သတင်း

မုန်လိုင်ခက်ကို စစ်ဘီလူးမွှေသည့်ည၊ လသားအပါအဝင် ကလေး ၁၁ဦး၊ လူကြီး ၁၈ဦး သေဆုံး

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှ  စစ်ဘေးရှောင် စခန်း ယမန်နေ့( အောက်တိုဘာ ၉)ညသန်းခေါင်တွင် တိုက်ခိုက်ခံရသဖြင့်   ကလေး ၁၁ ဦး အပါအဝင် ဒုက္ခသည် ၂၉ဦး သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရသည်။

စစ်ကောင်စီကို တွန်းလှန်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ မြောက်ဘက် တစ်မိုင်ကျော်အကွာ မုန်လိုင်ခက်ရွာစစ်ရှောင်စခန်းအတွင်း  ည ၁၁ နာရီဝန်းကျင်တွင် ဖျက်အားပြင်း ဗုံး၄လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၅၀၀ ခန့်နေထိုင်သည့် မုန်လိုင်ခက် ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများထဲတွင် ကလေးသူငယ်နှင့် အမျိုးသမီးအများဆုံးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

တရုတ်-မြန်မာ နယ်စပ် လိုင်ဇာမြို့တည်​နေရာပြ​မြေပုံ

ဗုံးတစ်လုံးမှာ မုန်လိုင်ခက်စစ်ရှောင်စခန်းအရှေ့ပိုင်းရှိ လူနေအိမ်များပေါ်ကျရောက်ခဲ့ပြီး မရှေး မနှောင်းတွင်ပင်  ဗုံးများ ဆက်တိုက်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူ ဒေသခံ အမျိုးသမီးနှစ်ဦးက ပြောသည်။

သေဆုံးသည့် ကလေးသူငယ်များထဲတွင်   ၁လနှင့် ၄ရက်အရွယ် မိန်းကလေး ၁ ဦး၊  ၃နှစ်မှ ၁၀ နှစ်အောက်၊ ၁၃နှစ်မှ ၁၈နှစ်အတွင်းရှိ ယောကျ်ားလေး ၅ဦး၊ အမျိုးသမီးငယ် ၆ဦး၊ ပါဝင်သည်ဟု ဒေသခံတို့၏ စာရင်းအရ သိရသည်။ ထို့အတူ အသက် ၃၀ မှ ၇၀ အတွင်း ၁၈ ဦး သေဆုံးသည်ဟု ၎င်းတို့က ပြောသည်။ သေဆုံး ဒဏ်ရာရသူများ၏ အမည်နှင့် အသေးစိတ်အချက် အလက်များကို စုံစမ်းနေဆဲ ဖြစ်သည်။

ဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၅၀ ကျော်အနက် ၄၀ ကျော်မှာ  ကုသမှုခံယူ နေရကြောင်း၊  ကလေး ၇ဦးပါဝင် စုစုပေါင်း ၂၀ ကျော်မှာ စိုးရိမ်ရကြောင်း မုန်လိုင်ခက်ရွာရှိ ဒေသခံနှင့် စစ်ရှောင် ကလေးငယ်အချို့ကို စာသင်ကြားပေးနေသည့် အသက် ၃၃နှစ်အရွယ် ဒေါ်လုလုက ပြော သည်။ 

ယနေ့ နံနက် ၈နာရီ KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူကို တယ်လီဖုန်းဖြင့် မေးမြန်းခွင့်ရစဉ် ကမူ ကနဦး သတင်းများအရ သေဆုံးသူ ၂၉ဦး၊ ဒဏ်ရာရသူ ၅၆ဦးရှိကာ ထိုထဲမှ ၄၄ဦး ဆေးကု သမှု ခံယူနေရကြောင်း ၎င်းက ပြောထားသည်။ ညနေပိုင်း နောက်ဆုံးအရ အခြေအနေကို သိရှိ နိုင်ရန် ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ သေဆုံးသူများ၏ နာရေးကို ယနေ့ ညနေပိုင်းတွင် ပြုလုပ်ပြီး ဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညပိုင်း စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် သေဆုံးသူများနာရေးကို လိုင်ဇာ သုဿန်တွင် ယနေ့ပြုလုပ်စဉ်။ ဓာတ်ပုံ – CJ

