
သီတင်းတစ်ပတ်ကျော်ကြာတိုက်ခိုက်ခဲ့ရသည့် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်များက ယနေ့ နံနက်အစောတွင် သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၉ ရက်မှ စတင်၍ ဖားကန့်မြို့ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင်ရှိပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ဆယ်ဇင်းရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး ထိုနေ့မှာပင် ရဲ ၂၃ ဦး လက်နက်ချခဲ့၍ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ရွာအနီးရှိ ကုန်းတစ်ခုပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရွာတွင်းရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို KIA,KPDF ပူးပေါင်းတပ်က ဆက်လက်တိုက်ခိုက်နေရာ ဧပြီ ၂၀ နှင့် ၂၁ ရက်တို့တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှ စတင်၍ တစ်နေ့လုံး တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် ည ၇ နာရီခန့်တွင် ရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှ စစ်သားများ ဆုတ်ခွာသွားရာ လက်ကျန်စစ်တပ်စခန်းကုန်းကို ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။
ယနေ့နံနက် ၁ နာရီခန့်တွင် အဆိုပါ စခန်းကုန်းမှာ စစ်ကောင်စီတပ်များလည်း စခန်းစွန့်ခွာသွားသည့်အတွက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် KPDF တာဝန်ခံက ပြောသည်။
“ဘုန်းကြီးကျောင်းကို ၇ နာရီလောက်မှာ ရပြီးတော့ စစ်တပ်ကုန်းကိုတော့ အခုမှရတာ၊ ကိုယ့်ဘက်က နည်းနည်းပါးပါး ပွန်းရှတာလောက်ပဲရှိမယ်။ သူတို့ဘက်ကတော့ အလောင်းမရဘူး ဒဏ်ရာတော့ တော်တော်များများ ရကြမယ်၊ (စခန်းထဲမှာ) ကျွန်တော်တို့ သွေးတွေ၊ ဆေးတွေ အများကြီးတွေ့ရတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ယနေ့နံနက် ၁ နာရီခန့်တွင် ပြောသည်။
အဆိုပါ စခန်းနှစ်ခု စွန့်ခွာသွားသည့် စစ်ကောင်စီတပ်အင်အားမှာ ၇၀ ခန့်ရှိပြီး ဆယ်ဇင်းရွာနှင့် တစ်မိုင်ခန့်ဝေးပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိသည့် ရွှေတွင်းရွာသို့ ဆုတ်ခွာသွားသည်ဟု သိရသည်။
အဆိုပါ ရွာတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းရှိပြီး စစ်တပ်စခန်းမှ တပ်ရင်းမှူးအပါအဝင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များအားလုံးနီးပါးမှာ အဆိုပါ စခန်းသို့ သွားရောက်ပူးပေါင်းခဲ့သည်ဟု KPDF ဘက်က ဆိုသည်။
“သူတို့ ဒဏ်ရာလည်း တော်တော်များများရသွားကြတော့ ရှမ်းနီဘက်ကနေ ကားတွေနဲ့ လာသယ်ကြတယ်၊ အဲဒီကားကိုလည်း ဒရုန်းမိုင်းနဲ့ ထပ်ချတာ ထပ်ထိတယ်” ဟု KPDF တာဝန်ခံက ပြောသည်။

လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသော်လည်း စခန်းရှင်းလင်းရေးလုပ်နေဆဲဖြစ်သည့်အတွက် အတိအကျမသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ရပ်ကွက်များဖြင့် ဖွဲ့စည်းထားသည့် ဆယ်ဇင်းရွာတွင် အိမ်ခြေ ၇၀၀ ကျော် ရှိပြီး တိုက်ပွဲဖြစ်နေစဉ်ရက်များအတွင်း ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့က ရွာအတွင်း မီးရှို့ခဲ့သည့်အတွက် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု သိရသည်။
၂၀၂၂ ဩဂုတ်ပထမပတ်ကလည်း KIA နှင့် တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းမှ ဗုံးကြဲခဲ့ပြီး နောက်တစ်နေ့တွင် စစ်တပ်နှင့် SNA တို့ မီးရှို့မှုကြောင့် အိမ်ခြေ ၂၀၀ မှ ၄၀၀ ကြား မီးလောင်ပျက်စီးခဲ့ကာ လူတချို့လည်း သတ်ဖြတ်ခံရသည်ဟု ဒေသခံများက ထိုစဉ်က ပြောထားကြသည်။
ဆယ်ဇင်းရွာမှ ဒေသခံအားလုံးနီးပါးမှာ တိုက်ပွဲစတင်ဖြစ်ပွားသည့် ဧပြီ ၉ ရက်မှ စတင်ကာ တိမ်းရှောင်ခဲ့ကြပြီး ဟောင်ပါး၊ တာမခန်နှင့် ဖားကန့်မြို့သို့ ရောက်ရှိနေကြသည်ဟု ဖားကန့်ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“စခန်းသိမ်းပြီးပြီဆိုပေမဲ့ ချက်ချင်းကြီးတော့ ပြန်ကြဦးမှာမဟုတ်သေးဘူး၊ လေကြောင်းက လာမှာကို ကြောက်နေကြမှာပဲ၊ အရင်တစ်ခါလို စစ်တပ်က ပြန်သိမ်းရင်လည်း တိုက်ပွဲပြန်ဖြစ်ရင် ဖြစ်နိုင်တယ်” ဟု အဆိုပါ ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာရာ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာတွင် ၂၀၂၁ ခုနှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ နှစ်လယ်မှစ၍ တိုက်ပွဲများ ဆက်တိုက် ပြန်ဖြစ်လာသည်။
မတ် ၇ ရက်မှ စတင်သည့် ကချင်ထိုးစစ်အတွင်း မိုးမောက်နှင့် ဝိုင်းမော်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၇၀ ခန့်ကို KIA က သိမ်းပိုက်ကာ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့သလို ဖားကန့်မြို့သို့ ဝင်ရောက်နိုင်သည့် အဓိကလမ်းမကြီးသုံးခုပေါ်ရှိ စစ်ကောင်စီစခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ဧပြီ ၉ ရက်က ဆယ်ဇင်းရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ကျော်ခန့်အကွာတွင်ရှိသည့် နန့်ယားစခန်းတို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နန့်ယားစခန်းကို ဧပြီ ၁၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
