သတင်း

ကရင်နီပြည်နယ်မှ ဒေသခံ ကုလသမဂ္ဂ စေတနာ့ဝန်ထမ်းများ လျစ်လျူရှုခံရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့မှ ကုလသမဂ္ဂဝန်ထမ်းများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သော်လည်း ကုလလက်အောက်ခံ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ စေတနာ့ဝန်ထမ်းများမှာ လျစ်လျူရှုခံထားရသည်။

တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည့် ကရင်နီပြည်နယ် မြို့တော်လွိုင်ကော်မှ ကုလသမဂ္ဂဝန်ထမ်းများကို လုံခြုံရာသို့ ပြောင်းရွှေ့ခဲ့သော်လည်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တွင် ကာလရှည် စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ယင်းနှင့်အတူ အခြားသူများ ထိုပြောင်းရွှေ့အစီအစဉ်ထဲတွင် မပါဝင်ခဲ့ဟု ပြောသည်။

အသက် ၂၃ နှစ်အရွယ် ဒေသခံ ထိုအမျိုးသားသည် လွိုင်ကော်မြို့ရှိ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အတွက် တစ်နှစ်နီးပါးအထိ အခကြေးငွေဖြင့် နေ့စားစေတနာ့ဝန်ထမ်းအဖြစ် ဆန်ဝေငှပေးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်တွင် WFP ဝန်ထမ်းများ လွိုင်ကော်မြို့မှ ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ထိုအစီအစဉ်တွင် သူမပါဝင်၊ WFP ကလည်း ထိုသို့ ထွက်ခွာရန် အသိမပေးဟု ယခုအခါ မိသားစုနှင့်အတူ ယာယီစစ်ရှောင်စခန်းတစ်ခုသို့ ရောက်နေသည့် ထိုအမျိုးသားက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးသို့ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုသို့ရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခြင်းမရှိပါ။

“ယာယီနေရာချထားမှုနှင့် ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေးနှင့် အခြားအစီအစဉ်များ၊ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြော၍ မရပါ။ ထိုသို့သော အချက်အလက်များကို အများသိအောင် ပြုလုပ်ခြင်းသည် အဖွဲ့နှင့် လုပ်ဖော်ကိုင်ဖက်များ၏ လုံခြုံရေးကို ထိခိုက်စေပြီး အခြားနေရာများသို့ ပြောင်းရွှေ့မှုများ ဖြစ်နိုင်သည်” ဟု WFP က ပြောသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့ကမူ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မော်တော်ယာဉ်အစီးရေ ၃၀ ကျော်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိလာသည်ဟု ကုလ၏ လှုပ်ရှားမှုကို လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။

လွိုင်ကော်မြို့မှ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်း ၂၂၈ ဦးနှင့် မိသားစုဝင် ၂၂၈ ဦးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ရေးရန် ကရင်နီပြည်နယ်ရှေ့တန်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ခေတ္တရပ်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ပထမ ၃ ပတ်အတွင်း ကရင်နီပြည်နယ်တွင် အရပ်သား ၆၀ ကျော် သေဆုံးခဲ့သည်၊ စစ်ကောင်စီတပ်က မြို့နှင့် အနီးတစ်ဝိုက်ကို အရပ်သားပစ်မှတ်များကို မခွဲခြားဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အရပ်သားသေဆုံးမှုဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတင်းအချက်အလက်များ ပုံမှန်ထုတ်ပြန်ပေးသည့် ကရင်နီအရပ်ဘက်အဖွဲ့အစည်း (KCSN) ၏ အဆိုအရ သိရသည်။

တစ်ချိန်တည်းတွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များကလည်း ကရင်နီပြည်နယ်၏ နောက်ဆုံးအမာခံနယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် လွိုင်ကော်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့သည်။

အထူးခြားဆုံးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်းနှစ်ရင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သိမ်းပိုက်ခဲ့ပြီး အသေအပျောက် ၁၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့နယ်တွင် နေထိုင်သူ စုစုပေါင်း ၉၂,၀၀၀ ကျော် သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့်သည် မြို့တော်ကို စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း KCSN က ပြောသည်။

WFP စေတနာ့ဝန်ထမ်းသည် လုံခြုံရေးအခြေအနေကြောင့် ယင်းရောက်ရှိနေသည့်နေရာကို ထုတ်ဖော်မပြောသော်လည်း ထိုနေရာတွင် စစ်ဘေးဒုက္ခသည် မိသားစု ၂၀ ကျော် ရှိနေသည်ဟု Myanmar Now ကို ပြောသည်။

“စစ်တပ်လေယာဉ်တွေက အမြဲတမ်း ပျံဝဲနေပြီး နောက်တစ်ကြိမ် လေကြောင်းတိုက်ခိုက်တာ ဘယ်တော့ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး၊ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