နိုင်ငံမြောက်ပိုင်း တောတောင်ထူထပ်ရာအရပ်တွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားချိန်သည် ညအိပ်ချိန်ဖြစ်၍ မည်သည့် နည်းလမ်းဖြင့် တိုက်ခိုက်ခံရမှန်း ဒေသခံများနှင့် KIA ပြောခွင့်ရသူတို့က ယနေ့ နံနက်ပိုင်းအထိ တပ်အပ်မပြောနိုင်သေးပေ။

စစ်ကောင်စီက တိုက်လေယာဉ် သို့မဟုတ် ဒရုန်းသုံး၍ ဗုံးကြဲသည်၊ အဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခတ်သည် စသဖြင့် သုံးသပ်ချက်မျိုးစုံထွက်နေသည်။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကမူ ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဟု ငြင်းသည်။ မုန်လိုင်ခက်တွင် တော်လှန်ရေး အဖွဲ့များ ဒရုန်းဖြင့် တပ်ဆင်အသုံးပြုသည့် ဗုံးများထားရှိသည်ဟု ၎င်းက စစ်တပ်ဝါဒဖြန့် မီဒီယာများတွင် တန်ပြန်စွပ်စွဲထားသည်။မုန်လိုင်ခက်ရွာ အနီးတစ်ဝိုက်ကို ၂၀၂၂ အောက်တိုဘာက လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဖူးသည်။

ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှစ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်သက် ၂၀ ကျော်ရှိ ဗိုလ်ကြီးဇင်ယော်ကမူ ကချင်မြေကို ထိုးစစ်ဆင်ရန် ကြိုးပမ်းရင်း အထိနာနေသည့် စစ်ကောင်စီ၏ ကြိုတင်ကြံရွယ်သော တိုက်ခိုက်မှုသာဖြစ်ကြောင်း ပြောသည်။ စစ်ကောင်စီက အတွဲလိုက်ပစ်ခတ်သည့် လက်နက်ကြီး သုံးသည် ဟု ၎င်းက ယူဆသည်။

“သူတို့(စစ်ကောင်စီ)ရဲ့ မြေပြင်တပ်တွေ အထိနာနေတယ်၊ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း တွေ အပိတ်ခံထားရတယ်ဆိုရင်လည်း သူတို့က အဲလို ပစ်လေ့ရှိတယ်။ ဦးနှိမ်ပစ်ခတ်တာ ဆိုပြီးတော့ ဗျူဟာမှူးတွေ၊ တပ်မမှူးတွေ ပြောတာကို ကျွန်တော်တို့ နားထောင်ခဲ့ရဖူးတယ်” ဟု သူက ပြောသည်။

ဒေသခံအမျိုးသမီး နှစ်ဦးကလည်း တိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာသည် ယခင်က ဘောလုံးကွင်းဖြစ်ပြီး ၂၀၂၀ ဝန်းကျင် ကိုဗစ်ကပ်ရောဂါကာလမှစ၍ လက်ရှိအချိန်အထိ ရွာမှထွက်သော သီးနှံများ နှင့် မြို့မှတင်သွင်းသော ကုန်ပစ္စည်းကို ဖလှယ်ရာနေရာအဖြစ် အသုံး ပြုနေကြောင်း၊ ရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်စခန်းချထားခြင်းလည်းမရှိကြောင်း ပြောသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့ မြောက်ဘက် တစ်မိုင်ကျော်အကွာ မုန်လိုင်ခက်ရွာစစ်ရှောင်စခန်း ဗုံးကျခဲ့ပြီး နောက်တစ်ရက် အောက်တိုဘာ ၁၀ ရက်မြင်ကွင်း။ ဓာတ်ပုံ-Awng Ja

“မုန်လိုင်ခက်မှာက တိုက်ပွဲဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ စစ်ရှောင်တွေနေတဲ့နေရာ။

ကျွန်မတို့ရွာမှာ စစ်တပ်ရှိတာလည်း မဟုတ်ဘူး။ တကယ့် တကယ်တိုက်ပွဲဖြစ်နေတဲ့ နေရာလည်း မဟုတ်ဘဲ ရွာသား၊ စစ်ရှောင်တွေနေတဲ့ နေရာကို ဗုံးကျတာဖြစ်တယ်” ဟု ဒေါ်လုလုက ပြောသည်။ 

