မြန်မာစစ်ခေါင်းဆောင်၏ ခရီးစဉ်အပြီး ထိုင်းအာဏာပိုင်များက နယ်စပ်အခြေစိုက် မြန်မာတော်လှန်ရေး အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရန်၊ အသွားအလာ ကန့်သတ်ခြင်းအပါအဝင် ဖိအားပေးမှုများ ရှိလာနိုင်ခြေနှင့်ပတ်သက်၍ ရှမ်းနှင့်မွန် လက်နက်ကိုင်အဖွဲ့အချို့တွင် စိုးရိမ်မှုရှိသော်လည်း ကရင်၊ ကရင်နီ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်( PDF)နှင့် နီးစပ်သူများကမူ စိုးရိမ်မှုမရှိသော်လည်း သတိထားရန်လိုသည်ဟု မှတ်ချက်ပြုကြသည်။
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်နေခြင်းဖြစ်ပြီး ထိုင်းဘက်က အခမ်းအနားနှင့် ကြိုဆိုခဲ့ကြသည်။
အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား စွမ်းအင်နှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ၊ MoU သဘောတူညီမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးပြဿနာ၊ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်ရေးနှင့် မြစ်ရေ ညစ်နွမ်းမှုဆိုင်ရာကိစ္စရပ်များ ဖြေရှင်းနိုင်ရေး ဆွေးနွေးကြမည်ဟု သိရသည်။
၎င်းတို့အကြား တွေ့ဆုံဆွေးနွေးထားပြီး သဘောတူညီချက်များလည်း ရရှိထားကြောင်း မြန်မာစစ်အစိုးရနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဩဂုတ်လ ၆ ရက်တွင် ပူးတွဲကြေညာထားသည်။
ကီလိုမီတာ ၂၄၀၀ ကျော် ရှည်လျားသော ထိုင်း- မြန်မာ နယ်စပ်တလျှောက် ကရင်၊ မွန်၊ ရှမ်း၊ ကယား (ကရင်နီ)၊ တနင်္သာရီတိုင်းတို့နှင့် နယ်မြေများ ထိစပ်နေပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်များ၊ နွေဦးတော်လှန်ရေးအဖွဲ့များလည်း အခြေစိုက်ကြသည်။
အထူးသဖြင့် မြန်မာပြည်တောင်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့အများစုသည် ဒဏ်ရာရရဲဘော်များ ဆေးကုသခြင်း အပါအဝင် တော်လှန်ရေးရန်ပုံငွေရှာဖွေခြင်း၊ လက်နက်ခဲယမ်းအပါအဝင် လိုအပ်သည့် စစ်သုံးပစ္စည်းများရရှိရေး ထိုင်းနိုင်ငံအတွင်း လျှို့ဝှက်လှုပ်ရှားနေပြီး နှစ်နိုင်ငံအကြား ကူးလူးသွားလာမှုများ ရှိနေသည်။
စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသော ရှမ်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် သျှမ်းပြည် တောင်ပိုင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်း (SSNLO) ပြောရေးဆိုခွင့်ရှိသူနှင့် မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး- AD) နှင့် နီးစပ်သူတစ်ဦးက စစ်ခေါင်းဆောင်အနေဖြင့် နယ်စပ်အခြေစိုက် တော်လှန်ရေးအဖွဲ့များကို ၎င်းတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးလာနိုင်ရေး ထိုင်းနိုင်ငံကို တောင်းဆိုမှုများ ရှိလာနိုင်ကြောင်း ပြောသည်။
ထိုသို့ တောင်းဆိုလာပါက ထိုင်းနိုင်ငံတွင် လျှို့ဝှက်လှုပ်ရှားနေသော မြန်မာတော်လှန်ရေးအဖွဲ့များကို ထိုင်းအာဏာပိုင်များက ဖိအားပေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းတို့ အသီးသီးက ဆိုသည်။
ဆွေးနွေးပွဲသာမက ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံတော်လှန်ရေးနယ်မြေဘက်မှ ဝင်ရောက်လာသူများကို တရားဝင်လမ်းကြောင်းသာမက တရားမဝင်သွားလာမှုများပါ ပိတ်ပင်ကန့်သတ်လာနိုင်ကြောင်း SSNLO နိုင်ငံရေးမှူး စိုင်းပန်ဖက ပြောသည်။
