အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်ပြည်နယ် အာရှလမ်းမကို စစ်တပ် ထိန်းချုပ်ပြီးနောက် စိုးမိုးနယ်မြေတိုးချဲ့နေ

ကော့ကရိတ်- မြဝတီ အာရှလမ်းပေါ်ရှိ သင်္ဃန်းညီနောင်ရွာကို စစ်ကော်မရှင်တပ်က သိမ်းပိုက်ပြီးနောက် ထိုလမ်း၏တောင်ဘက်နှင့် မြောက်ဘက်တွင် စစ်ကြောင်းများ ဖြန့်ခွဲလှုပ်ရှားလာသည်။ အထူးသဖြင့် စစ်ကော်မရှင်တပ်သည် ကျုံဒိုး- ကော့ကရိတ်-မြဝတီအာရှလမ်း၏ တောင်ဘက်အခြမ်း KNU တပ်မဟာ (၆) လှုပ်ရှားရာဒေသကို စစ်ကြောင်းထိုးလာနေသည်။

ကရင်ပြည်နယ်အတွင်းရှိ ကျုံဒိုး – ကော့ကရိတ်- မြဝတီ အာရှလမ်းကို စစ်ကော်မရှင်တပ်က ထိန်းချုပ်လိုက်ပြီးနောက် စိုးမိုးနယ်မြေကျယ်ပြန့်ရန် စစ်ကြောင်းထိုးမှုများ ဆက်လုပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အဆင့်မြင့်အရာရှိနှင့် အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်များသည် စက်တင်ဘာလ ၅ ရက်နေ့တွင် ကော့ကရိတ်- မြဝတီ အာရှလမ်းပေါ်ရှိ သင်္ဃန်းညီနောင်ရွာကို သိမ်းပိုက်ပြီးနောက် ထိုလမ်း၏တောင်ဘက်နှင့် မြောက်ဘက်တွင် စစ်ကြောင်းများ ဖြန့်ခွဲလှုပ်ရှားလာကြောင်း မြေပြင်အခြေအနေသိသည့် တော်လှန်ရေးတပ်နှင့် နီးစပ်သော သတင်းရင်းမြစ်အချို့ကဆိုသည်။

အထူးသဖြင့် စစ်ကော်မရှင်တပ်သည် ကျုံဒိုး- ကော့ကရိတ်-မြဝတီအာရှလမ်း၏ တောင်ဘက်အခြမ်း KNU တပ်မဟာ (၆) လှုပ်ရှားရာဒေသကို စစ်ကြောင်းထိုးလာနေသည်ဟု ပြောသည်။

စစ်ကော်မရှင်တပ်၏ စစ်ကြောင်းသည် မြဝတီမြို့နယ်တွင် မြဝတီမြို့၏ တောင်ဘက်ရှိ မေတ္တာလင်းမြိုင်ရွာ ဝန်းကျင်အထိ ရောက်နေပြီး ကျုံဒိုးမြို့နယ်တွင် ကျုံဒိုး- ကော့ကရိတ် ကားလမ်း၏ တောင်ဘက်နှင့် ကျုံဒိုးမြို့မြောက်ဘက်သို့လည်း ရောက်နေသည်ဟု သိရသည်။

ကျုံဒိုး- ကော့ကရိတ် ကားလမ်း၏ တောင်ဘက် လှိုင်ကွယ်ရွာနှင့် ကျုံဒိုးမြို့မြောက်ဘက် ကျုံဘိုင်းဘုရားတောင်ရွာ အနီးအထိ စစ်ကော်မရှင်တပ်ရောက်နေကြောင်း KNU နှင့် အတူ ပူးတွဲစစ်ရေးလှုပ်ရှားသည့် တော်လှန်ရေးတပ်နှင့် နီးစပ်သော သတင်းရင်းမြစ်အချို့က ပြောသည်။

KNU တပ်မဟာ (၆) လက်အောက်ခံတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မြဝတီမြို့အနောက်တောင်ဘက်ရှိ လက်ခတ်တောင်မှ ဆုတ်ခွာထားသဖြင့် စက်တင်ဘာလ ၈ ရက်နေ့တွင် စစ်ကော်မရှင်တပ်သည် လက်ခတ်တောင်ကို ပြန်လည်ရယူနိုင်ခဲ့သည်။ အဆိုပါနေရာမှ KNU နှင့် တော်လှန်ရေးတပ်များ မည်သည့်အကြောင်းကြောင့် ပြန်ဆုတ်ပေးလိုက်ရသည်ကို KNU ဘက်ကလည်း တရားဝင် ထုတ်ပြောလာခြင်းမရှိသေးပေ။

လက်ခတ်တောင်ကို (KNU) လက်အောက်ခံတပ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေး တပ် (PDF) တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်တွင် သိမ်းယူခဲ့ခြင်းဖြစ်သည်။ လက်ခတ်တောင်သည် မြဝတီမြို့ကို အပေါ်စီးမှ မြင်ရသော စစ်ရေးအရအရေးပါသည့် နေရာဖြစ်ပြီး စစ်ကော်မရှင်တပ်က ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်သော်လည်း မရခဲ့သည့်နေရာဖြစ်သည်။

KNU အဆင့်မြင့်အရာရှိတစ်ဦးကမူ လက်ခတ်တောင်တွင် တော်လှန်ရေးတပ်များ မရှိသည်မှာ ကြာမြင့်နေပြီဟု ဆိုသည်။“အရင်ကတော့ တပ် (KNU နှင့် တော်လှန်ရေးတပ်) ရှိတော့ ထိုးလို့မရဘူး။ အခုကတော့ တပ်မရှိတော့လို့ ကိုယ့်ဘက်က မရှိတာက ကြာပါပြီ။ ဟိုး ကော့ကရိတ်ဘက်တွေ ဘာတွေသွားကုန်ပြီ။ အရင်ကတော့ အဲဒီမှာခံထားတော့ (စစ်ကော်မရှင်တပ်) တက်လာတော့ သေတာပေါ့။ အခုက မရှိတော့ သူတို့ (စစ်ကော်မရှင်တပ်) လေချွန်ပြီးတက်သွားရုံပဲ” ဟု မှတ်ချက်ပေးသည်။

