ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် ဩဂုတ်လ ၄ ရက်က စစ်တပ်ဒရုန်းဗုံးကြောင့် အသက် ခြောက်လအရွယ် ကလေးငယ်အပါအဝင် ဒေသခံ ငါးဦးသေဆုံးခဲ့သည်ဟု စစ်ရှောင်အရေးကူညီနေသူများ ထံက သိရသည်။
ဖရူဆိုမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာ ဒေါကူလယ် (Daw Ku Lel) ရွာကို ထိုနေ့ ညနေ ၆ နာရီခန့်တွင် စစ်တပ်ဒရုန်းတစ်စီးက ဗုံးနှစ်လုံးကြဲချခဲ့ရာ နေအိမ်တစ်လုံး ဗုံးထိမှန်ခဲ့ပြီး ခြောက်လအရွယ် မကက်သရင်း အပါအဝင် မိသားစုဝင်လေးဦး၊ အခြားဒေသခံတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်အရေးကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။
“ဒေါကူလယ်က ဖရူဆိုတပ်နဲ့ အရမ်းနီးတယ်၊ နီးတော့ ရွာထဲမှာရှိနေတဲ့ အိမ်တစ်အိမ်ကို ကြဲသွားတာပေါ့နော်၊ တစ်မိသားစုတည်း လေးယောက်ဆုံးတဲ့အပြင် စုစုပေါင်း ငါးယောက်ဆုံးသွားတာပေါ့”ဟု စစ်ရှောင်အရေး ကူညီသူက ဆိုသည်။
သေဆုံးသူများမှာ မကက်သရင်း (အသက် ခြောက်လ) ၎င်း၏ မိသားစုဝင်များ အမျိုးသားများဖြစ်ကြသော ဦးဖိုးရယ် ( ၆၄ နှစ်)၊ မားဖဒိုဘီ(၂၅ နှစ်)၊ မာတီးယာ(၄၀ နှစ်) ဖြစ်ကြပြီး အခြားတစ်ဦးမှာ ဒေါ်စို့အူ (၄၉ နှစ်) ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ဒေါကူလယ် ဒေသခံ အခြားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ အသေးစိတ်အချက်အလက်များကိုမူ အတည်ပြုနေဆဲဖြစ်သည်။
မကက်သရင်း၏ မိခင်မှာ ၎င်းကို မွေးဖွားရင်း သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ငါးလကျော်အကြာတွင် ဒရုန်း ဗုံးကြဲမှုကြောင့် ယခုလို မကက်သရင်းပါ ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ စစ်ရှောင်အရေး ကူညီသူ အမျိုးသားထံက သိရသည်။
ကရင်နီဒေသတွင်းတိုက်ပွဲများကြောင့် ဖရူဆိုမြို့ပေါ်နှင့် အနီးအနားကျေးရွာများမှ ဒေသခံအများစုမှာ စစ်ရှောင်စခန်းများတွင် သွားရောက် ခိုလှုံနေကြသော်လည်း ဒေသခံအချို့သည် စားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်ရန် ၎င်းတို့၏ကျေးရွာများတွင် ပြန်လည်နေထိုင်ကြသည်ဟု သိရသည်။
“ပြည်သူတွေကလည်း အလှူရှင်တွေဆီက ရဖို့၊ စားဖို့ခက်တော့ တောင်ယာတွေမှာ သွားပြီးတော့ လုပ်ကိုင် စားသောက်ကြတော့ ရှင်းရှင်းပြောရရင် စစ်ရှောင်စခန်းတွေမှာ သွားမနေကြဘဲ ဒေါကူလယ်မှာပဲနေရင်း အခုလို အကြဲခံရတာပေါ့” ဟု အထက်ပါ စစ်ရှောင်ကူညီသူ အမျိုးသားက ပြောသည်။


ဒေါကူလယ်ရွာနှင့် နှစ်မိုင်ခန့်အကွာတွင်ရှိသည့် မိုဆိုကျေးရွာအနီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် စစ်တပ်က ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။
ပြီးခဲ့သည့်လများအတွင်း စစ်တပ်က ဖရူဆိုမြို့နယ်အနီးဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ပစ်မှတ်ထားသည့် ဒရုန်းဗုံးဖြင့် တိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ကရင်နီပြည်ကြားကာလကောင်စီ (IEC) ၏ အတွင်းရေးမှူး(၂) ဗညားခွန်အောင်က ပြောသည်။
“တိုက်ပွဲဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ သူတို့ (စစ်တပ်)ရဲ့ ပစ်မှတ်ကတော့ လူထုတွေကို ဒရုန်းဗုံးတွေ၊ အသေခံဒရုန်းတွေနဲ့ ဆက်တိုက်ဆိုသလိုပေါ့။ အခုလပိုင်းမှာ ဗုံးကြဲတာတွေများလာပါတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ ဩဂုတ်လ ၄ ရက်က ဖရူဆိုမြို့အရှေ့ဘက် ကျေးရွာတစ်ရွာကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြေပဲစိုက်တောင်သူ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်တပ်က ဖရူဆိုမြို့ကို ထိန်းချုပ်ထားပြီး မြို့ပေါ်နှင့် မြို့အနီးတွင် စစ်တပ်၏ အမှတ် (၄၂၈)နှင့် အမှတ် (၅၃၁) ခြေမြန်တပ်ရင်းနှစ်ခုနှင့် အမှတ်(၁၄) တန်းမြင့်စစ်သင်တန်းကျောင်းတို့ အခြေစိုက်ထားသည်။
လတ်တလောတွင် ဖရူဆို- ဒီးမော့ဆို- လွိုင်ကော်လမ်းမကြီးကို စိုးမိုးနိုင်ရန် စစ်တပ်က ကြိုးပမ်းနေပြီး အဆိုပါ လမ်းပိုင်းတလျှောက် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု ဒေသတွင်းအခြေစိုက် ကရင်နီတော်လှန်ရေးတပ်များထံက သိရသည်။
စစ်တပ်က ယခုလအတွင်း ဖရူဆို၊ ဒီးမော့ဆိုနှင့် မိုးဗြဲဒေသများတွင် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အရပ်သားသေဆုံးမှုများ မကြာခဏဖြစ်ပေါ်နေသည်ဟု အရေးပေါ်ကူညီ ကယ်ဆယ်ရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(ကရင်နီ)- CTER က ဩဂုတ်လ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
တော်လှန်ရေးအားကောင်းသည့် ကယား(ကရင်နီ) ပြည်နယ်တွင် စစ်တပ်က အဓိကကျသော မြို့ကြီးများ ဖြစ်သည့် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဘော်လခဲ၊ ဖရူဆို၊ ဖားဆောင်း စသော နေရာများကို ပြန်လည် ထိန်းချုပ်ထားသည်။
ကရင်နီအခြေစိုက် တော်လှန်ရေးတပ်များကမူ မယ်စဲ့၊ ရှားတော၊ ရွာသစ်၊ မော်ချီး၊ နန်းမယ်ခုံ စသည့်မြို့ များနှင့် ကျေးရွာတို့ကို အဓိကထိန်းချုပ်ထားသည်။



