သတင်း

ဖားကန့် ဆယ်ဇင်းရွာကို စစ်တပ် မီးရှို့ ပစ်ခတ်၊ ဒေသခံအချို့သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကို စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းအဖွဲ့က ယနေ့ (ဩဂုတ် ၁၀) နံနက်မှ စတင်၍ မီးရှို့နေသည့်အတွက် နေအိမ်ရာနှင့်ချီ မီးလောင် ပျက်စီးနေပြီး လူတချို့သေဆုံးသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့က ဆယ်ဇင်းရွာရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က စခန်းအပြင်ဘက် လူနေအိမ်များကို လေကြောင်းမှ ဗုံးကြဲခဲ့ကာ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုနေ့ညတွင် KIA တပ်များ ဆုတ်ခွာသွားပြီးနောက် ရွာအတွင်းဝင်လာသည့် စစ်ကောင်စီနှင့် SNA တပ်များက ယနေ့ နံနက် ၁ နာရီမှ စတင်၍ ရွာကို မီးရှို့နေခြင်းဖြစ်သည်ဟု ဆယ်ဇင်းဒေသခံများက ပြောသည်။

“အရင်တစ်ခေါက်လာကတည်းက နောက်တစ်ခါဆိုရင် ဒီရွာကို မီးရှို့ပစ်မယ်ဆိုပြီး ကြိမ်းထားကြတာ၊ အဲဒီတည်းက ကျွန်တော်တို့မှာ စိုးရိမ်စိတ်ရှိခဲ့တယ်” ဟု အသက် ၄၀ ခန့်ရှိသည့် ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ညနေ ၅ နာရီခန့်တွင် ရဟတ်ယာဉ်နှင့် ရောက်လာသည့် စစ်ကောင်စီတပ်သားတို့က SNA နှင့် ပူးပေါင်းကာ KIA တပ်ကို ရင်ဆိုင်ခဲ့သည်။

 ည ၇ နာရီခန့်တွင် KIA တပ် စတင်ဆုတ်ခွာခဲ့ပြီး ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဆယ်ဇင်းရွာ ရပ်ကွက် ၅ ရှိ နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့သည်။

ယမန်နေ့က တစ်နေကုန်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်လေယာဉ်က ၈ ကြိမ်ထက်မနည်း လာရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

KIA တပ် ဆုတ်ခွာသွားသည့်အတွက် စစ်ကောင်စီတပ်နှင့် SNA တပ်များ ရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ မီးငြှိမ်းနေသည့် ပြည်သူအချို့နှင့် မီးသတ်ကားကို ခြောက်လှန့်ပစ်ခတ်ကြောင်း ဒေသခံ အမျိုးသား နောက်တစ်ဦးက ပြောသည်။

ယနေ့နံနက် ၁ နာရီခန့်မှစတင်ကာ ဆယ်ဇင်းရွာ၏ ရပ်ကွက် ၅ နှင့် ရပ်ကွက် ၄ တို့ကို စတင်မီးရှို့ခဲ့သည်ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“ရဲစခန်းနဲ့ နီးတဲ့ အိမ်တွေ အရင်စရှို့တယ်၊ နောက် ဘုန်းကြီးကျောင်းနားတွေ ရှို့တယ်၊ အောက်ကျင်းက ဈေးအလယ်တန်းကို ရှို့တယ်။ သုံးနေရာလောက်ရှို့တယ်ဆိုတော့ မီးက မြိုင်သွားတာပေါ့။ သွားငြှိမ်းလို့လည်း မရဘူး။ ငြှိမ်းရင် ပစ်မယ်ဆိုတော့” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

တစ်ရွာလုံးနီးပါး မီးလောင်နေသည့်အတွက် နံနက် ၄ နာရီခန့်မှစတင်ကာ ဒေသခံအများစုမှာ ဆယ်ဇင်းနှင့် မိုင် ၂၀ ခန့်ဝေးသည့် ဟောင်ပါးနှင့် တာမခန်းကျေးရွာများဘက်သို့ တိမ်းရှောင်သွားကြသည်ဟု သိရသည်။

ရွာမှ ထွက်ခွာရန် ကြိုးစားနေသည့် ဒေသခံများကို စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်နေသည့်အတွက် ဒေသခံ ၉ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဆယ်ဇင်းဒေသခံများက ခန့်မှန်းသည်။

“၆ နာရီလောက်မှာ မိသားစုတစ်စုပေါ့၊ လင်မယားရယ် ကလေးလေးရယ်ပေါ့။ သုံးယောက် ထွက်လာတာ၊ လှမ်းအပစ်ခံရလို့ သုံးယောက်လုံး ဆုံးသွားတယ်” ဟု ဆယ်ဇင်းဒေသခံ အထက်ပါ အမျိုးသားက ပြောသည်။

