သတင်း

အလုပ်သမားများထံမှ အခွန်ကောက်မည့် စစ်ကောင်စီ အစီအစဉ် ဥရောပအထိ ခြေဆန့်လာ

ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံရောက် အလုပ်သမားများအပြင် ဥရောပဒေသတချို့တွင် ရောက်နေသည့် မြန်မာများထံမှ ငွေရရန် အာဏာသိမ်းကောင်စီက ကြိုးပမ်းလာသည်။

ဥရောပနိုင်ငံတချို့တွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများထံမှ ဝင်ငွေခွန်ကောက်ယူမည်ဟု စစ်ကောင်စီ၏ ယနေ့ (ဇန်နဝါရီ ၁၂) သတင်းစာများတွင် ရေးထားသည်။

ထိုနိုင်ငံများမှာ ဗြိတိန်၊ ဆွီဒင်၊ ဒိန်းမတ်၊ အိုင်ယာလန်တို့ဖြစ်သည်ဟု ဆိုသည်။

ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံရောက် မြန်မာများထံမှ ဝင်ငွေခွန်ကောက်ရေးအတွက် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို ဒီဇင်ဘာလအတွင်း တွေ့ခဲ့ရပြီး ဖြစ်သည်။

ပြည်ပရောက် အလုပ်သမားများ ဝင်ငွေခွန်ပေးဆောင်ရန် စစ်ကောင်စီက ဒီဇင်ဘာလအတွင်း ကြေညာစဉ် အခွန်ပေးဆောင်ရမည့်ကာလ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်သည်ဟု သတ်မှတ်ထားသည်။

အခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း အဆင်ပြေမည်ဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်မျိုးကိုလည်း သံရုံးများက ပြုလုပ်ပေးမည်ဟူသော စည်းကမ်းချက်ကို အသုံးပြုပြီး အခွန်ဆောင်ရန် ဖိအားပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေထီနှင့် ရတနာခွန် စသဖြင့် ရရှိနေသည့် အခွန်အမျိုးအစားတိုင်းတွင် ရငွေကျဆင်းနေကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် ပြည်တွင်းအခွန်ဦးစီးဌာန၏ အစီရင်ခံစာက ဆိုသည်။

ထိုအစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်အတွင်းရရှိသည့် အခွန်ငွေမှာ အရပ်သားအစိုးရလက်ထက် အနီးဆုံးကာလနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ကို တွေ့ရသည်။

၂၀၂၀ -၂၁ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန်ကျဆင်းသွားသည့် အခြေပြဇယား။

ထိုသို့အခွန်ရရှိမှုကျဆင်းသွားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းကျဆင်းသွားခြင်း၊ စီးပွားရေးပိတ်ဆို့ခံရခြင်းတို့ကြောင့် နိုင်ငံခြားငွေရပေါက်များ ပိတ်ဆို့သွားခဲ့ရာ ငွေလိုနေသည့် စစ်ကောင်စီသည် ပြည်ပရောက် အလုပ်သမားများထံမှ  ငွေညှစ်ထုတ်ခြင်းသာ ဖြစ်သည်ဟု အခွန်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“ဝင်ငွေရလမ်း သူတို့မှာ မရှိတော့ဘူး သူတို့ရနိုင်တဲ့ ဝင်ငွေရလမ်းကို ကြည့်မယ်ဆိုရင် မြန်မာပြည်ကနေ ထွက်သွားတဲ့ အလုပ်သမားတွေဆီကရတဲ့ ဝင်ငွေကို နားလည်လွယ်အောင် ပြောမယ်ဆိုရင်တော့ ဓားပြတိုက်တာပဲဗျ” ဟု ပြောသည်။

ပြည်ပရောက် အလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်းကို ၂၀၁၂ ဇန်နဝါရီမှ စတင်ပြီး ကင်းလွတ်ခွင့်ပြုခဲ့သည်။ သို့သော် နိုင်ငံခြားငွေအကြီးအကျယ်လိုနေသည့် စစ်ကောင်စီသည် စက်တင်ဘာ ၂၃ ရက်နေ့တွင် အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး အလုပ်သမားများထံမှ ငွေရရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။

အခွန်မဆောင်ပါက သက်ဆိုင်ရာနိုင်ငံများနှင့် နားလည်မှုစာချုပ် MoU ဖြင့် အလုပ်လုပ်သည့် အလုပ်သမားသည် စာချုပ်သက်တမ်းတိုးရန် စစ်ကောင်စီ၏ ဌာနဆိုင်ရာတို့က ခွင့်ပြုမည်မဟုတ်ပေ။

