သတင်း

ကောကရိတ် ကော့ဘိန်းရဲစခန်းကို ကရင်-မွန် ပူးပေါင်းတပ် သိမ်းပိုက်

ကရင်နှင့်မွန် နှစ်ပြည်နယ်နယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်း (ကအ်ဗိန်) ရွာရဲစခန်းကို ကရင်နှင့်မွန် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်း (ကအ်ဗိန်) ရွာ ရဲစခန်းကို ကရင်နှင့်မွန် ပူးပေါင်းတပ်များက မတ် ၂၆ တွင် သိမ်းပိုက်လိုက်သည်။

ကရင်နှင့်မွန် နှစ်ပြည်နယ် နယ်စပ်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး အရှင်ဖမ်းမိကြောင်း၊ တော်လှန်ရေးတပ်များဘက်က ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် Lion Battalion အဖွဲ့က ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲတွင် ကရင်လက်နက်ကိုင်တပ် KNU/KNLA လက်အောက်ခံ Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army, ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၃) ပျံလွှားတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂဠုန်စစ်ကြောင်းကလည်း တိုက်ပွဲအကြောင်း ယနေ့ သတင်းထုတ်ပြန်ရာ ဒရုန်းအဖွဲ့များလည်း အဆိုပါ ထိုးစစ်တွင် ပါဝင်သည်ဟု ဖော်ပြထားသည်။

စခန်းကို တပ်ပေါင်းစုက စတင်တိုက်ခိုက်ပြီး နောက်တစ်ရက်အကြာတွင် သိမ်းနိုင်ခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် မွန်ပြည်သစ်ပါတီ-AD ၏ ပြောခွင့်ရအရာရှိ နိုင်ဗညားမွန်က Myanmar Now ကို ပြောသည်။

“မနေ့ကတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်၊ လေယာဉ်နဲ့ လာပစ်တာရှိတယ်။ ဒီနေ့အထိလည်း အဲဒီအနီးတစ်ဝိုက်မှာ လာပစ်သွားတယ်လို့ သိရတယ်။ ဒေသခံထိခိုက်သေဆုံးမှုတွေရှိပါတယ်။ သေဆုံး၊ ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူး” ဟု ၎င်းက မတ်၂၆ တွင် ပြောသည်။

မွန်ပြည်သစ်ပါတီ-AD အနေဖြင့် ကျိုက်မရော စစ်ဒေသ၊ မုဒုံ-မော်လမြိုင် စစ်ဒေသ၊ သံဖြူဇရပ်-ရေး စစ်ဒေသ၊ ကြာအင်းဆိပ်ကြီး စစ်ဒေသစသဖြင့် စစ်ဒေသ ၄ ခု ခွဲပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ တိုက်ပွဲဖော်တဲ့ ပုံစံကတော့ ၂ နည်းရှိတယ်။ အချို့နေရာမှာကျတော့ စစ်ဆင်ရေးမှာ တပ်ဖွဲ့တစ်ခုချင်းအနေနဲ့ ဖော်တာရှိတယ်။ အချို့နေရာမှာကျတော့ ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ မဟာမိတ်နဲ့ ပူးပေါင်းပြီးတော့ ဖော်ဆောင်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ-AD က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲများဖော်ဆောင်လာခြင်းဖြစ်သည်။

ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုအပြင် ရေကြောင်းကို အသုံးပြီး ဓမ္မဿမြစ်အတွင်းမှ စစ်သင်္ဘောများရပ်တန့်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ 

အာဏာသိမ်း စစ်တပ်၏ တပ်စခန်းများရှိရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို ၂၀၂၃ ဒီဇင်ဘာတွင် KNLA-PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီးနောက် ကရင်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ 

၃ လကြာတိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်မြို့ကို KNLA-PDF ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က မြို့ကို ပြန်လည်ရရှိရန် လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်နေသည်။

KNLA-PDF ပူးပေါင်းတပ်ဖွဲ့များက အာဏာသိမ်း စစ်တပ်၏ နယ်စပ်စခန်းများဖြစ်သည့် ကွီလုံတိုင်၊ မဲသရောထနှင့် ရေသလျှောက်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF ကလည်း မတ် ၂၃ က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button