ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ မြို့နယ်မှူးတစ်ဦး စနေနေ့ (ဇွန်လ ၂၈ ရက်)တွင် သတ်ဖြတ်ခံခဲ့ရမှု၌ ပါဝင်သည်ဟု သံသယရှိသူတစ်ဦးကို ဖမ်းမိထားပြီး အဓိက တရားခံကို လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းမှ အရာရှိတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသူမှာ ဖားကန့်မြို့နှင့် သုံးမိုင်ခန့်အကွာ ဆိုင်းတောင်မြို့၏ မြို့နယ်မှူး အသက် ၄၀ အရွယ် ဆိုင်းအောင်နန် ဖြစ်ပြီး အလောင်းကို ၎င်း၏နေအိမ်ရှိရာ ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ရွာအနီးရှိ ကျောက်လုပ်ကွက်ဟောင်း ရေကန်တစ်ကန်ထဲတွင် ဓားဒဏ်ရာများဖြင့် ဇွန်လ ၂၉ ရက်တွင် တွေ့ရှိခဲ့သည်ဟု KIO၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (KIA) မှ ဒေသအရာရှိတစ်ဦးက ပြောသည်။
ဆိုင်းအောင်နန်၏ ဆိပ်မူကျေးရွာနေအိမ်သို့ ယင်းမတိုင်မီ ရှေ့တစ်ရက်တွင် ၎င်း၏ တပည့် မုန်းဂျက်အောင်အပါအဝင် လူနှစ်ယောက် ရောက်လာပြီး အမှုကိစ္စတစ်ခု ဖြေရှင်းပေးရန် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါ အရာရှိက ပြောသည်။
“မနက် ၃ နာရီကျော်လောက်မှာ သူ့တပည့် နှစ်ယောက်က အမှုတစ်ခုရှင်းစရာရှိတယ် လိုက်ခဲ့ပါဦးဆိုပြီး လာခေါ်သွားတာ။ မနေ့က မနက် ကျောက်လုပ်ကွက်ဟောင်း ရေကန်ထဲမှာ အလောင်းတစ်လောင်း ပေါ်နေတယ်ကြားလို့ သွားကြည့်တော့မှ မြို့နယ်မှူးအသတ်ခံထားရပြီး အလောင်းစွန့်ပစ်ထားမှန်း သိတာ” ဟု အထက်ပါ အရာရှိက ပြောသည်။
ဆိုင်းအောင်နန်ကို သတ်ဖြတ်သူများမှာ ၎င်းအား နေအိမ်မှ လာခေါ်သွားသည့် မုန်းဂျက်အောင်နှင့် အပေါင်းအပါများဖြစ်နိုင်ကြောင်းနှင့် အဓိက တရားခံဟု ယူဆရသူ မုန်းဂျက်အောင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု အဆိုပါအရာရှိက ပြောသည်။
လူသတ်မှုတွင် ပါဝင်သည်ဟု သံသယရှိသူတစ်ဦးကိုမူတော့ KIA က ယမန်နေ့ (ဇွန်လ ၂၉ ရက်) ညတွင် ဖမ်းမိထားပြီး စစ်ဆေးမေးမြန်းနေသည်ဟု ၎င်းက ပြောသည်။
“လူသတ်တရားခံလို့ ယူဆရတဲ့ သူ့တပည့် (မုန်းဂျက်အောင်) က အခုပျောက်နေတယ်။ လောင်းကစားလုပ်လို့ ငွေကြေးကိစ္စစကားများကြတယ်လို့ ယူဆရတယ်။ ဖားကန့်က ကျောက်ကျင်းကိစ္စ အစုရှယ်ယာဝေစုကိစ္စတွေ သပွတ်အူလိုက်နေတာ” ဟု အထက်ပါ KIA အရာရှိက ပြောသည်။
ဆိုင်းတောင်သည် ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် တည်ရှိပြီး လူဦးရေ တစ်သိန်းကျော် ရှိသည့် မြို့ဖြစ်သည်။ ဖားကန့်မြို့အနောက်ဘက်ရှိ ကျေးရွာများနှင့် ကျောက်စိမ်းလုပ်ကွက်များကို ပြီးခဲ့သည့်နှစ်လယ်ခန့်မှစတင်၍ KIA က ထိန်းချုပ်ထားပြီး ကျောက်စိမ်းမှ ရရှိသည့်အခွန်များကိုလည်း ထိုအဖွဲ့ကပင် အဓိကရရှိနေသည်။
အမှုအခြေအနေနှင့် ပတ်သက်၍ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် KIA/KIO တို့အကြား အာဏာလွန်ဆွဲပွဲများနှင့် မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားသလို မြေစာပုံပြိုကျမှုကြောင့် လူသေဆုံးမှုများလည်း မကြာခဏ ကြားရလေ့ရှိသည်။
ဇွန်လ၂၇ ရက်တွင် ဖားကန့်မြို့ အနောက်ဘက် နမ့်မှော်ရွာတွင် မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ အသက် ၂၀ မှ ၅၀ ကြားရှိသည့် အမျိုးသား ငါးဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်ဟု သိရသည်။
ဖားကန့်တွင် လတ်တလော တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ်က အင်အားဆက်တိုက် ဖြည့်နေသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်ကြောင်း ဖားကန့် အခြေစိုက် ကချင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF) တာဝန်ရှိသူတစ်ဦးကလည်း သတိပေးထားသည်။
လတ်တလော ကချင်ဒေသအချို့တွင် တိုက်ပွဲများ ငြိမ်သက်နေဆဲဖြစ်ပြီး ရွှေကူနှင့် ဗန်းမော်မြို့များတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။