“ စစ်ရှောင်ပြည်သူတွေ၊ ဆေးကုသဖို့ လိုအပ်နေသူတွေ၊ စစ်ဘေးသင့်ပြည်သူတွေလိုအပ်တဲ့ စားနပ်ရိက္ခာ ဝယ်ယူဖို့၊ တော်လှန်ရေးအင်အားစုတွေအတွက် လိုအပ်တဲ့ စစ်ဘက်အသုံးအဆောင်တွေနဲ့ ဒရုန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့စတဲ့ အရာတွေအတွက် အခက်အခဲဖြစ်ကုန်မယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းအာဏာပိုင်များအနေနှင့် တော်လှန်ရေးအဖွဲ့များကို အခက်အခဲ၊ အကျပ်အတည်းဖြစ်စေပြီး မြန်မာ စစ်တပ်နှင့် ဆွေးနွေးရေးလမ်းကြောင်းသွားရန် တိုက်တွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း SSNLO နိုင်ငံရေးမှူး စိုင်းပန်ဖက မှတ်ချက်ပြုသည်။
သျှမ်းပြည် တောင်ပိုင်း အမျိုးသားများ လွတ်မြောက် ရေးအဖွဲ့ (SSNLO) သည် ၂၀၂၅ ခုနှစ်တွင် ရှမ်း- ကရင်နီ နယ်စပ်ရှိ လွတ်မြောက်နယ်မြေ၌ ဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်တပ်ဖြစ်သည်။
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး-AD) နှင့်နီးစပ်သည့် လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးကလည်း ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖုန်ကတ်ကရောင်းသည် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အိမ်ရှင်နိုင်ငံအဖြစ် လုပ်ပေးလိုသည် ဟု ပြောဖူးကြောင်း ဆိုသည်။
ထို့ကြောင့် မြန်မာစစ်တပ်နှင့်ဆွေးနွေးရေးလမ်းကြောင်းသို့ သွားနိုင်ရန် ထိုင်းဘက်က တိုက်တွန်းချက်များ ရှိလာနိုင်ကြောင်း သူ့အမြင်ကို ပြောသည်။
“၁၉၉၀- ၁၉၉၅ ဝန်းကျင်တုန်းက ထိုင်းနိုင်ငံရဲ့ ပေါ်လစီက အပစ်အခတ်ရပ်စဲရေးလမ်းကြောင်းကို တွန်းတဲ့ ပုံစံသွားတယ်။ ဟိုဘက် (စစ်တပ်) နဲ့ ဆက်ဆံရေးကို နီးစပ်အောင် တည်ဆောက်ချင်တဲ့ အနေအထားမျိုး လုပ်မယ်ဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ တော်လှန်ရေးအင်အားစုအပေါ် သက်ရောက်မှုတော့ ရှိမှာပဲ။ ဒါပေမဲ့ ထိုင်းက တခါတည်း တကြိမ်တည်းဆိုတဲ့ ပုံစံမျိုးတော့ လုပ်လေ့မရှိဘူး။ အချိန်ခွဲခြားမှုအရ၊ နေရာခွဲခြားမှုအရ ခွဲပြီးလုပ်တာမျိုးတွေ့ရတယ်” ဟု ဆိုသည်။
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် လက်နက်ကိုင်အဖွဲ့များကြား တုံ့ပြန်မှုများသည်လည်း မတူညီပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ထိုင်းနယ်စပ်အခြေစိုက် KNU၊ KNPPနှင့် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ချင်းအမျိုးသားတပ်ဦး (CNF) စသော တိုင်းရင်းသားလက်နက်ကိုင် လေးဖွဲ့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အပါအဝင် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များသည် လေကြောင်းဗုံးကြဲမှုများ နေ့စဉ်ပြုလုပ်နေသော အာဏာသိမ်းစစ်တပ်နှင့် မဆွေးနွေးလိုကြပေ။
စစ်အာဏာသိမ်းမှုနောက်တွင် အစပြုခဲ့သည့် နှစ်ဖက်တိုက်ပွဲများ အထူးသဖြင့် နယ်စပ်အနီးတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ အိမ်နီးချင်နိုင်ငံအချို့၏ ချဉ်းကပ်အာရုံစိုက်မှုကို တွေ့လာရသည်။
ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယမန်နေ့ (ဩဂုတ်လ ၆ ရက်) မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေနှင့် ဦးမင်းအောင်လှိုင်ကို ပကတိ အရှိတရား အရ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ပြောသည်။
