သတင်း

ဖားကန့်မှ အရေးပါသည့် နန့်ယားစစ်စခန်းကို KIA သိမ်း

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မြို့ကို ဝင်ရောက်နိုင်သည့် အဓိကလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်၏ နန့်ယားစခန်းကုန်းကို ယနေ့ နံနက် (ဧပြီ ၁၁ ရက်) အစောပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းနှင့် သုံ့ပန်းများ ဖမ်းဆီးရမိသည်ဟု သိရသည်။

ဧပြီ ၉ ရက်မှ စတင်ကာ ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင် ရှိသည့် နန့်ယားရွာမှ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်စခန်းတို့ကို KIA နှင့် ကချင်ဒေသအခြေစိုက် ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ထို့နေ့တွင် ပြည်သူ့စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် နန့်ယားစခန်းကို ဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ကလည်း နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲကာ အပြင်းအထန်ခုခံခဲ့သည်။ ယနေ့နံနက် ၆ နာရီခန့်တွင် အဆိုပါ နန့်ယား စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ (ဧပြီ ၁၀ ရက်) ညဦးပိုင်းမှ စတင်ကာ စခန်းခြံစည်းရိုးအနီး ဝင်ရောက်နိုင်ခဲ့ပြီး လက်တစ်ကမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်၊ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က လက်နက်ချခဲ့ပြီး ကျန်သည့် စစ်ကောင်စီတပ်များမှာ ထွက်ပြေးသွားကြသည်ဟု ရှေ့တန်းတွင် ဝင်ရောက်တိုက်ခိုက်နေသည့် KPDF တာဝန်ခံက ပြောသည်။

“တစ်ချို့တစ်ဝက်က ထွက်ပြေးသွားကြတယ်၊ တစ်ချို့တစ်ဝက်က လက်နက်ချလိုက်တယ်၊ ဝင်စီးပြီးတာနဲ့ ရှင်းလင်းရေးလုပ်တယ်။ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ တော်တော်ရလိုက်တယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

ဖမ်းဆီးရမိသည့် သုံ့ပန်းအရေအတွက်မှာ ၃၀ ခန့်ရှိသည်ဟု သိရသော်လည်း လူဦးရေနှင့် အသေးစိတ်အချက်အလက်များကို ပြန်စိစစ်ရဦးမည်ဟု ၎င်းက ပြောသည်။ ထိုစခန်းတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သား ၁၀၀ ခန့် စခန်းချနေထိုင်သည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း နန့်ယားစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များ မသိရသေးဟု ဆိုသည်။

နန့်ယားရွာသည် ဖားကန့်မြို့တွင်းသို့ ဝင်ရောက်နိုင်သည့် အဓိကလမ်းမကြီးသုံးခုထဲမှ တစ်ခုဖြစ်သည့် မြစ်ကြီးနား-ဖားကန့်လမ်းမကြီးပေါ်တွင် ရှိပြီး ဖားကန့်မြို့အဝင်အထွက် ယာဉ်များနှင့် လူများကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိသည့် စခန်းတစ်ခုဖြစ်သည်။

အဆိုပါ လမ်းပိုင်းသည် ပြည်နယ်မြို့တော် မြစ်ကြီးနားအပါအဝင် ကချင်နယ်ရှိ အခြားမြို့ကြီးများမှ ဖားကန့်မြို့သို့ ဝင်ရောက်နိုင်သည့် အဓိကလမ်းမကြီးဖြစ်သည်။ နန့်ယားစခန်းကို သိမ်းပိုက်နိုင်ခြင်းကြောင့် ဖားကန့်မှ ကာမိုင်းမြို့အထိ မိုင် ၃၀ ကျော်ရှည်သည့် လမ်းပိုင်းကို KIA က ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

တိုက်ပွဲအတွင်း KIA, KPDF ပူးပေါင်းတပ်များမှ တစ်ဦးကျဆုံးခဲ့သည်ဟု သိရသော်လည်း တိုက်ပွဲပြီးသည့်နောက် နှစ်ဖက်ထိခိုက်ကျဆုံးမှုများကို အတည်မပြုနိုင်သေးပေ။

နန့်ယားစခန်းကို စွန့်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀ နာရီခန့်တွင် အဆိုပါ စခန်းအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KPDF အဖွဲ့ထံမှ သိရသည်။

