အိမ်နီးချင်းထိုင်းနှင့် အခြားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ စွန့်စားသွားရောက် အလုပ်လုပ်ကိုင်သူများထံမှလည်း ဝင်ငွေခွန်ကောက်မည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် အခြားထောက်ခံစာများကို ထုတ်ပေးရာတွင် ဝင်ငွေခွန် စိစစ်ကောက်မည်ဟူသော စီမံဘဏ္ဍာဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၂ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။
တရားမဝင်လမ်းကြောင်းမှ ထွက်လာကြသည့် အလုပ်သမားများထံမှ အခွန်ငွေအများအပြား ရရှိနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်ကြောင်း အခွန်ကျွမ်းကျင်ပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“တော်တော်လေးကို တင်းတင်းကျပ်ကျပ်လုပ်တဲ့သဘောရှိတယ်။ အဲ့ဒီတော့ ဒါက ဓားပြတိုက်တာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုပညာရှင်က ပြောသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံကို ရသည့်နည်းဖြင့် ခိုးဝင်လာကြသည့် ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီရှိနေပြီး အထောက်အထားမဲ့ မြန်မာ့အလုပ်သမားများအနေဖြင့် ထိုင်းအစိုးရ ထုတ်ပေးသော အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ် ကိုင်ဆောင်ကာ ကြုံရာကျပန်းအလုပ်ကို အနိမ့်ဆုံးလုပ်ခလစာဖြင့် လုပ်ကိုင်နေကြရသည်။
ထိုပန်းရောင်ကတ်ကိုင်ထားသူများသည် စစ်ကောင်စီ၏ ဘန်ကောက်သံရုံး သို့မဟုတ် ချင်းမိုင်ကောင်စစ်ဝန်ရုံးက ကြီးကြပ်ထုတ်ပေးသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ပူးတွဲကိုင်ထားရခြင်းဖြစ်သည်။
အစိမ်းရောင် CI သက်သေခံလက်မှတ်စာအုပ်သည် မြန်မာနိုင်ငံသားဖြစ်ကြောင်း လက်မှတ်လည်းဖြစ်ပြီး တရားဝင်နိုင်ငံကူးလက်မှတ် (PJ) ကို ပြောင်းလဲလျှောက်ထားနိုင်မည်ဖြစ်သည်။
လာမည့်နှစ်ဆန်းမှစကာ မြန်မာရွှေ့ပြောင်းလုပ်သားတို့အတွက် ထိုင်နိုင်ငံအတွင်း စမွတ်စခွန်၊ ပထုံဌာနီ၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ဆူရတ်ဌာနီတို့တွင် CI ထုတ်ပေးရေးစခန်းများဖွင့်လှစ်သွားမည်ဖြစ်ပြီး ချင်းမိုင်၊ နခွန်စဝမ်နှင့် ဆုံခလာတို့တွင် ရွေ့လျားစခန်းများဖွင့်သွားမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယခုလ ၂၁ တွင် ထုတ်ပြန်ထားသည်။
အကောက်အခွန်ဆောင်ပြီးကြောင်း အထောက်အထားပြနိုင်မှသာ အောက်ပါ လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု ဒီဇင်ဘာ ၁၄ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