“နယ်စပ်တလျှောက် ကျွန်တော်တို့ ကြုံရတဲ့ ပြဿနာတွေကလည်း အများကြီးပဲ။ တချိန်တည်းမှာပဲ မြန်မာပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးလမ်းကြောင်းပေါ်ရောက်ဖို့ ကျွန်တော်တို့က စပြီး အားထုတ်ရတာမျိုးလည်း ရှိပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အာဏာလက်ဆုပ်လက်ကိုင် ရှိထားသူတွေနဲ့ စကားပြောရတာပါပဲ” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံအနေနှင့် မည်သူ့ကိုမျှ မည်ကဲ့သို့လုပ်ဆောင်ပါဟု ညွှန်ကြားမည်မဟုတ်သော်လည်း မြန်မာပြည် အခြေအနေတိုးတက်ရေး လုပ်ဆောင်ကြရန်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသွားသည်။
ကရင်နီ၊ PDF နှင့် KNU နီးစပ်သူများက ပြောသော ထိုင်းဖိအား
ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သူတစ်ဦးနှင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးအချို့ကမူ ပြင်းထန်သောဖိအားပေးမှုများ ရှိလာမည် မဟုတ်ဟု ယုံကြည်ကြသည်။
KNU နှင့် နီးစပ်ပြီး အရာရှိဟောင်းဖြစ်သူ အမျိုးသားတစ်ဦးက ထိုင်းနိုင်ငံအနေနှင့် ဖိအားပေးမှု အနည်းငယ်သာ လုပ်နိုင်ကြောင်း ပြောသည်။
“ကျွန်တော်တို့ဖြတ်သန်းမှုအတွေ့အကြုံ နှစ်ပေါင်း ၅၀ ကျော်ပါပြီ။ ထိုင်း- မြန်မာနယ်ခြားမှာနေခဲ့တာပေါ့။ ထိုင်းက အပြတ်လုပ်တယ်ဆိုတာ ဘာမှမရှိဘူး။ မြွေမသေတုတ်မကျိုးဘဲ ထားတယ်။ သူက ကျွန်တော် တို့နဲ့လည်း စကားပြောမယ်။ ဦးမင်းအောင်လှိုင်တို့နဲ့လည်း စကားပြောမယ်။ တကယ်တော့ မြေပြင်မှာ ထိုင်းနိုင်ငံရဲ့ ဝန်ထမ်းတွေကလည်း ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီး အကျိုးရနေတာပဲလေ။ သရုပ်ပြတော့ နည်းနည်းပါးပါး လုပ်မှာပေါ့” ဟု မှတ်ချက်ပေးသည်။
ထိုင်း- မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ တနင်္သာရီတိုင်း ရေဖြူမြို့နယ်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားသည့် PDF နည်းဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော် စောဒါးကိုကလည်း အလားတူ မှတ်ချက်ပေးသည်။
တနင်္သာရီတိုင်း၌ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားဖြစ်သည့်လုပ်ငန်းအချို့သည် တော်လှန်ရေးတပ် စိုးမိုးနယ်မြေတွင် ရှိနေသဖြင့် ထိုင်းနိုင်ငံဘက်က ဖိအားပေးမှု အလွန်အကျွံလုပ်လာမည်ဟု မယူဆကြောင်း ဆိုသည်။
“ပွင့်ပွင့်လင်းလင်းပြောရင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ ထားဝယ်ခရိုင် ကံပေါက်ဒေသဆိုတာ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအများကြီးရှိသေးတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်လား။ အများကြီးရှိတယ်။ နယ်စပ်ဂိတ်ပေါက်တွေမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတာတွေလည်း ရှိသေးတယ်။ အရမ်းရုပ်ဆိုးအောင်တော့ မလုပ်လောက်ဘူး။ သူ့အကျိုးစီးပွား ထိမယ့်ဟာတော့ မလုပ်လောက်ဘူးထင်တယ် ” ဟု ၎င်းက မှတ်ချက်ပေးသည်။
တနင်္သာရီတိုင်းရှိ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ထီးခီးရွာကိုလည်း KNUနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ ထိုင်းနိုင်ငံဘက်က လိုလားသည့်အချက်များအား မြန်မာစစ်တပ်ဘက်က မည်မျှလိုက်လျောအကောင်အထည်ဖော်ပေးမည် ဆိုသည့်အချက်ပေါ်မူတည်၍ မြန်မာတော်လှန်ရေးတပ်များကို ဖိအားပေးခြင်း ဖြစ်လာနိုင်ကြောင်း ဆိုသည်။