နှစ်ပေါင်း ၄၀ကျော် သက်တမ်းရှိသည့် မုန်လိုင်ခက်ရွာသည် တရုတ်နိုင်ငံနှင့် ကူးလူးဆက်ဆံရာ တွင် အချက်အခြာကျကြောင်း၊ မူလရွာတွင် အိမ်ခြေ ၅၀ ဝန်းကျင်သာရှိသော်လည်း ၂၀၁၁ နောက် ကချင်ပြည်နယ်အတွင်း စစ်တပ်က တစ်ကျော့ပြန် စစ်ဆင်လာပြီးနောက်  ဝိုင်းမော် မြို့နယ်ထဲမှ ဒေသခံများ လာရောက်ခိုလှုံနေကြ၍ အိမ်ခြေ ၁၀၀ ဝန်းကျင် ထပ်မံ တိုးပွားလာကြောင်း Kachin Peace Network တာဝန်ရှိသူတစ်ဦးဖြစ်သူ  ဒေါ်ခွန်ဂျာထံမှ သိရသည်။

Facebookတွင် ပျံ့နှံ့နေသော မုန်လိုင်ခက်ရွာဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့် ရုပ်သံ၊ ဓာတ်ပုံများထဲတွင် အမျိုးသမီးဟုယူဆရပြီး မြေကြီးအလူးလူးကပ်နေသည့် ရုပ်အလောင်းတစ်ခုမှာ မျက်နှာပျက်စီးနေကာ ညာဘက်လက်တစ်ဖက်ပြတ်တောက်နေသည်ကို တွေ့ရသည်။ ထို့အတူ  ဦးခေါင်းကြေမွှလျက်ရှိသည့် လူကြီး ရုပ်အလောင်းတစ်ခုနှင့် ဦးခေါင်းတစ်ခြမ်းပွင့်ထွက်နေသည့် ကလေးငယ်တစ်ဦးကိုလည်း ထိုမှတ်တမ်းများတွင် ပါဝင်သည်။

မုန်လိုင်ခက် ကြမ္မာငင်သည့်ည

ယမန်နေ့ညပိုင်း အိပ်ပျော်နေချိန် ကျရောက်ပေါက်ကွဲသည့် ဗုံးဒဏ်ကြောင့် မုန်လိုင်ခက်ရွာလုံး ကျွတ်နီးပါး ပျက်စီးခဲ့ရ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြသူများ၊ တစ်မိသားစုလုံး သေဆုံးခဲ့ရ သူများ၊ သားသမီးနှင့် မိဘသေကွဲ ခွဲရသူများလည်းရှိခဲ့သည်။

ဗုံးကျသည့်နေရာနှင့် ခြေလျင် ၅မိနစ်ခန့်သာ ဝေးသည့် နေရာတွင် နေထိုင်သည့် ဒေါ်မိုင်းမိုင်းက

“ကျွန်မတို့တော့ အိပ်နေပြီ။ ဝုန်းဆိုတဲ့အသံတော့ ကြားလိုက်တာနဲ့ နိုးလာတာ။ ကျွန်မတို့ အိမ်မှာ လည်း ထိတယ်။ အမိုးတွေရော၊ သွပ်ပြားတွေရော၊ ထုတ်တန်းတွေရော အကုန်ထိသွားတာ”ဟု ပြောသည်။

“အမြောက်ကြီးကျပြီဆိုပြီး ထွက်ပြေးတော့ (အပျက်အစီးတွေကြားထဲ) တော်တော်လေး ရုန်း(ထွက်) လိုက်ရတယ်။ အပေါ်က ဖိတဲ့ဟာတွေ ဖယ်ရင်း တော်တော်လေးကို ခက်တယ်။ အိမ်တံခါးပေါက်လည်း မရှိတော့ဘူး။ ပျက်စီးသွားတဲ့ တရွာလုံးပဲ။ တစ်အိမ်မှာမကျန်ဘူး။ တစ်ဆောင်မှာ မကျန်ဘူး။ နယ်ခံတွေအိမ်ရော၊ စစ်ရှောင်တွေအိမ်ရော အကုန်လုံးပဲ”ဟု ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညပိုင်း စစ်ကောင်စီ တိုက်ခိုက်ပြီး နောက်တစ်ရက်မြင်ကွင်း။ 

