သတင်း

မြန်မာကို လက်နက်မပို့ကြောင်း စင်ကာပူ ထပ်မံ ငြင်းဆို

စစ်ကောင်စီအတွက် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးပို့ရာတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီများ ပါဝင်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့တွင် ထပ်မံ ငြင်းဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ၏ မေလ ၁၇ ရက်နေ့ ရက်စွဲတပ် အစီရင်ခံစာတွင် တိုက်လေယာဉ်အများစုအပါအဝင် ဒေါ်လာ သန်း ၁,၀၀၀ ထက်မနည်း တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ စစ်ကောင်စီ ဝယ်ယူရာတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေကြောင်း ဖော်ပြခဲ့သည်။

ထိုအစီရင်ခံစာပါ ကုမ္ပဏီများကို အရေးယူမှုအခြေအနေနှင့် ဖြစ်ပေါ်တိုးတက်မှုကို စင်ကာပူလွှတ်တော်အမတ်တချို့က မေးမြန်းရာ စစ်ဘက်ဆိုင်ရာ လက်နက်များလွှဲပြောင်းခြင်းကို တားဆီးမည့်ကတိ ဆက်ရှိနေဆဲဖြစ်သည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဖြေကြားချက်တွင် ဖော်ပြထားသည်။

“လက်နက်မဲ့ အရပ်သားများကို အကြမ်းဖက်ရန် အသုံးပြုနိုင်သည့် အန္တရာယ်ရှိ စစ်ဘက်ဆိုင်ရာ လက်နက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းသည်ကို တားဆီးသည့် မူဝါဒ ရှိပြီးဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သည့် မည်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အရေးယူရန် တွန့်ဆုတ်နေမည် မဟုတ်ပါ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံသို့ လက်နက်များ မရောင်းတော့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြောကြားခဲ့ပြီး ဖြစ်သည်။

“အရပ်သားများကို တန်ပြန်တိုက်ခိုက်ဖို့ မသင့်လျော်တဲ့ ပစ္စည်းများကိုလည်း အမြဲတစေ ကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းရောင်းချမှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ရှေ့ဆက်ပြီးလည်း တာဝန်သိစိတ်နဲ့ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ လွှတ်တော်အစည်းအဝေးတွင် ကတိပေးထားသည်။

Tom Andrews ၏ စွပ်စွဲချက်

ကုလအထူးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံထုတ် Mi 35 ရဟတ်ယာဉ်၊ MIG 29 ဂျက်တိုက်လေယာဉ်၊ Yak 130 လေယာဉ်များ၊ တရုတ်နိုင်ငံထုတ် K-8 ဂျက်တိုက်လေယာဉ်များ ဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။

ထိုကုန်သွယ်မှုကို “သေမင်းတမန် ကုန်သွယ်မှု” ဟု Tom Andrews က ဆိုပြီး စင်ကာပူမှ မြန်မာသို့ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဒီဇင်ဘာအတွင်း ပို့ဆောင်မှုမှာ ဒေါ်လာ ၂၅၄ သန်းဖိုး ရှိသည်၊ လက်နက်ကုန်ကူးသူတို့က စင်ကာပူဘဏ်များကို အကြီးအကျယ် အသုံးချခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုအစီရင်ခံစာပါ အချက်အလက်များကို အလွန်အလေးအနက်ထားပြီး လက်နက်ကုန်သွယ်ရာတွင် စင်ကာပူအခြေစိုက် အဖွဲ့အစည်းနှင့် ကုမ္ပဏီ ၄၇ ခု၏ အသေးစိတ်အချက်အလက်များနှင့် တိကျသေချာသည့် အထောက်အထားများ ပေးပို့ရန် Tom Andrews ထံ တောင်းဆိုထားသည်၊ နောက်ထပ် အဖွဲ့အစည်း ၉၁ ခုကိုလည်း ဆက်လက် ဖော်ထုတ်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်က ဆိုသည်။

ငွေပေးငွေယူ စာရွက်စာတမ်းများကဲ့သို့သော အသေးစိတ်အချက်အလက်များ အပါအဝင် စင်ကာပူအခြေစိုက် အဖွဲ့အစည်းများမှတစ်ဆင့် မြန်မာစစ်တပ်သို့ တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ ရှာဖွေနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကုလအထူးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် စစ်ကောင်စီနှင့် လက်နက်ကုန်သွယ်သည့် နိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးပြ ဇယား။

စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်ရန် တိကျသော၊ စိစစ်နိုင်သော၊ တရားရုံးက လက်ခံနိုင်သော အချက်အလက်များ ရှာဖွေရန် Mr Andrews နှင့် အနီးကပ် အပြုသဘောဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လုပ်ငန်းပေါင်း ၄၇ ခုအနက် အများစုသည် စင်ကာပူဘဏ်များနှင့် စီးပွားရေးဆိုင်ရာ ပတ်သက်မှု မရှိကြောင်း၊ ဘဏ်များက ကျန်ရှိနေသည့် အကောင့်များကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။

မြန်မာနိုင်ငံသို့ လက်နက်ကုန်သွယ်သည်ဟု စွပ်စွဲခံထားရသည့် အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်မည့် စင်ကာပူ၏ လုပ်ဆောင်ချက်သည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု နောက်ဆုတ်သွားစေပြီး ပြည်သူများကို ဆင်းရဲတွင်းနက်စေမည့် ကုန်သွယ်မှု ပိတ်ဆို့ရန် မရည်ရွယ်ဟုလည်း ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွင်း စင်ကာပူနှင့် မြန်မာ ကုန်သွယ်မှုသည် ဒေါ်လာ ၅.၈ ဘီလျံ ရှိခဲ့သည်။

ထိုအခြေအနေတွင် “စင်ကာပူအစိုးရသည် မြန်မာနိုင်ငံအပေါ် အထွေထွေကုန်သွယ်မှု ပိတ်ဆို့အရေးယူမှု ချမှတ်ထားခြင်းမရှိပါ။ မြန်မာနိုင်ငံပြည်သူတွေကို ထပ်မံဒုက္ခမရောက်စေလို” ဟု ဝန်ကြီးဌာနထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ တောင်ကိုရီးယားပညာရှင် ယန်ဟီးလီပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ Special Advisory Council for Myanmar (SAC-M) ၏ ယခုနှစ် ဇန်နဝါရီ ၁၆ ရက် အစီရင်ခံစာတွင်လည်း စင်ကာပူနိုင်ငံသည် မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေမည့် ကုန်ကြမ်းအများအပြား သယ်ယူရာတွင် ကြားခံနိုင်ငံဖြစ်နေသည်ဟု ဖော်ပြထားသည်။

စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့ကလည်း မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ လက်နက်ခဲယမ်းများ ဝယ်ယူပေးနေသည့် မြန်မာနှင့် စင်ကာပူကုမ္ပဏီ ၁၁၆ ခု ရှိပြီး ဒါရိုက်တာနှင့် ရှယ်ယာရှင် ၂၆၂ ဦးရှိကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button