“ထိုင်းက ဘယ်လောက်ထိ လုပ်မလဲကတော့ ထိုင်းတွေကို မအလကလည်း ဘယ်လောက် ပြန်လုပ်ကူမလဲ ဆိုတဲ့ အပေါ်မူတည်ပါတယ်။ ဥပမာ မြစ်ရေညစ်ညမ်းတာ၊ မူးယစ်ဆေးဝါး၊ ကျားဖြန့် စတာတွေပေါ့။ အရမ်း မစိုးရိမ်ရပေမယ့် သတိထားရပါမယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနယ်စပ်အခြေစိုက် RCSS ၊ KNU၊ KNPP ၊ NUG ၏ သဘောထားများသိနိုင်ရန် ပြောရေးဆိုခွင့် ရှိသူများကို Myanmar Now က ဆက်သွယ်သော်လည်း ယနေ့ မွန်းလွဲပိုင်းအထိ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

မကြာသေးခင် ဇူလိုင်လ ၁၂ ရက်နှင့် ၁၃ ရက်တွင် ထိုင်းနိုင်ငံ၏ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမှုဖြင့် ဘန်ကောက်နှင့် ပတ္တရားတို့တွင် အာဆီယံပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။
ဘန်ကောက်ဆွေးနွေးပွဲကို မြန်မာစစ်အစိုးရ၏နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်လာပြီး ကမ္ဘောဒီးယားနှင့်၊ မလေးရှားမှလွဲ၍ ကျန်အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြသည်။
ဇူလိုင်လ ၁၃ ရက်တွင် ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲ၌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် တိုင်းရင်းသားလက်နက်ကိုင် ခြောက်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် မွန်ပြည်သစ်ပါတီ(NMSP)ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် စစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးအပါအဝင် စစ်တပ်နှင့်နီးစပ်သည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေတို့နှင့် ဆက်လက် တွေ့ဆုံသည်။
အာဆီယံ အထူးသံတမန်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၄ ရက်တွင် NUG နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ပတ္တရားဆွေးနွေးပွဲအရေး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံးမှ ဇူလိုင်လ ၁၄ ရက်တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများအကြား အားလုံးပါဝင်နိုင်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်မည့် နည်းလမ်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။
အဖွဲ့အစည်းအားလုံးကလည်း ဆွေးနွေးပွဲဖြစ်စဉ်အပေါ်ကို ပွင့်လင်းစွာလက်ခံကြောင်း ပြသခဲ့ပြီး အပြုသဘော ဆောင်သော ဆွေးနွေးပွဲများဖြစ်ရန်နှင့် ပါဝင်ပတ်သက်သူအားလုံး သေချာစွာ ပြင်ဆင်ရန် အရေးကြီးသည်ဟု ဆိုခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုတွေ့ဆုံမှုအခင်းအကျင်းများသည် စစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မဟုတ်ကြောင်း SCEF (KNU၊ KIA၊ KNPP၊ CNF) အဖွဲ့ဝင်များက ထုတ်ပြန်ထားကြပြီး NUG ဘက်ကလည်း ၎င်းတို့နှင့် တူညီသည့်သဘောထားရှိသည်ဟု ဆိုထားသည်။
စစ်တပ်က ရက် ၁၀၀ ဆွေးနွေးပွဲ ဖိတ်ခေါ်ထားရာ အပစ်ရပ်အဖွဲ့များသာမက “ဝ” တပ် (UWSA)၊ မိုင်းလားတပ် (NDAA)၊ တအာင်းတပ် (TNLA)၊ ရှမ်းတပ် (SSPP) တို့ တက်ရောက်ထားပြီး ကိုးကန့်တပ် (MNDAA) လည်း တက်ရောက်မည်ဖြစ်သည်။
NUG အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများ၏ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သော အာရက္ခတပ်တော် (AA)၊ KNU၊ KIA၊ KNPP၊ CNF တို့က စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိပေ။
လတ်တလောတွင် စစ်တပ်သည် ဇူလိုင်လ ၃၁ ရက်က ကုန်ဆုံးသွားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလကို အချိန်တစ်လထပ်တိုး၍ ကျန်အဖွဲ့များ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်နေသည်။



