
မြန်မာနိုင်ငံသို့ လက်နက်များ မရောင်းတော့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) က လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။
ယခင်မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ တောင်ကိုရီးယားပညာရှင် ယန်ဟီးလီပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ Special Advisory Council for Myanmar (SAC-M) ၏ ဇန်နဝါရီ ၁၆ ရက် အစီရင်ခံစာတစ်ရပ်တွင် စင်္ကာပူနိုင်ငံသည် မြန်မာစစ်တပ်အတွက် လက်နက်ထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေမည့် ကုန်ကြမ်းအများအပြား သယ်ယူရာတွင် ကြားခံနိုင်ငံဖြစ်နေသည်ဟု ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်အပေါ် အခြေခံ၍ စင်္ကာပူလွှတ်တော်အမတ် Dennis Tap က စင်္ကာပူနိုင်ငံသည် လက်နက်လွှဲပြောင်းမှုဆိုင်ရာ တားမြစ်ချက်များကို လိုက်နာမှု ရှိ၊မရှိ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကို မေးခွန်းထုတ်ခဲ့သည်။
ထိုမေးမြန်းမှုအပေါ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက စစ်ဘက်ဆိုင်ရာ လက်နက်များ သို့မဟုတ် ပစ္စည်းများ မြန်မာနိုင်ငံသို့ လွှဲပြောင်းခြင်းကို ခွင့်မပြုကြောင်း ငြင်းဆိုသွားခြင်းဖြစ်သည်။
စင်္ကာပူနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီ အာဏာမသိမ်းခင်ကာလတွင် မြန်မာနိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သည်ဟု ဆိုသည်။
သို့သော် စင်္ကာပူနိုင်ငံသည် “ မြန်မာနိုင်ငံသို့ ကာကွယ်ရေးပစ္စည်းများရောင်းချမှု ကြီးကြီးမားမားမရှိခဲ့ဘဲ အရပ်သားများကို တန်ပြန်တိုက်ခိုက်ရန် မသင့်လျော်သည့် ပစ္စည်းများကိုလည်း အမြဲတစေ ကန့်သတ်ထားပါတယ်၊ မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းရောင်းချမှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ရှေ့ဆက်ပြီးလည်း တာဝန်သိစိတ်နဲ့ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု စင်္ကာပူနိုင်ငံခြားရေး၀န်ကြီးဟောင်း George Yeo ၏ ပြောဆိုချက်ကို ကိုးကားလျက် လက်ရှိနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Vivian Balakrishnan က ပြောကြားခဲ့သည်။
“ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လွယ်ကူချောမွေ့စေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့ လက်တွဲဆောင်ရွက်သွားဖို့ စင်္ကာပူနိုင်ငံက ကတိပြုထားပါတယ်” ဟုလည်း Vivian Balakrishnan က ပြောသည်။
စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကမူ မြန်မာစစ်ကောင်စီကို လက်နက်နှင့် ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသည့် ပွဲစားများအတွက် စင်္ကာပူဘဏ်များက ငွေပေးငွေယူ ပြုလုပ်နိုင်ရန် ပံ့ပိုးပေးနေသည်ဟု ဆိုသည်။
“စင်္ကာပူနိုင်ငံဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းအချို့လုပ်ဆောင်နေပေမဲ့ မြန်မာစစ်အစိုးရရဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အဆုံးသတ်ဖို့ ပိုမိုတွန်းအားပေးသင့်ပါတယ်” ဟု ပြောသည်။
စင်္ကာပူနိုင်ငံသည် ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားကို လက်နက်ရောင်းဝယ်မှုဆိုင်ရာ အရေးယူဒဏ်ခတ်မှုများပြုလုပ်ခဲ့သည်ကို မရတနာမောင်က ထောက်ပြသည်။ “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အလားတူ အရေးယူသင့်ပါတယ်” ဟုလည်း မရတနာမောင်က ဆိုသည်။
Special Advisory Council for Myanmar (SAC-M) ၏ အစီရင်ခံစာတွင် စင်္ကာပူနိုင်ငံအပါအဝင် ဂျာမဏီ၊ အစ္စရေး၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နှင့် ယူကရိန်းနိုင်ငံတို့မှ ကုမ္ပဏီများသည် စစ်ကောင်စီလက်နက် ထုတ်လုပ်နိုင်ရန် အကူအညီပေးနေသည်ဟု ဖော်ပြထားသည်။
အဆိုပါ နိုင်ငံများမှ နိုင်ငံပိုင်ကုမ္ပဏီများအပါအဝင် အင်ဂျင်နီယာများက မြန်မာနိုင်ငံရှိ လက်နက်ထုတ်စက်ရုံများကို တိုက်ရိုက်ပံ့ပိုးခြင်းနှင့် နည်းပညာများ ဖြန့်ဝေခြင်းတို့ကို စစ်ကောင်စီနှင့် သဘောတူညီချက်ရယူ လုပ်ဆောင်နေသည်ဟုလည်း SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက်နှင့် ပတ်သက်၍ SAC-M သို့ Myanmar Now က E-mail ဖြင့် ဆက်သွယ်မေးမြန်းရာတွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ထားသည်ကို ကြိုဆိုလိုက်ပြီး စစ်အုပ်စုနှင့် ပတ်သက်သည့် ကွန်ရက်များ၊ စီးပွားရေးလုပ်ငန်းများကိုလည်း အရေးယူသင့်ကြောင်း ဖြေကြားသည်။
“စစ်ခေါင်းဆောင်များ၊ ကာကွယ်ရေးလက်နက်စက်ရုံများအပြင် လက်နက်ပွဲစားများ၏ ကွန်ရက်များနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအားလုံးကို ပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်သည်။ ထို့အပြင် စင်္ကာပူရှိ ဘဏ်များသည်လည်း မြန်မာစစ်တပ်နှင့် စစ်ဗိုလ်ချုပ်များက ငွေအပ်နှံခြင်း သို့မဟုတ် ငွေကြေးခဝါချမှုအတွက် အသုံးပြုခြင်းကို တားဆီးသင့်သည်” ဟု SAC-M က ဆိုသည်။
SAC-M ကို မြန်မာနိုင်ငံအတွင်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် ယန်ဟီးလီအပြင်၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင် ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားနိုင်ငံ ရှေ့နေချုပ်ဟောင်း Marzuki Darusman နှင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင် အဖွဲ့ဝင်ဟောင်း သြစတြေးလျနိုင်ငံမှ လူ့အခွင့်အရေးရှေ့နေ Chris Sidoti တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ SAC-M ကို မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တာဝန်ခံမှုနှင့် တရားမျှတမှုတို့အတွက် ပံ့ပိုးကူညီရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)