ထိုင်းနိုင်ငံတစ်ခုတည်းတွင်ပင် တရားဝင်အထောက်အထားဖြင့် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းကျော်ရှိသည်။ ထိုအထဲတွင် MoU ဖြင့် လုပ်နေသူ ၃ သိန်းကျော်ရှိကြောင်း ထိုင်းရောက်အလုပ်သမားအရေး လှုပ်ရှားသူများထံမှ သိရသည်။

အခွန်ဆောင်မှသာ သံရုံးများက ထောက်ခံပေးမည်ဆိုသော အချက်များ

ထိုင်းနှင့် အခြားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ စွန့်စားသွားရောက် အလုပ်လုပ်ကိုင်သူများထံမှလည်း ဝင်ငွေခွန်ကောက်မည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုင်းနိုင်ငံရောက် သန်းနှင့်ချီသော မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ တစ်လလျှင် ဘတ်ငွေ ၁၅၀ ကို ဝင်ငွေခွန်အဖြစ် ကောက်ခံမည်ဖြစ်ရာ ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်သည်။

ထိုင်းရောက် မြန်မာအလုပ်သမားတို့အတွက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား (CI) ကို စစ်ကောင်စီက ထုတ်ပေးမည်ဖြစ်ပြီး ထို့အတွက် အခွန်ဆောင်ပြီးကြောင်း အထောက်အထားပြသနိုင်ရမည်ဟုလည်း စစ်ကောင်စီ သံရုံးထုတ်ပြန်ချက်တွင်များတွင် ဖော်ပြသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတို့အတွက် ထိုင်နိုင်ငံအတွင်း စမွတ်စခွန်၊ ပထုံဌာနီ၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ဆူရတ်ဌာနီတို့တွင် CI ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ချင်းမိုင်၊ နခွန်စဝမ်နှင့် ဆုံခလာတို့တွင် ရွေ့လျားစခန်းများဖွင့်သွားမည်ဟု ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးက ဒီဇင်ဘာလအတွင်း ထုတ်ပြန်ထားသည်။

အခွန်ဆောင်ပြီးကြောင်း အထောက်အထားပြနမူနာ ပြေစာ။

စစ်ကောင်စီ အခွန်ကောက်မည့်အစီအစဉ်ကို ထိုင်းရောက်မြန်မာအလုပ်သမားတို့က ဒီဇင်ဘာလ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့၍ အလုပ်လုပ်ကြရသူများအပြင် အာဏာသိမ်းမှုကြောင့်လည်း ထိုင်းနိုင်ငံသို့ တိမ်းရှောင်ကာ ရွှေ့ပြောင်းအလုပ်သမားဖြစ်လာကြသူ များစွာရှိနေသည်။

ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် CDM ဝန်ထမ်းများ၊ နိုင်ငံရေးလှုပ်ရှားသူများထဲမှ တချို့က CI နှင့် ပန်းရောင်ကတ် ရယူထားကြသည်။ အခွန်ဆောင်ရန် ငြင်းပယ်မည့်သူများထဲတွင် ထိုသူများလည်း ပါဝင်သည်။

စစ်ကောင်စီကမူ ဝင်ငွေခွန်ပေးဆောင်ပါက အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကားဝယ်ယူရာတွင် အထောက်အကူပြုမည်၊ မိမိတို့ရငွေများသည် ငွေဖြူအဖြစ် အထောက်အထားပြနိုင်မည်ဟု စစ်ကောင်စီသံရုံးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဝင်ငွေခွန်ဆောင်ခြင်းသည် မိမိတို့နိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးခြင်း ဖြစ်သည်ဟု စည်းရုံးထားသည်။ သို့သော် ထိုအချက်ကို အလုပ်သမားတို့က အယုံအကြည်မရှိကြပေ။

ပြည်သူတို့ထံမှ ရသည့်ငွေကို သုံးပြီး ပြည်သူကို နှိပ်ကွပ်မည့် စစ်ကောင်စီ၏ အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အာဏာသိမ်းမှုဆန့်ကျင်သူများက လှုံ့ဆော်ထားသည်။

စစ်ကောင်စီကလည်း နိုင်ငံသားတိုင်း အခွန်ဆောင်ကြသည်ဟု တုံ့ပြန်ထားသည်။

Show More

Related Articles

Back to top button