သတင်း

အာဆီယံကိုယ်စားလှယ်နှင့် NUG ဝန်ကြီး အာဆီယံ ဘုံသဘောတူညီချက်များ ဆွေးနွေး

ဇန်နဝါရီ ဒုတိယပတ်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တွေ့ဆုံပြီး အာဆီယံ ဘုံသဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် လာအိုနိုင်ငံက ခန့်အပ်သည့် အထူးကိုယ်စားလှယ် Alounkeo Kittikhoun နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။

အထူးကိုယ်စားလှယ်က ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ခေါင်းဆောင်အပါအဝင် နိုင်ငံရေးပါတီတချို့၊ အပစ်ရပ်လက်မှတ် ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံအပြီး NUG နှင့် တွေ့ခြင်းဖြစ်သည်။

“သူ့အနေနဲ့ Stakeholders တွေနဲ့ တွေ့ဆုံတာတွေ လုပ်တယ်၊ ခု ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးတာပေါ့နော်၊ အဓိကကတော့ အမြင်တွေ ဖလှယ်တာပေါ့နော်။ အာဆီယံရဲ့ Five-Point Consensus (ဘုံသဘောတူညီချက် ၅ ချက်) ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ ဆိုတာတွေပါပဲ” ဟု ဦးကျော်ဇော်က ပြောသည်။

သို့သော် ဆွေးနွေးပွဲပါ အခြားပြောဆိုမှုများကို ဦးကျော်ဇော်က ထုတ်ဖော် ပြောဆိုခြင်းမရှိပါ။

အာဆီယံ ဘုံသဘောတူညီချက်ဆိုသည်မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် အထူးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက မြန်မာ့အရေးကူညီဖြေရှင်းရန် ချမှတ်ခဲ့သည့် အချက် ၅ ချက်ကို ဆိုလိုခြင်းဖြစ်သည်။

သဘောတူညီချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးနှင့် ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းဆွေးနွေးရန်၊ ကြားဝင်ဆောင်ရွက်ပေးမည့် အာဆီယံအထူးသံတမန်ခန့်အပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်၊ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံနိုင်ရန်တို့ ဖြစ်သည်။

သို့သော်လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့ တစ်နှစ်စီ တာဝန်ယူခဲ့ပြီး ယခု လာအိုနိုင်ငံလက်ထဲ ရောက်လာချိန်အထိ ထို ၅ ချက် အကောင်အထည်ပေါ်ရေးမှာ အလားအလာမရှိသေးပေ။

“အာဆီယံဘုံသဘောတူညီချက် မအောင်မြင်မှုမရှိတာရဲ့ တရားခံက အကြမ်းဖက် စစ်ကောင်စီသာဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီက ဆက်လက် အကြမ်းဖက်နေတယ်၊ ဒုက္ခသည်တွေကို ကူမယ့်ကိစ္စ၊ လူသားချင်းစာနာမှု အထောက်အပံ့ပေးမယ့်ကိစ္စလည်း ကန့်လန့် ကန့်လန့်နဲ့ မအောင်မြင်အောင် လုပ်နေတယ်” ဟု NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုသည်။ 

လာအိုနိုင်ငံခြားရေးဝန်ကြီးဟောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Alounkeo ကို ၂၀၁၄ ခုနှစ် ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

အထူးကိုယ်စားလှယ်သစ် မြန်မာ့အရေး ပိုမို ဆောင်ရွက်နိုင်ရေးအတွက် စစ်ကောင်စီကို ဖိအားပေးရန် လိုအပ်သည်ဟု ဦးကျော်ဇော်က ဆိုသည်။

“သူ့အနေနဲ့ သံတမန်အတွေ့အကြုံတွေအရ အတတ်နိုင်ဆုံးတော့ လုပ်မှာပဲ။ ဒါပေမဲ့ အကြမ်းဖက် စစ်ကောင်စီကို အာဆီယံအဖွဲ့အနေနဲ့ သူတို့နားလည်တဲ့စကားပေါ့၊ ဖိအားပေးတာ၊ သူတို့ကို ချော့ပြောလို့ ရတာ မဟုတ်ဘူး။ သူတို့က အင်အားနဲ့လုပ်မှသိတဲ့လူ၊ ဖိအားပေးရမယ်၊ တွန်းအားပေးရမယ်။ အဲလိုလုပ်ခြင်းအားဖြင့် အရွေ့တစ်ခုတော့ ဖြစ်လာနိုင်တာပေါ့” ဟု သူက ပြောသည်။

အင်ဒိုနီးရှား အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားစဉ် NUG နှင့် တွေ့ဆုံမှု ရှိသော်လည်း နှစ်ဖက်လုံးက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

လာအိုအလှည့်တွင် ပေါ်ပေါက်လာသော ထိပ်တန်းတွေ့ဆုံမှုကို NUG က သတင်းဌာနများကို အသိပေးခဲ့ခြင်း ဖြစ်သည်။

ဤအတောအတွင်း နိုင်ငံခြားသံတမန်ဟောင်းနှစ်ဦးက စစ်ကောင်စီသည် နိုင်ငံတကာစာမျက်နှာတွင် ထောက်ခံမှုကျဆင်းနေသည်ဟု ဘန်ကောက်ပို့စ်တွင် ဆောင်းပါးတစ်ပုဒ်ရေးကာ သုံးသပ်ထားသည်။

လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံတွင် မည်သို့မည်ပုံ ဖြစ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အုတ်မြစ်ချနေကြသူများ၏ အသံများကို နားထောင်ရန် ဆောင်းပါးရှင်များက တိုက်တွန်းထားသည်။

ဖြစ်ပေါ်လာမည့် ကြီးမားသော အခက်အခဲများအတွက် အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ပိုမိုကူညီသင့်သည်၊ ဒေသတွင်းတစ်ခုလုံးသို့ ပြောင်းလဲစေနိုင်မည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းသင့်များကိုလည်း ရှာဖွေသင့်သည်ဟုလည်း ဆောင်းပါးတွင် ဖော်ပြသည်။

ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒတ်ချ်သံအမတ်ဟောင်း Laetitia van den Assum နှင့် ထိုင်းလွှတ်တော်အမတ်ဟောင်းနှင့် သံအမတ်ဟောင်း Kobsak Chutikul တို့ ပူးပေါင်းရေးသားသည့် အဆိုပါ ဆောင်းပါးတွင် စစ်ကောင်စီသည် နယ်စပ်ဒေသအများအပြားကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု ဆိုထားသည်။ မြန်မာစစ်တပ်ကို “အနိုင်ယူစွမ်းမရှိ” ဟု မည်သည့်အခါမျှ မထင်ခဲ့ကြသူများအတွက် ဤအခြေအနေမှာ အံ့အားသင့်စရာ ဖြစ်နေသည်ဟု ဆိုသည်။

လက်နက်ကောင်းများ ပိုင်ဆိုင်လာသော၊ စိတ်ဓာတ်တက်ကြွပြီး ကြောက်စရာကောင်းသော ရန်ဘက်များကို အာဏာသိမ်းစစ်တပ် ရင်ဆိုင်နေရပြီဟုလည်း သံအမတ်နှစ်ဦးက သုံးသပ်သည်။

Show More

Related Articles

Back to top button