နေအိမ်နှင့် ပိုင်ဆိုင်မှုများ ပေါင်နှံရောင်းချကာ အလုပ်အကိုင်ရရှိရေးအတွက် စွန့်စား ရောက်လာသည့် ခရီးအတွက် ကူညီခြင်းမရှိဘဲ အခွန်ကောက်ခံခြင်းမှာ လုပ်အားခခေါင်းပုံဖြတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မတရားသောနည်းဖြင့် CI ကတ်တွေ၊ ပန်းရောင်ကတ်တွေလုပ်ရင် ဖြတ်တောက်မယ်ဆိုရင်၊ ဒီလိုမျိုး နည်းလမ်းနဲ့ လုပ်မယ်ဆိုရင် အလုပ်သမားတွေရဲ့လုပ်အားခကို တစ်နည်းအားဖြင့် ခေါင်းပုံဖြတ်တာလို့ မြင်တယ်” ဟု သူက ပြောသည်။
အောက်တိုဘာလဆန်းမှစတင်၍ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် တရားဝင်အလုပ်သမားများကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အခွန်ကောက်ခံနေပြီး နောက်ပိုင်းတွင် ပန်းရောင်ကတ်နှင့် CI ကိုင်ထားသူ မြန်မာများအလှည့် ရောက်လာမည်ဟု ထိုင်းတောင်ပိုင်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။
“သူတို့ (စစ်ကောင်စီ) ဆီက အထောက်အထားကို ကိုင်နေသရွေ့ကာလပတ်လုံး အခွန်ဆောင်ရမယ်။ နောက်ပြီးတော့ နေရပ်ကို ပြန်ပြီး ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းငွေလွှဲတဲ့ကိစ္စ လုပ်ရမယ်။ အဲဒီမှာတင် သေပြီ၊ ဘာဖြစ်လို့လဲဆိုတော့ လကုန်ရင် ဘယ်သူမှပိုက်ဆံက မကျန်ဘူး။ ကျန်တဲ့သူက နည်းတယ်။ စုနိုင်သူက နည်းတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိကာလတွင် လူမှုဖူလုံရေးရန်ပုံငွေမှ ရသင့်သည့် ထည့်ဝင်ငွေထုတ်ရန်၊ နစ်နာကြေးတောင်းဆိုရန်၊ အကြင်လင်မယားဖြစ်ကြောင်း ထောက်ခံချက်နှင့် မြန်မာသံရုံးမှ ရယူရန် လိုအပ်သည့် အထောက်အထားများပြုလုပ်ရာတွင် အခွန်ပေးဆောင်မှသာ ထုတ်ပေးမည်ဖြစ်၍ အခက်တွေ့နေကြောင်း ၎င်းက ဆိုသည်။
နည်းလမ်းပေါင်းစုံတင်းကျပ်၍ အခွန်ကောက်ခံရေးအစီအစဉ်သည် နိုင်ငံသားများကို တရားမဝင်နေထိုင် လုပ်ကိုင်သူဖြစ်စေရန် တွန်းပို့နေကြောင်း ၎င်းက ဆိုသည်။
အခွန်ကောက်ခံရာတွင် ကော်လာပြာ အထွေထွေလုပ်သားများ၏ ဝင်ငွေကို တစ်လ ဘတ် ၇၅၀၀ သတ်မှတ်ကာ ထိုအထဲမှ ၂ ရာခိုင်နှုန်းဖြစ်သည့် ဘတ် ၁၅၀ ကို အခွန်ဆောင်ရမည်၊ ကုမ္ပဏီဝန်ထမ်းများကဲ့သို့ ကော်လာဖြူလုပ်သားများကို ရရှိသည့်လစာအပေါ် ၂ ရာခိုင်နှုန်း တွက်ချက်ကောက်ခံမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ အခွန်ဆောင်ခိုင်းခြင်းကြောင့် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။
အာဏာသိမ်းစစ်တပ်ရန်ကြောင့် ထိုင်းနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် CDM ဝန်ထမ်းများ၊ နိုင်ငံရေးလှုပ်ရှားသူများထဲမှ တချို့က CI နှင့် ပန်းရောင်ကတ် ရယူထားကြသည်။ အခွန်ဆောင်ရန် ငြင်းပယ်မည့်သူများထဲတွင် ထိုသူများလည်း ပါဝင်သည်။
CI စာအုပ်ရရှိပါက ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်ရှိမည်ဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်ကို အခွန်မဆောင်လိုသဖြင့် ပန်းရောင်ကတ်နှင့် အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဖြင့်သာ နေထိုင်မည်ဟု မြန်မာ- ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ရောက်နေသည့် အမည်မဖော်လိုသူ မြန်မာတစ်ဦးက ပြောသည်။
