တိုင်းပြည်စီးပွားရေးပြိုကျပြီး ဘဏ္ဍာရေးလိုငွေများလာချိန် အခွန်ငွေများတိုးမြင့်ကောက်ခံရန် စီစဉ်ထားသည့် စစ်ကောင်စီသည် အခွန်တိမ်းရှောင်သူများကို ရဲအရေးပိုင်သောအမှုအဖြစ် သတ်မှတ်အရေးယူနိုင်ရန် ပြင်ဆင်နေသည်။
အခွန်ဆောင်ရန် သိလျက်နှင့် ရှောင်တိမ်းခြင်း၊ ရပိုင်ခွင့်မရှိသည့် အခွန်ပြန်အမ်းငွေ တောင်းခံခြင်းတို့ကို အခွန်တိမ်းရှောင်ခြင်းဟုမှတ်ယူမည်၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ ရဲအရေးပိုင်သည့်အမှုအဖြစ် သတ်မှတ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
ယခင်က အခွန်တိမ်းရှောင်သူများကို အခွန်ရလိုမှုအတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနကသာ တရားရုံးတွင် လျှောက်ထားနိုင်သော်လည်း ယခုသတ်မှတ်ချက်ကြောင့် အခွန်တိမ်းရှောင်သည်ဟု သတ်မှတ်ခံရသူများကို ရဲစခန်းတွင် အမှုဖွင့်တရားစွဲလာဖွယ်ရှိသည်ဟု ရှေ့နေတစ်ဦးက ပြောသည်။
“ရဲစခန်းမှာတိုင်ချက်ဖွင့်ပြီးတော့ ရဲကနေ သက်ဆိုင်တဲ့ပုဒ်မတပ်ပြီးတော့၊ အမှုဖွင့်ပြီးတော့ ရဲကနေပြီး အရေးယူလို့ရတယ်” ဟု ရန်ကုန်မြို့နေ အမည်မဖော်လိုသည် တရားလွှတ်တော်ရှေ့နေ တစ်ဦးက Myanmar Now ကို ပြောသည်။
အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပုဒ်မ(၇၇)၌ အခွန်ရှောင်သူကို ၇ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းခွဲနှင့်ရှောင်တိမ်းသည့် အခွန်ငွေအနက် ပိုများသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
အခွန်ဌာနကို လုပ်ပိုင်ခွင့်တိုးပေးခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် အဆင်မပြေသည့် လုပ်ငန်းရှင်များကို ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးနိုင်သည့် ပုဒ်မတစ်ခုတိုးလာသည်ဟု ယူဆနိုင်ကြောင်း အခွန်ကျွမ်းကျင်သည့် ပညာရှင်တစ်ဦးက ပြောသည်။
“ရဲအရေးပိုင်တဲ့အမှုလို့ပြောတာကတော့ အမြင်ကပ်တဲ့သူကို အခွန်ဥပဒေနဲ့ တရားစွဲလို့ရသွားတာပေါ့။ အမြင်မကပ်သူကတော့ အခွန်ဦးစီးမှုနဲ့ ညှိပြီးလုပ်ကြမှာပေါ့။ အချိုးမပြေဘူး ဆိုရင် ရဲအရေးပိုင်တဲ့ အမှုနဲ့လုပ်မယ်။ တနည်းအားဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့သူဆိုရင် စီးပွားရေးလုပ် မရအောင်ဆိုတဲ့သဘောမျိုးတွေ တင်းကျပ်လိုက်တဲ့သဘော” ဟု သူက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် အသုံးစရိတ်များ မြင့်တက်လာခြင်း၊ ငွေစက္ကူအသစ် ထုတ်ဝေသုံးစွဲသဖြင့် ငွေကြေးဖောင်ပွမှုနှုန်း အဆမတန်မြင့်တက်လာခြင်းတို့ကြောင့်လည်း အခွန်တိုးကောက်ရန် စီစဉ်လာသည်ဟု ယုံကြည်ရကြောင်း အထက်ပါ အခွန်ကျွမ်းကျင်ပညာရှင်က ဆိုသည်။
စစ်ကောင်စီသည် ရွှေ၊ ဒေါ်လာ၊ ဆန်၊ စက်သုံးဆီ၊ စားသုံးဆီနှင့် အထွေထွေကုန်ဈေးနှုန်းကျဆင်းရန် အကြောင်းပြချက်ဖြင့် လုပ်ငန်းရှင်တို့ကို ဆက်တိုက်ဖမ်းဆီးထားသည်။ အခြားတစ်ဖက်တွင်လည်း အခွန်အကောက် စည်းကမ်းချက်များ တိုးမြှင့်လာပြီး အခွန်အကောက်များကို စံချိန်တင် ကောက်ခံနေသည်။
ပြည်တွင်းအခွန်ဌာနက ကောက်ခံသည့် အခွန်အမျိုးအစားများအနက် ဒုတိယအခွန်ငွေအများဆုံးရသည့် ကုန်သွယ်လုပ်ငန်းခွန်ကိုစစ်အာဏာမသိမ်းမီ ၂၀၂၀ တွင် ကျပ်ဘီလျံပေါင်း ၂,၂၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုနှစ်အတွင်း ကျပ်ဘီလျံ ၂၈၀၀ ခန့်ကောက်ခံရန်လျာထားကြောင်း ၂၀၂၄ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားသည်။
ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုရယူအသုံးပြုရာတွင် ကျသင့်တန်ဖိုး၏ အနည်းဆုံး ၅ ရာခိုင်နှုန်းကို စားသုံးသူပြည်သူများထံမှ အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ကောက်ခံသည့် သွယ်ဝိုက်ခွန် အမျိုးအစားဖြစ်သည်။
စစ်ကောင်စီသည် ကုန်သွယ်လုပ်ငန်းခွန်အပြင် ဝင်ငွေခွန်ကို ကျပ်ဘီလျံပေါင်း ၇၀၀ အထိ တိုးကောက်ရန် လျာထားကြောင်း NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ၂၀၂၄ အခွန်အကောက်ဥပဒေကို ကိုးကား၍ လူမှုကွန်ရက်တွင် ရေးသည်။
“တိုင်းပြည်စီးပွားရေး ရစရာမရှိအောင် ချွတ်ခြုံကျနေလို့ ကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတဲ့ ဒဏ်ကို ခါးစည်းခံနေရတဲ့ ပြည်သူတွေအပေါ် မြွေပူရာကင်းမှောင့် ဖြစ်အောင် စစ်ရှုံးကောင်စီက အခွန် အတုတ်လုပ်ရပ်နဲ့ ထပ်လောင်း သက်သေပြလိုက်တာလို့ ဆိုရမှာပါ” ဟု သူက ဆိုသည်။
စားသုံးသူများထံမှ အခွန်တံဆိပ်ခေါင်းကပ်နှိပ်ကောက်ခံရန် ပျက်ကွက်ပါက အကြိမ်ရေအပေါ်မူတည်၍ ဒဏ်ရိုက်အရေးယူမည့်အစီစဉ်ကို ပြည်တွင်းအခွန်ဌာနက တင်းတင်းကျပ်ကျပ်လုပ်လာသည်ဟု မန္တလေးမြို့ နာမည်ကြီးကုန်တိုက်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။
အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကို ၂၀၁၉ ဇွန်တွင် ပြဌာန်းခဲ့ပြီး ဥပဒေပါပြဌာန်းချက်များသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို အပြည့်အဝ လုပ်ပိုင်ခွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်၊ ပြင်ဆင်ရန်ကြိုးစားခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားခဲ့သည်ဟုလည်း သိရသည်။