်ကောင်စီတို့ကြား နယ်စပ်ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန်နှင့် လိုင်စင်ခွင့်ပြုမှုများကို မည်သို့ခွဲဝေကျင့်သုံးမည်ကို MNDAA သတင်းပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) ဂိတ်များကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီးနောက် တအာင်းတပ် TNLA က ၎င်းတို့ထိန်းချုပ်ထားသည့်  မြန်မာ-တရုတ်ကုန်သွယ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

အမြန်ဆုံးပြန်ဖွင့်နိုင်ရန် တရုတ်အစိုးရနှင့် နှစ်ဖက်ညှိနှိုင်းနေသည်ဟု တအာင်းတပ် TNLA ၏ ပြောခွင့်ရ ဗိုလ်ယေဦးက ဆိုသည်။

“လတ်တလောအချိန်ထိ ပြန်မဖွင့်နိုင်သေးပါဘူး။ ပြန်ဖွင့်နိုင်အောင် နှစ်ဖက်ညှိနှိုင်းနေတာမျိုးရှိပါတယ်။ အချိန်ကတော့ ကန့်သတ်ထားတာမျိုးမရှိဘူး။ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA သည် ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) ကုန်သွယ်ရေးမြို့များနှင့် သိန္နိ၊ မုံးကိုး၊ ကွတ်ခိုင်၊ ကုန်ကြမ်း၊ လောက်ကိုင်မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

တအာင်းတပ် TNLA သည် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါဝင် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းငေါ့၊ မိုင်းလုံး၊ နမ္မတူ၊ ကွတ်ခိုင်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဟိုပန်နှင့် ပန်လုံမြို့များကိုမူ ဝတပ်ဖွဲ့ထံ လွှဲပေးခဲ့သည်။

မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကစခန်း ၅ ခုရှိသည့်အနက် မူဆယ်၊ ချင်းရွှေဟော်ကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်ရှိ ကန်ပိုက်တီးတွင် တိုက်ပွဲများပြင်းထန်နေ၍ သွားလာမရဖြစ်နေရာ လွယ်ဂျယ်နှင့် ကျိုင်းတုံ (မိုင်းလား) ကို ပိုမိုအားပြုလာရသည်ဟု သိရသည်။

နယ်စပ်ဂိတ်များပြန်ဖွင့်ရာတွင် စစ်တပ်နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ကို အခွန်နှစ်ဆင့်ပေးရသည့် မိုင်းလားကုန်သွယ်ရေးလမ်းကြောင်းကဲ့သို့ မူဆယ်နှင့် ချင်းရွှေဟော်ဘက်တွင်လည်း စစ်ကောင်စီနှင့် မြောက်ပိုင်းအဖွဲ့များကို အခွန်နှစ်ဆင့်ပေးဆောင်ရဖွယ်ရှိကြောင်း ကုန်သည်များက ဆိုသည်။

Show More

Related Articles

Back to top button