မတ်လမှ စတင်သည့် တိုက်ပွဲများတွင် ဖားကန့်မြို့၏ အဓိက အဝင်အထွက်လမ်းမကြီးများရှိ စစ်ကောင်စီခန်းများကို KIA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နေသည်။ တာမခန်စခန်း၊ ကသိုဏ်းတောင်စခန်း၊ ဝှေခါစခန်း၊ နန့်တိန်းစခန်း စသည့် စခန်းကြီးများနှင့် စခန်းငယ် ၁၀ ခုခန့်ကို သိမ်းပိုက်ထားနိုင်သည်။

သို့သော် ဖားကန့်မြို့တွင်းတွင် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းအပါအဝင် အဓိကစခန်းကြီးတချို့ ကျန်ရှိနေသေးကာ ဖားကန့်မြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

နန့်ယားစခန်းနှင့် တစ်ပြိုင်တည်းတိုက်ခိုက်နေသည့် ဆယ်ဇင်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု ဆယ်ဇင်းတိုက်ပွဲတွင် ဝင်ရောက်တိုက်ခိုက်နေသည့် KPDF တာဝန်ခံက ပြောသည်။

ဆယ်ဇင်းရွာသည် ဖားကန့်မြို့၏ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် ရှိပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နှင့် နယ်နိမိတ်ထိစပ်နေသည်။

လက်နက်ချမည်ဆိုသည့် သတင်းများကြောင့် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် အပစ်ရပ်ခဲ့သော်လည်း လက်နက်မချသည့်အတွက် ယနေ့နံနက် ၈ နာရီခန့်တွင် ပြန်လည်တိုက်ခိုက်နေသည်ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

“အခုလက်ရှိထိကတော့ ပစ်နေခတ်နေကြတုန်းပဲ၊ မနေ့က (လက်နက်ချမယ်) ထွက်မယ်ဘာညာဆိုပြီးတော့ ပြောတာရှိတော့ မနေ့ညနေက အပစ်ရပ်ထားတာ၊ ဒါပေမဲ့ ဒီနေ့မနက်တော့ ပြန်ဆော်နေကြပြီ” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

တိုက်ပွဲများကြောင့် ဧပြီ ၉ ရက်မှ စတင်ကာ ဆယ်ဇင်းရွာမှ ဒေသခံများ တိမ်းရှောင်နေရသလို နန့်ယား၊ ကပ်မှော်နှင့် ဆိုင်းဖရာရွာတို့မှ ဒေသခံ ၁၁၀၀ ကျော်မှာ နီးစပ်ရာ တောင်ယာများနှင့် မြစ်ကြီးနား ဖားကန့် စသည့်မြို့များတွင် တိမ်းရှောင်နေရသည်။

နန့်ယားစခန်း သိမ်းပိုက်နိုင်သော်လည်း နံနက် ၁၀ နာရီခန့်အထိ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည့်အတွက် ဒေသခံတချို့သာ ရွာတွင်းသို့ ပြန်ရောက်နိုင်သေးသည်ဟု နန့်ယားရွာအတွင်း ရောက်နေသည့် အသက် ၅၀ ခန့်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်သူမှ ပြန်မလာသေးဘူး၊ သိမ်းပြီးတဲ့နောက်မှာတောင်မှ လေယာဉ်က လာပြန်ချသွားသေးတယ်၊ မီးလောင်တဲ့ အိမ်တွေလည်း သွားမကြည့်နိုင်သေးဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် နန့်ယားရွာမှ ဆန်စက်တစ်လုံးအပါအဝင် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု KPDF အဖွဲ့နှင့် နန့်ယားဒေသခံတို့က ပြောသည်။

ကြိုတင်တိမ်းရှောင်နိုင်သည့်အတွက် နန့်ယားဒေသခံများ ထိခိုက်သေဆုံးမှုမရှိကြောင်း အထက်ပါ နန့်ယားဒေသခံ အမျိုးသားက ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရပ်တန့်နေသည့်အချိန်တွင် KIA နှင့် ပူးပေါင်းတပ်များက ကချင်ပြည်နယ်အတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသည်။

မြစ်ကြီးနားမြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ ဆင်ဘိုမြို့ကို KIA က ထိန်းချုပ်ထားပြီး မြို့အနီးရှိ ခလရ (၁၄၁) စခန်းကို ဆက်လက်တိုက်ခိုက်နေသလို ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီလက်ကျန်တပ်ကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

မတ် ၇ ရက်မှ စတင်သည့် တိုက်ပွဲများအတွင်း KIA ဌာနချုပ် လိုင်ဇာမြို့ကို ခြိမ်းခြောက်နေသည့် စခန်းများ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းများနှင့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းရှိ စခန်းများ စသည့် စစ်ကောင်စီစခန်းပေါင်း ၆၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။

Show More

Related Articles

Back to top button