ထိုဖြစ်ရပ်ဆိုးအတွင်း ဒေါ်မိုင်းမိုင်းနှင့် သူ၏ မိသားစုဝင်များထိခိုက်မှုမရှိသော်လည်း ၎င်း၏ အသိမိတ်ဆွေမိသားစုများ ဆုံးပါးသွားခဲ့ရသည်။

“ကလေးတွေအများဆုံးပဲ။ ကျောင်းသားကလေးတွေ၊ မူကြိုကလေးတွေ၊ လသားနို့စို့ကလေး တွေအများဆုံးပဲ။ ကလေးတွေအများဆုံးပဲ။ ကျောင်းသားကလေးတွေ၊ မူကြိုကလေးတွေ၊ လသားနို့စို့ကလေး တွေအများဆုံးပဲ။ မိသားစု ၇ စုလုံးပါသွားတာလည်းရှိတယ်။ အဲဒီ မိသားစု ၇စုထဲမှာ မိသားစု ၂စုပဲ ၃ ယောက်စီကျန်တာ။(ဗုံးကျတဲ့) ဘေးပတ်ဝန်းကျင်မှာထိခိုက်တာတွေလည်းများတယ်”ဟု ဒေါ်မိုင်းမိုင်းက ပြောသည်။

ဗုံးများတိုက်ရိုက် ကျရောက်ခဲ့သည့် ဘောလုံးကွင်းဟောင်းတွင် ပေ ၂၀နီးပါးနက်သည့် မြေတွင်းကြီးဖြစ်ပေါ်သွားကြောင်း၊ အနီးရှိ နေအိမ်နှစ်လုံးနှင့် စျေးဆိုင်ခန်းများမှာလည်း တွင်းထဲ နစ်မြုပ်သွားကြောင်း အထက်ပါ ဒေသခံအမျိုးသမီးနှစ်ဦးထံမှသိရသည်။ 

“ကားဝပ်ရှော့တစ်ခုလည်း ပါသွားတယ်။ ပြီးရင် ကျွန်မတို့ ရွာထဲမှာ ရှိ၊ ရှိသမျှ အကုန်ပျက်စီးသွားတာ။ အကုန်လုံး ရစရာမရှိတော့ဘူး ။ နေလို့လည်း မရတော့ဘူး။ ကြက်ခြံ၊ ဝက်ခြံကအစ ပျက်စီးသွားတာ”ဟု ဒေါ်မိုင်းမိုင်းက ပြောသည်။

ပြင်းထန်သည့် ပေါက်ကွဲမှုအရှိန်ကြောင့် ခပ်လှမ်းလှမ်းရှိ အခြားသော နေအိမ်များလည်း ပျက်စီး ခဲ့ရကြောင်း ကိုယ်တိုင်အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည့် ဒေါ်လုလုကလည်း ပြောသည်။

ဘောလုံးကွင်းဟောင်းအနီးရှိ နေအိမ်အများစုမှာ ဗုံးသီးကျရောက်သည့် နေရာ၌ ဖြစ်ပေါ်လာသည့် တွင်းနက်ထဲ မြုပ်သွားကြသလို ပေါက်ကွဲမှုအရှိန်ကြောင့် အခြားသော နေအိမ်များမှာလည်း ခေါင်မိုးများ ပျက်စီးပြိုကျသွားခဲ့ကြောင်းသိရသည်။ 

“ကျွန်မတို့တွေ နေစရာလည်းမရှိတော့ဘူး။ ကျွန်မအိမ်နဲ့ ဗုံးကျတဲ့နေရာနဲ့က မဝေးဘူး။ ကျွန်မက ကုန်းပေါ်မှာနေတာ။  ဗုံးကျတဲ့နေရာက မြေနည်းနည်းပြန့်တဲ့နားမှာ။ အဲဒီနားက အိမ်တွေဆို မြေကြီးနဲ့ရောပြီးမှ လူတွေ ပိပြီးသေသွားတာရှင့်”