ရွာအတွင်း အခြားပစ်ခတ်သတ်ခံရသူလည်း ၆ ဦးထက်မနည်းရှိနေပြီဟု ဒေသခံအချို့က ပြောသည်။ သေဆုံးမှုများနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆယ်ဇင်းရွာတွင် အိမ်ခြေ ၇၀၀ ကျော် ရှိပြီး မီးရှို့ခံရမှုကြောင့် ယနေ့နံနက် ၉ နာရီခန့်အထိ အိမ်ခြေ ၂၀၀ မှ ၄၀၀ ကြား မီးလောင်ပျက်စီးနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသည်။

ဒေသခံအများစု ဟောင်ပါးနှင့် တာမခန်းရွာများသို့ ရောက်သွားသော်လည်း ရဲစခန်းအနီးရှိ သာသနာ့ပါလဘုန်းကြီးကျောင်းထဲတွင် တိမ်းရှောင်နေသည့် ဒေသခံ ၂၀၀ ခန့်မှာ စစ်ကောင်စီတပ်က ထွက်ခွင့်မပေးသည့်အတွက် ပိတ်မိနေသည်ဟု သိရသည်။

“အခုဘုန်းကြီးကျောင်းကနေကို အထွက်မခံတာတဲ့၊ ဘုန်းကြီးကျောင်းကနေထွက်တဲ့ ကျွန်မတို့နဲ့ အသိကောင်မလေးတစ်ယောက် သေသွားတယ်တဲ့၊ ပစ်သတ်လိုက်တာ၊ အခု ဘုန်းကြီးတွေ ထွက်လို့ မရတော့ဘူး” ဟု အသက် ၅၀ ခန့် ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

ရွာအတွင်း စစ်ကောင်စီတပ်နှင့် SNA တပ်များက ဆက်လက်တပ်စွဲထားပြီး နေအိမ်များကို မီးရှို့ဆက်ရှို့နေသည်ဟု ဒေသခံများက ဆိုသည်။

တိုက်ပွဲအခြေအနေနှင့် ရွာမီးလောင်မှုအတွက် မေးမြန်းလိုသော်လည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်၍ မရသေးသလို စစ်ကောင်စီကိုလည်း မေးမြန်းနိုင်ခြင်းရှိသေးပေ။

SNA  ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ဆယ်ဇင်းရွာ မီးရှို့မှုမှာ KIA နှင့် PDF များ၏ လက်ချက်ဟု ဆိုသည်။

“ကျွန်တော်တို့ မေးကြည့်တဲ့သူ တော်တော်များများကတော့ PDF နဲ့ KIA က ရှို့တာတဲ့။ အခုလည်း ရဲစခန်းမှာပဲ နေထားပြီး ပစ်နေခတ်နေကြတုန်းတဲ့။ သူတို့လည်း မဆုတ်ဘူးတဲ့” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက Myanmar Now ကို ပြောသည်။

၎င်းတို့တပ်များမှာ KIA နှင့် ဩဂုတ် ၈ ရက် တိုက်ပွဲပြီးနောက် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိဘဲ ၎င်းတို့ တပ်စွဲ ထားသည့် ဟုမ္မလင်းနယ်စပ်အနီးရှိ စခန်းငယ်တွင် ဆက်လက်တပ်စွဲထားသည်ဟု သူက ဆိုသည်။

ဒေသခံများ၏ အဆိုအရ ဇွန်လ ၂၈၊ ၂၉ ရက်များက ဆယ်ဇင်းရွာအတွင်း SNA တပ်က ဝင်ရောက် စစ်ဆေးခဲ့ပြီး နောက်တစ်ရက်တွင် KIA တပ်က ဆယ်ဇင်းရွာတောင်ဘက်၌ တပ်စွဲခဲ့သည့်အတွက် ဒေသတွင်း စစ်ရေးတင်းမာလာခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဆယ်ဇင်းကျေးရွာမှာ ကချင်ပြည်နယ် ဖားကန့်မြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နယ်စပ်တွင်ရှိပြီး ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က ဆယ်ဇင်းရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA က ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၁၆ မှ ၁၉ ရက်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပိတ်မိနေသည့် ၎င်းတို့စစ်ကြောင်းကို ကယ်တင်ရန်အတွက် လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲများ ပြီးသည့်နောက် ဆယ်ဇင်းရွာအရှေ့ဘက်ရှိ တာဝါတိုင်တောင်ကုန်းတွင် စစ်ကောင်စီတပ်က အင်အားဖြည့်တပ်စွဲခဲ့ပြီး ဩဂုတ် ၈ ရက်တွင် အဆိုပါ စခန်းကုန်းနှင့် SNA ဂိတ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာရာ ဖားကန့် မြို့နယ် ဆယ်ဇင်းရွာတွင် ပြီးခဲ့သည့်နှစ်တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုနှစ် ဇူလိုင်နှင့် ဩဂုတ်လများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်များ အုပ်ချုပ်သည့် စစ်တပ်က အရပ်သားများကို ပစ်သတ်ခြင်း၊ နေအိမ်မီးရှို့ ခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်နေခြင်းမှာ ရန်သူအင်အားကောင်းစေမည့် လမ်းကြောင်းများကို ဖြတ်တောက်လိုခြင်းကြောင့် ဖြစ်သည်ဟု လေ့လာသူတို့က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button