သတင်း

ပြည်ပရောက်လုပ်သားနှင့် သင်္ဘောသားများ အခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးပေးမည်

ဘဏ္ဍာရေးအရှိုက်ထိနေသည့် စစ်ကောင်စီက အမေရိကန်ဒေါ်လာရရန် သင်္ဘောသားများနှင့် ပြည်ပနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများထံမှ တစ်ရစ်ပြီးတစ်ရစ် ညှစ်ထုတ်နေသည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်သူများ၊ သင်္ဘောသားများ နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းတိုးလိုလျှင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသော အခွန်ကင်းရှင်းကြောင်း (အခွန်ပေးဆောင်ပြီးဖြစ်ကြောင်း) ထောက်ခံစာပါမှ ရမည်ဟု စစ်ကောင်စီ၏ ပတ်စ်ပို့ရုံးများတွင် ကြေညာထားသည်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်သည့် Passport For Job(PJ) နှင့် သင်္ဘောသားများအတွက် ထုတ်ပေးထားသော Passport For Seaman (PS) သက်တမ်းလာတိုးလျှင် ထိုထောက်ခံစာ ယူလာရန် ပတ်စ်ပို့ရုံးအချို့တွင် အသိပေးစာများကပ်ထားကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ထိုသို့ ကန့်သတ်လိုက်သည်မှာ မှန်ကန်ကြောင်း ဖုန်းလက်ခံဖြေကြားသူက ပြောသည်။ အသေးစိတ်ထုတ်ပြောရန် ထိုသူက ငြင်းဆိုသည်။

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်လျှင် သက်တမ်းတိုးပေးမည်မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တစ်ခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည့်အစီအစဉ်ရှိသည်ဟု ၎င်းထံမှ သိရသည်။ 

အာဏာသိမ်းပြီး သုံးနှစ်နီးပါးအတွင်း နိုင်ငံအနှံ့ ဆန့်ကျင်တော်လှန်မှု၊ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေအကြီးကျယ်လိုအပ်နေကာ ဘဏ္ဍာရေးအရှိုက်ထိနေသည့် အာဏာသိမ်းစစ်ကောင်စီက ယခုလ (အောက်တိုဘာ) မှစတင်ကာ ပြည်ပရောက်အလုပ်သမားများထံမှ တစ်ကျော့ပြန် အခွန်ကောက်ခံမည်ဟု ကြေညာပြီးနောက်တွင် ပတ်စပို့ဖြင့် ကန့်သတ်ထိန်းချုပ်မည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများအနေဖြင့် စစ်ကောင်စီကို မဖြစ်မနေအခွန်ဆောင်ရမည့် သဘောဖြစ်သွားပြီး မပေးဆောင်ပါက နိုင်ငံခြားပြန်လည်ထွက်ခွာ၍မရ၊ ပြည်ပနိုင်ငံများတွင် ဆက်လက်နေထိုင်ခွင့်မရမည့် အခြေအနေဖြစ်လာကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အခွန်ဆိုင်ရာ ကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ဆိုသည်။ 

“ဒီဇာတ်လမ်းပဲ လာမှာပဲလေ။ ပိုက်ဆံပို့ကို ပို့ရမယ်ဆိုတဲ့သဘော ဖြစ်သွားတာပေါ့။ သက်သက် ဓားပြတိုက်တာပေါ့” ။

ကရင်ပြည်နယ်၊ မြ၀တီမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကပ်ထားသော ကြေညာချက်။ ဓာတ်ပုံ-ပေးပို့

ပြည်ပရောက် မြန်မာအလုပ်သမားနှင့် နိုင်ငံသားများထံမှ ဝင်ငွေခွန်စည်းကြပ်ကောက်ခံရန် ၂၀၂၃ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၃ တွင် စစ်တပ်ထိန်းချုပ် နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာသည်။

တစ်နှစ်တစ်ကြိမ်ပြဋ္ဌာန်းသည့် ၂၀၂၃ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေပါ ပုဒ်မ ၂၂ ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကမန်းကတမ်း လက်မှတ်ရေးထိုးကာ ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး ၂၀၂၃ အောက်တိုဘာမှ လာမည့်နှစ် မတ် ၃၁ ထိ ၆ လကြာ အကျိုးသက်ရောက်မည်ဖြစ်သည်။

ထိုပြင်ဆင်ချက်ကြောင့် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ဇန်နဝါရီမှစတင်ကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကင်းလွတ်ခွင့်ပြုခဲ့သည့် ပြည်ပရောက်အလုပ်သမာများထံမှ နိုင်ငံခြားငွေဖြင့် ပေးချေရမည့် လစာပေါ်မှ စည်းကြပ်မည့် ဝင်ငွေခွန်ကို အောက်တိုဘာမှစ၍ ပြန်လည်ကောက်ခံတော့မည်ဖြစ်သည်။ 

