သတင်း

စစ်ကောင်စီလက်နက်ဝယ်ရာတွင် ထိုင်းဘဏ်များကို သုံးခွင့်မပြုဟု ထိုင်းလွှတ်တော်ပြော

စစ်ကောင်စီ လက်နက်ဝယ်ရာတွင် ထိုင်းနိုင်ငံ၏ ဘဏ်စနစ်ကို အသုံးပြုမည်ဆိုပါက လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ထိုင်းလွှတ်တော်၊ အမျိုးသားလုံခြုံရေးဆိုင်ရာကော်မတီက ပြောသည်။

စစ်ကောင်စီ လက်နက်ဝယ်ရာတွင် ထိုင်းနိုင်ငံ၏ ဘဏ်စနစ်ကို အသုံးပြုမည်ဆိုပါက လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ထိုင်းလွှတ်တော်၊ အမျိုးသားလုံခြုံရေးဆိုင်ရာကော်မတီက ပြောသည်။

စစ်ကောင်စီ လက်နက်ဝယ်ရေး ငွေပေးချေရာတွင် ထိုင်းဘဏ်များက အကူအညီပေးနေသည်ဟု ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်တွင် ဖော်ပြပြီးနောက် ဘဏ်လုပ်ငန်းရှင်များကို ယမန်နေ့ ဇူလိုင် ၁၁ တွင် ခေါ်ယူ ဆွေးနွေးစဉ် ကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က ထိုသို့ ပြောဆိုကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လွှတ်တော်ကော်မတီက ပြုလုပ်သည့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးကိုပါ တက်ရောက်စေခဲ့သည်ကို တွေ့ရသည်။

တွမ်အင်ဒရူး၏ ဇွန်လ ၂၆ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသကဲသို့ အရပ်သားများကို အကြမ်းဖက်နေသော မြန်မာစစ်တပ် လက်နက်ပစ္စည်း ဝယ်ယူရာတွင် ထိုင်းဘဏ်များကို အသုံးပြု ငွေပေးချေခြင်း ရှိ၊ မရှိ စုံစမ်း သိရှိနိုင်ရန် ခက်ခဲသည်ဟု ထိုင်းဘဏ်များက ပြောဆိုကြသည်။

ဘဏ်များသည် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာနေသည်၊ ငွေပေးချေမှုများကို စုံစမ်းစစ်ဆေးရန် ခက်ခဲသည်၊ လောင်စာဆီဝယ်ယူမှုအတွက် တစ်ဆင့်ခံငွေပေးချေမှုများကိုပင် မသိနိုင်ဟု Krung Thai Bank မှ အကြီးတန်းအမှုဆောင်အရာရှိချုပ် Pongsit Chaichutpornsuk က ပြောသည်။

“ဒီကိစ္စတွေက ကျွန်တော်တို့ သိမြင်နိုင်တာထက် ကျော်လွန်နေပါတယ်။ ဒါ့အပြင် ဒီလိုကိစ္စတွေအတွက် စုံစမ်းဖော်ထုတ်နိုင်သူတွေလည်း ဘဏ်တွေမှာ ရှိမနေပါဘူး” ဟု Pongsit Chaichutpornsuk က ထိုင်းဘဏ်များအသင်းကိုယ်စားပြုကာ ပြောဆိုသည်။

ထိုင်းအစိုးရနှင့် စည်းကမ်းထိန်းသိမ်းသူတို့က တိကျရှင်းလင်းသော ညွှန်ကြားချက်များ ထုတ်ပြန်ပေးမည်ဆိုပါက ဘဏ်များအားလုံး အတိအကျ လိုက်နာမည်ဟုလည်း Pongsit Chaichutpornsuk က ပြောသည်။

စစ်ကောင်စီသည် လက်နက်​ဝယ်ရန် ထိုင်းဘဏ် ၅ ခုမှတစ်ဆင့် ငွေပေးချေမှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်အထိရှိသည်၊ ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်လာသည်ဟု ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်သည့် တွမ်အင်ဒရူး၏ အစီရင်ခံစာတွင် ဖော်ပြသည်။

Siam Commercial Bank (SCB) က အများဆုံးဝန်ဆောင်မှုပေးခဲ့ပြီး အခြားဘဏ် ၄ ခု မှာ Bangkok, Kasikorn, TMB Thanachart, Krung Thai တို့ ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ငွေပေးချေမှုသည် စစ်လက်နက်၊ စစ်ဘက်သုံးထောက်ပံ့ရေးပစ္စည်းများ၊ လောင်စာဆီ ဝယ်ယူမှုများအတွက် ဖြစ်သည်ဟု အစီရင်ခံစာက ပြောသည်။

ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့က အဆိုပါ ငွေပေးချေမှု အားလုံးကို စုံးစမ်းစစ်ဆေးသွားမည်ဟု ပြောသည်။

စစ်လက်နက်​ဝယ်ယူမှုအတွက် ငွေပေးချေမှုများတွင် ပါဝင်ပတ်သက်နေပါကလည်း အရေးယူသွားမည်ဟုလည်း ဆိုသည်။

ထို့အပြင် ယခုကိစ္စရပ်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဘဏ်များအသင်း၊ ထိုင်းဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့ လေ့လာစုံစမ်းကြပြီး ရက် ၃၀ အတွင်း ကော်မတီထံသို့ အစီရင်ခံစာ ပြန်တင်ပြရန် ညွှန်ကြားခဲ့သည်။

၂၀၂၁ နှစ်ဆန်းပိုင်းတွင် အာဏာသိမ်းသည့် စစ်တပ်က နိုင်ငံအနှံ့ ခုခံတော်လှန်မှုကို နှိပ်ကွပ်ရာတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကို အားပြုနေရာ အရပ်သားအများအပြား နေ့စဉ် သေဆုံးနေကြရသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်သည် အရပ်သား ၅,၃၀၀ ကျော်ကို သတ်ဖြတ်ထားသည်၊ ဆန့်ကျင်ဘက်အင်အားစုဟု စွပ်စွဲ ဖမ်းဆီးခံရသူ ၂၀,၀၀၀ ကျော် ရှိသည်ဟု အချက်အလက်များကို လက်လှမ်းမီသမျှ စုဆောင်းနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီကို လက်နက်ရောင်းချသည့် ထိပ်တန်းနိုင်င်တို့မှာ တရုတ်၊ ရုရှားတို့ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button