“လုံခြုံရေး လုံးဝမရှိဘူး။ စစ်တပ်က သူတို့မြင်သမျှကို သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ ပုန်းအောင်းနေရတယ်”

အလုပ်ရှင်၏ လျစ်လျူရှုခံရသည့် ခံစားချက်ဖြင့် ဘေးကင်းရာသို့ ရောက်ရှိအောင် သွားခဲ့ရသည်ဟု သူက ဆိုသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ယာယီစစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များ စားနပ်ရိက္ခာလက်ခံရန် တန်းစီစောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ − AFP)

WFP က သူ့ကို စေတနာ့ဝန်ထမ်းအဖြစ် သတ်မှတ်ထားသော်လည်း သူ့အလုပ်အတွက် တစ်ရက်လျှင် ကျပ်ငွေ ၂၅၀၀၀ (အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာအောက်) ပေးဆောင်ရပြီး ပျမ်းမျှအားဖြင့် လစဉ် ၁၀ ရက်ခန့် အလုပ်လုပ်ရသည်။ သို့သော် ယခု သတင်းပေးပို့ချိန်တွင် သူသည် အလုပ်လက်မဲ့ဖြစ်နေသည်ဟု ဆိုသည်။

“NGO နဲ့ UN ဝန်ထမ်းတွေကသာ ရွှေ့ပြောင်းရေးအစီအစဉ်မှာ အကျုံးဝင်တာပါ။ ကျွန်တော်တို့လို စေတနာ့ဝန်ထမ်းတွေကိုတော့ အဲဒီအစီအစဉ်တွေအကြောင်း ဘယ်တော့မှ အသိမပေးဘူး” ဟု ပြောသည်။

“ကျွန်တော်တို့ကို ဦးဆောင်သူ ၂ ယောက်ရှိပါတယ်။ ဒါပေမဲ့ သူတို့က အလုပ်အတွက်ပဲ ဦးဆောင်တာပါ။ လုံခြုံရာကို ရွှေ့ပြောင်းဖို့နဲ့ ကယ်ထုတ်ဖို့အတွက်တော့ သူတို့လည်း လုပ်မပေးနိုင်ပါဘူး”

“ဝန်ထမ်းအားလုံး ဘေးလွတ်ရာကို ရွှေ့ပြောင်းလို့ရတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ စေတနာ့ဝန်ထမ်းအများစုကတော့ အဲ့လိုမဟုတ်ပါဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။ “ကုလသမဂ္ဂက သူတို့ကိုယ်တိုင်မဟုတ်ဘဲ ပြည်သူတွေကိုလည်း ကူညီသင့်တယ် မဟုတ်လား” ဟုလည်း ဆိုသည်။

သူ့ကဲ့သို့ WFP တွင် အလုပ်လုပ်နေသူ အယောက် ၆၀ ခန့် ရှိမည်ဟု သူက ယုံကြည်ပြီး အယောက် ၂၀ စီ ၃ အုပ်စုခွဲကာ အလုပ်လုပ်ကြရသည်။ သို့သော် ယခု သတင်းပေးပို့ချိန်တွင် ထိုသူများ ဘာဖြစ်နေသည်ကို မသိရဘဲဖြစ်နေသည်ဟု သူက ဆိုသည်။

အဆိုပါ စေတနာ့ဝန်ထမ်းများသည် ဒေသခံ ကရင်နီလူမျိုးများဖြစ်သည်၊ လွိုင်ကော်ရှိ WFP ဝန်ထမ်းများနှင့် တရားဝင်ဘေးကင်းစွာ ရွှေ့ပြောင်းနေထိုင်ခွင့် ပေးထားသည့်သူများသည် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားနေရာများမှ ဖြစ်ပြီး အများစုမှာ ဗမာတိုင်းရင်းသားများဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ကုလဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းတဲ့အဖွဲ့အစည်းပါ၊ တကယ် စစ်လည်းဖြစ်ရော သူတို့ မြန်မြန်ထွက်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

“သူတို့က ကရင်နီတိုင်းရင်းသားတွေဖြစ်တဲ့ သူတို့ရဲ့ စေတနာ့ဝန်ထမ်းတွေ ရွှေ့ပြောင်းတာနဲ့ပတ်သက်ပြီး အသိမပေးပါဘူး၊ ဒါက ကျွန်တော့်အတွက်ရော အားလုံးအတွက်ပါ တရားမျှတတယ်လို့ မထင်ဘူး”