ပြင်လိုက်သည့် ဥပဒေတွင် ဝင်ငွေအလွှာအလိုက် တွက်ချက်ခြင်း၊ သက်သာခွင့်များ မနုတ်ဘဲ ဝင်ငွေအပေါ် ၂ ရာခိုင်နှုန်းကောက်ခံခြင်း ဟူသော နည်းလမ်းနှစ်မျိုးဖြင့် တွက်ပြီး နည်းရာအခွန်ပမာဏကို ပေးဆောင်ရမည်ဟု ပါရှိသည်။

ထို့ပြင် ပြည်ပတွင် ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားများအတွက် လစာမဟုတ်သော ဝင်ငွေကိုလည်း ကင်းလွတ်ခွင့်မပြုတော့ဘဲ ရရှိသောနိုင်ငံခြားငွေအမျိုးအစားဖြင့် စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ပြည်ပနိုင်ငံများ၌ စီပွားရေးလုပ်ငန်းကိုင်သူများ၊ လစာမဟုတ်သော ဉာဏ်ပူဆော်ခ၊ ဝန်ဆောင်ခရရှိသည့် နိုင်ငံသားများအနေဖြင့် စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည့်သဘောဖြစ်သည်။

အခွန်ကင်းရှင်းကြောင်း လက်မှတ်မပြနိုင်ပါက နိုင်ငံကူးလက်မှတ်ရုတ်သိမ်းခြင်း၊ အသစ်မထုတ်ပေးခြင်း၊ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းတို့အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့်ပါ အရေးယူနိုင်သည်အထိ စစ်ကောင်စီက တင်းကျပ်လာနိုင်သည်။

မြန်မာအနေဖြင့် အိန္ဒိယ၊ လာအို၊ မလေးရှား၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်နှင့် ဗီယက်နမ် စုစုပေါင်းနိုင်ငံ ၈ ခုဖြင့် အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်လက်မှတ်ထိုးထားသလို ထိုနိုင်ငံများတွင် မြန်မာအလုပ်သမားအများအပြား ရောက်ရှိနေရာ ၎င်းတို့အတွက် မည်သို့ဆောင်ရွက်မည်ကို မရှင်းလင်းကြောင်း အထက်ပါ အခွန်ကျွမ်းကျင်သူက ပြောသည်။

ဝင်ငွေရရန် အမျိုးမျိုးကြံစည်နေသည့် စစ်ကောင်စီ၏ အစီအစဉ်ကြောင့် အခွန်နှစ်ထပ်ကျနိုင်သော်လည်း နိုင်ငံကူးလက်မှတ်ဖြင့် ထိန်းချုပ်လာပါက စစ်ကောင်စီကို စေတနာမရှိသည့်တိုင် အလုပ်အကိုင်များကို အထိအခိုက်ခံနိုင်မည်မဟုတ်၍ ပေးဆောင်ရမည်သာဖြစ်ကြောင်း၊ ယခုအစီအစဉ်သည် စစ်ကောင်စီအတွက် ဝင်ငွေအများပြားရနိုင်ကြောင်း စင်ကာပူရောက် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

ထိုမတိုင်မီကတည်းက ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှတစ်ဆင့် ပြည်တွင်းရှိ မိသားစုဝင်များထံ မဖြစ်မနေပြန်လွှဲရန် စစ်ကောင်စီက သတ်မှတ်ထားပြီးဖြစ်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတစ်ခုတည်းတွင်ပင် တရားဝင်အထောက်အထားဖြင့် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းကျော်ရှိပြီး ထိုအထဲတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) ဖြင့် အလုပ်လုပ်သူ ၃ သိန်းကျော်ရှိကြောင်း ထိုင်းရောက် အလုပ်သမားလှုပ်ရှားသူများထံမှ သိရသည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ ၁၉၉၉ ခုနှစ်၊ အေဂျင်စီများမှတစ်ဆင့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့ အလုပ်သမား အများဆုံးစေလွှတ်ခဲ့ပြီ ၂၀၂၁ မတ်လအထိ ၁,၃၂၀,၉၁၄ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရချိန်တွင် ကုန်ကျစရိတ်ကြီးမားသည့် လေကြောင်းကိုသာ အားပြု တိုက်ခိုက်နေရသည့် စစ်ကောင်စီသည် ဘတ်ဂျက်လိုငွေပြဿနာကိုလည်း အကြီးအကျယ် ရင်ဆိုင်နေရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button