“CI သွားလုပ်တဲ့အချိန် အခွန်တစ်ခါတည်းဆောင်ရမယ်ဆိုရင် မလုပ်ဘူးပေါ့။ လစဉ်ပေးရမယ့်ပုံစံမျိုးဆို CI သွားလုပ်မယ်။ လစဉ်မပေးဘူးဗျာ။ ပြည်တော်ဝင်ရင် ဖမ်းချင်ဖမ်းပေါ့။ ပြန်လည်း ပြန်တော့မှာ မဟုတ်ဘူး။ တော်လှန်ရေးအောင်မှ ပြန်မှာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ပြည်ပရောက်အလုပ်သမားများထံမှ ဝင်ငွေရှာသည့်အပြင် နွေဦးတော်လှန်ရေးတွင် အားကောင်းမောင်းသန်ထောက်ပံ့သည့် ၎င်းတို့ကို တစ်ပြိုင်တည်း နှိပ်ကွပ်လိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းကျော်ရှိနေကြောင်း အလုပ်သမားရေးလှုပ်ရှားသူများက ခန့်မှန်းထားသည်။
ပြည်တွင်း၌ စားဝတ်နေရေးအကျပ်အတည်းနှင့် အလုပ်အကိုင်ရှားပါးခြင်းကြောင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိရာ ထိုင်း၊ မလေးရှားတွင် တရားမဝင်မြန်မာအလုပ်သမားအများဆုံး ရောက်ရှိနေသည်။ အခွန်ကောက်ခံမှုတွင် ပြည်ပရောက်နိုင်ငံသားများအားလုံးထံမှ သိမ်းကျုံးကောက်ယူရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်ကြောင်း အခွန်ကျွမ်းကျင်သူများက ဆိုသည်။
စင်ကာပူ၊ တောင်ကိုးရီယားနှင့် ဂျပန်နိုင်ငံတို့တွင် ရှိနေသူတို့မှာ တရားဝင်လမ်းကြောင်းမှသာ သွားရောက်သူများဖြစ်ပြီး အများစုသည် မြန်မာပတ်စ်ပို့ကို မဖြစ်မနေ အသုံးပြုနေကြရသူများ ဖြစ်သောကြောင့် ကိုင်ဆောင်ထားကြသူများဖြစ်ရာ ထိုသူများ ပတ်စပို့သက်တမ်းတိုးရာတွင် အခွန်ကောက်ခံနိုင်မည်ဖြစ်သည်။ အခွန် မဖြစ်မနေပေးဆောင်ရန် ဖိအားပေးသည့် အနေဖြင့် အခွန်ဆောင်ပြီးကြောင်းပြေစာကို ရန်ကုန်လေဆိပ်တွင် ပြသရမည်ဟုလည်း အကြိမ်ကြိမ် ထုတ်ပြန် အသိပေးလျက်ရှိသည်။
နိုင်ငံခြားငွေလိုနေသည့် စစ်ကောင်စီက ပြည်ပရောက် သန်းနှင့်ချီသော အလုပ်သမားများ၊ နိုင်ငံသားများထံမှ ငွေညှစ်နိုင်သည့် အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၂ မှစ၍ ၁၀ နှစ်ကျော်ကြာ ကင်းလွတ်ခွင့်ပြုခဲ့သည့် ဝင်ငွေခွန်ကောက်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်အသက်သွင်းခဲ့သည်။
ဝင်ငွေခွန်ပေးဆောင်ပါက အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကားဝယ်ယူရာတွင် အထောက်အကူပြုမည်၊ မိမိတို့ရငွေများသည် ငွေဖြူအဖြစ် အထောက်အထားပြနိုင်မည်ဟု စစ်ကောင်စီသံရုံးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဝင်ငွေခွန်ဆောင်ခြင်းသည် မိမိတို့နိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးခြင်း ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ သံရုံးများက ဆိုသော်လည်း ထိုအချက်ကို အလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားနေသူများက အယုံအကြည်မရှိကြပေ။