မုန်လိုင်ခက်ရွာရှိ စစ်ရှောင်ကလေးငယ်အချို့ကို စာသင်ပေးနေသည့် ဒေါ်လုလုက သေဆုံးသူများထဲတွင် လိမ္မာရေးခြားရှိသည့် ၉နှစ်အရွယ် ၎င်း၏ ကျောင်းသား နော်လီ ပါဝင်ပြီး ဖြေမဆည်နိုင်ဖြစ်ရသည်ဟု ဆက်ပြောသည်။ နော်လီနှင့်အတူ မိခင်၊ အမနှင့် အစ်ကိုတို့ ဆုံးပါးခဲ့ ရ၍ ထိုမိသားစုတွင် ဖခင်တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်သည်ဟု သိရသည်။

“အဲဒီကလေးက မိဘစကားနားထောင်တယ်။ အရမ်းလိမ္မာတယ်။သူက ကြီးလာရင် အင်ဂျင်နီယာဖြစ်ချင်တာ။ သူ့အလောင်းကိုကြည့်ပြီးတော့ အရမ်းဝမ်းနည်းရပါတယ်။ မြေပြိုတဲ့အထဲ ပါသွားပြီး မြေပိဆုံးသွားတယ်လို့ယူဆရတယ်။  ကြီးကြီးမားမားဒဏ်ရာတော့မတွေ့ဘူး”ဟု ဒေါ်လုလုက ငိုသံပါကြီးဖြင့် ပြောပြသည်။ 

မုန်လိုင်ခက် တိုက်ခိုက်ခံရမှုသည် ယမန်နှစ် အောက်တိုဘာလက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်၍  လူ ၆၀ ထက်မနည်းသေဆုံးခဲ့သည့်ဖြစ်စဉ် နောက်ပိုင်း KIAထိန်းချုပ်နယ်မြေအတွင်း အရပ်သားများအစုလိုက်ပြုံလိုက်သေဆုံးသည့် ဒုတိယမြောက် ဖြစ်စဉ်ဖြစ်သည်။

ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညပိုင်း စစ်ကောင်စီ တိုက်ခိုက်ပြီး မြင်ကွင်း။ 

“စစ်အစိုးရက လုံးဝ လူမဆန်တဲ့၊ တိရိစ္ဆာန်လောက်တောင် အသိအဉာဏ်မရှိဘူးလို့ မြင်ပါတယ်။ ဘာမှအပြစ်မရှိတဲ့  ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်ပြီး သွေးထွက်သံယိုဖြစ် တယ်ဆိုတာ များစွာကြောက်ရွံ့ပြီးမှ စိတ်တွေ တုန်လှုပ်ခြောက်ခြားမိတယ်”ဟု ဒေါ်လုလုကပြောသည်။

မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအတွင်း အရပ်သားများ သေဆုံးမှုအပေါ် များစွာထိတ်လန့် ဝမ်းနည်းမိသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ကလည်း ထုတ်ပြန်သည်။

၂၀၂၂ နှစ်လည်မှစ၍ ယခုနှစ် ဇူလိုင်အထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရပ်သား ၂၀၀ နီးပါးသေဆုံးခဲ့သည်ဟု 

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး(KWAT)က အောက်တိုဘာ ၉ တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် တစ်နှစ်ကျော်အတွင်း လူပေါင်း ၁၄၀၀၀ ခန့်မှာလည်း စစ်ကောင်စီတပ်ရန်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း KWATအဖွဲ့က ဆိုသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်နေကြသည်။ စစ်ကောင်စီကို တော်လှန်လိုသည့် လူငယ်များ၊ ဆန့်ကျင်သည့် အင်အားစုများ ကို ကူညီစောင့်ရှောက်သည့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် KIA လည်းပါဝင်သည်။

ထိုအခြေအနေတွင် စစ်ကောင်စီက KIA ဌာနချုပ်အနီး ချဉ်းကပ်နိုင်ရန် လက်နက်ကိုင် စစ်သည် အများအပြား အသုံးပြုနေသလို လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ သုံးကာ အပြင်းအထန်ကြိုးစားနေသည်။

(ဒေသခံတို့၏ လုံခြုံရေးအရ အမည်လွှဲ၍ ဖော်ပြထားသည်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button