WFP ၏ မြန်မာနိုင်ငံဆိုင်ရာရုံးက “အသိုင်းအဝိုင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစားအသောက်အကူအညီများကို သိုလှောင်ခြင်း၊ ရွှေ့ပြောင်းခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို သယ်ယူပို့ဆောင်ရေးသမားများ” နှင့် ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့ပြီး အေဂျင်စီသည် အလုပ်သမားများအတွက် နေ့စဉ်လုပ်ခများကိုလည်း ရှင်းပေးနေကြောင်း သိရသည်။

“လက်ရှိမှာ ကုလသမဂ္ဂစည်းမျဉ်းစည်းကမ်းတွေထဲက ခွင့်ပြုထားသလောက် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ ကတိကဝတ်ပြုထားပါတယ်။ အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီပေးဖို့နဲ့ လိုအပ်နေတဲ့သူတွေကို ကူညီပေးဖို့ ရည်မှန်းချက်ကို ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု WFP က Myanmar Now ကို ပြောသည်။ မြို့ထဲကို “ဘေးကင်းလုံခြုံစွာ ဝင်ရောက်နိုင်စေဖို့အတွက် ရနိုင်တဲ့နည်းလမ်းတိုင်းကို ရှာဖွေနေပါတယ်” ဟုလည်း ဆိုသည်။

WFP Myanmar သည် လွိုင်ကော်မြို့ရှိ ဒေသခံ စေတနာ့ဝန်ထမ်းများကို လျစ်လျူရှုထားသည် ဟူသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ထပ်မံငြင်းဆိုခဲ့သည်။

လွိုင်ကော်တွင် မည်သည့်အေဂျင်စီများ ဆက်ရှိနေသည်၊ နိုဝင်ဘာလအတွင်း ၎င်းတို့၏ ဘေးကင်းရေးဆိုင်ရာအစီအစဉ် သို့မဟုတ် ထိုအစီအစဉ်မှ ဖယ်ထုတ်ခံရသည့် ဒေသခံစေတနာ့ဝန်ထမ်းများက မေးမြန်းသည့် မေးခွန်းများကို မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးတို့က တုံ့ပြန်ခြင်း မရှိပေ။

WFP စေတနာ့ဝန်ထမ်း၏ စွပ်စွဲချက်များသည် မြန်မာနိုင်ငံသားများကြားတွင် ကုလသမဂ္ဂ၏ ယုံကြည်ကိုးစားမှုကို ပိုမိုယိုယွင်းသွားစေခဲ့သည်ဟု ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ Myanmar Accountability Project (MAP) ၏ ဒါရိုက်တာ Chris Gunness က ဆိုသည်။

“ဒေသခံ စေတနာ့ဝန်ထမ်းတွေကို လျစ်လျူရှုတဲ့ ဆုံးဖြတ်ချက်အတွက် အရာရှိတွေနဲ့ အောက်ခြေအထိ တာဝန်ရှိပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂကို MAP က တောင်းဆိုပါတယ်” ဟု Myanmar Now ကို ပြောသည်။ ကုလသမဂ္ဂ၏ မူဝါဒများကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ရန်လည်း Chris Gunness က တောင်းဆိုထားသည်။

“ဒီလိုမျိုး ထပ်မဖြစ်ဖို့ သေချာစေဖို့ ကုလသမဂ္ဂက ပြတ်သားတဲ့ အကြံပြုချက်တွေကို လုပ်ရမယ်” ​​ဟု Gunness ကပြောသည်။

WFP သည် ပြီးခဲ့သည့်လအထိ လွိုင်ကော်မြို့ရှိ ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသူ ၈၀,၀၀၀ အထိကို လစဉ် စားနပ်ရိက္ခာနှင့် အာဟာရအကူအညီများ ထောက်ပံ့ပေးခဲ့ကြောင်း၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တစ်ဝန်းလုံးတွင် စစ်ဘေးရှောင်ဒုက္ခသည် စုစုပေါင်း ၂၈၀,၀၀၀ ကျော်ရှိသည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ၏ အကူအညီပေးရေးလုပ်ငန်းများသည် စစ်ကောင်စီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်သည့်အတွက် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဝေဖန်မှု ခံနေရသည်။ စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ပြပြင်ပတွင် ခိုလှုံနေရသော စစ်ဘေးရှောင် ဒုက္ခသည်အများအပြားကို ဝင်ရောက်ခွင့်မပြုသည့်အတွက် အကြိမ်ကြိမ် ဝေဖန်မှုများ ခံနေရသည်။

NUG နှင့် Karenni IEC တို့က ကရင်နီပြည်နယ်ရှိ လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းကို ဖြေရှင်းရန် ကုလသမဂ္ဂအေဂျင်စီများအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကို “နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များ” အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

Show More

Related Articles

Back to top button