လွယ်ဂျယ် သို့မဟုတ် စစ်ကောင်စီ လက်လွတ်ဆုံးရှုံးခဲ့ရပြန်သည့် နောက်ထပ် တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့
မြန်မာပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကို အလုံးစုံသိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်က အတည်ပြုပါတယ်။ ဒါဟာ စစ်ကောင်စီအတွက်တော့ တရုတ်နဲ့နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့ နောက်ထပ် နယ်စပ်မြို့တစ်မြို့ကို လက်လွတ်ဆုံးရှုံးရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကျန်ဖုန်းမြို့နယ်နဲ့ ကပ်နေတဲ့ လွယ်ဂျယ်မြို့က နယ်စပ်ကုန်သွယ်ရေးစခန်းကို ၁၉၉၈ ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုတော့ ၂၆ နှစ်ကြာစစ်တပ်ထိန်းချုပ်မှု အဆုံးသတ်သွားခဲ့ပါပြီ။ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေအရ လွယ်ဂျယ်မြို့အခြေစိုက် ခလရ ၁၄၂ တပ်ရင်းကိုလည်း KIA တပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးတွေလုပ်နေတာ တွေ့ရပါတယ်။ မနေ့ ဧပြီလ ၈ ရက်နေ့မှာ လက်ကျန်စစ်တပ်ကောင်စီတပ်ဖွဲ့တွေအားလုံး မြို့ကို စွန့်ခွာသွားတာကြောင့် အခုဆိုရင် လွယ်ဂျယ်မြို့မှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီး တစ်မြို့လုံးဟာ KIA အုပ်ချုပ်မှုအောက် ရောက်ရှိသွားပြီလို့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်