ကျုံဒိုး – ကော့ကရိတ်- မြဝတီ စစ်ရေးအခြေအနေမြေပုံ

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် လက်ခတ်တောင် အရှေ့တောင်ဘက် တစ် မိုင်ကျော်အကွာရှိ မေတ္တာလင်းမြိုင်ရွာအထိ နေရာတိုးယူလာခြင်းကြောင့် ဒေသခံများ စစ်ရှောင်နေရသည်ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

 “မေတ္တာလင်းမြိုင်ထိတော့ သူတို့ (စစ်ကော်မရှင်တပ်) ပြင်ဆင်မှုတွေလုပ်ထားတယ် ကြားတယ်။ လေးကေ့ကော်က ဒေသခံတွေကတော့ အကုန်ရှောင်ထားကြတယ်။ စစ်ရှောင်တွေက အရင်ကစစ်ရှောင်ပြီး လေးကေ့ကော်မှာ ပြန်နေတာ လပိုင်းဘဲ ရှိသေးတယ်။ အခု စစ်ကော်မရှင်တပ်တွေ ပြန်တိုးလာတော့ ပြန်ရှောင်နေကြရတာ” ဟု ဆိုသည်။

စစ်ရှောင်များသည် KNU နှင့် တော်လှန်ရေး ပူးပေါင်းတပ်ထိန်းချုပ်ထားသည် ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်အခြမ်း သောင်ရင်းမြစ်ကမ်းအနီးတွင်တိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင် ရာနှင့်ချီရှိနိုင်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားကဆိုသည်။

လေးကေ့ကော်မြို့ဒေသခံ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း “ရှောင်တာ သုံး ကြိမ်ရှိပြီ။ အခက်အခဲကတော့ အများကြီးပေါ့။ အရင်ဆုံးအခက်အခဲကတော့ မိုးရာသီပြောင်းလာကြတာ နေစရာမရှိဘူး ကလေးတွေလည်းပါတယ်။ အသက် ၇၅ နှစ်အရွယ် အမေပါတယ်ဆိုတော့ ခက်ခဲပါတယ်” ဟုပြောသည်။

စစ်ကော်မရှင်တပ်သည် ကျုံဒိုး-ကော့ကရိတ်ကားလမ်း တောင်ဘက် တစ် မိုင်ကျော်အကွာ လှိုင်ကွယ်ရွာအထိ ရောက်နေသည်ဟုလည်း ကျုံဒိုးမြို့အနီး စစ်ရေး လှုပ်ရှားသည့် တော်လှန်ရေးတပ်တစ်ခု၏ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးက Myanmar Now ကိုပြောသည်။ ထို့ကြောင့် ကျုံဒိုးမြို့ ဝန်းကျင်ရှိ ကျေးရွာ ရှစ် ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ်ရာတိမ်းရှာင် နေရသည်ဟုလည်း သူက ပြောသည်။

“မြောက်ကြာအင်း၊ သလွဲထော်၊ မာလာကုန်း၊ ဝိဇ္ဇာကုန်း၊ အောင်ဖလားကုန်း၊ ရေပူ၊ ကော့ဝါလဲ၊ နောင်တမံ၊ အဲဒီရွာတွေ ရှောင်နေကြတာ မှန်ပါတယ်။ လှိုင်ကွယ်တံတား ဟိုဘက်ခြမ်းမှာတော့ရန်သူက ရောက်နေပြီ။ စစ်ရှောင်သွားတဲ့ ရွာသားတွေအခြေအနေကတော့ ပြောမရပါဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ကျုံဒိုးမြို့ မြောက်ဘက် ကျုံဘိုင်း ဘုရားတောင်ရွာအနီးတွင်လည်း စစ်ကော်မရှင်တပ်နှင့် KNU အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ကရင်ပြည်နယ်သတင်းများ ဖော်ပြသည့် KIC သတင်းဌာနက ရေးသားသည်။

စစ်ကော်မရှင်တပ်သည် ကျုံဒိုးမြို့တောင်ဘက်နှင့် မြောက်ဘက်အတွင်းပိုင်းသို့ မည်မျှအထိ ရှေ့တိုးလာမည်ကို တွက်ဆရန် ခက်ခဲပြီး စစ်ကော်မရှင်တပ်ကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ပြောက်ကျားတိုက်ခိုက်မှု ဆက်လုပ်နေကြောင်း KNU အဆင်မြင့်အရာရှိက ပြောသည်။

“တိုက်ပွဲက ပြောက်ကျားစစ်တော့ ဆက်ဖြစ်နေတယ်။ သူဦးရင် သူပစ်၊ ကိုယ့်ဘက်က ဦးရင် ပစ်ပေါ့။ သူတို့ဘက်က သာတာက ဗုံးကြဲနိုင်တယ်။ ဒရုန်းနဲ့လာကြဲနိုင်တယ်။ ကျွန်တော်တို့ဘက်ကတော့ ကျည်အားပဲ အဲဒါလိုအပ်နေတယ်” ဟုပြောသည်။

မြဝတီမြို့နယ်တွင်မူ စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်များ ဝန်းရံပိတ်ဆို့ထားသည့် ထိုင်း-မြန်မာနယ်စပ် ဝေါလေမြို့အနီးရှိ ဗျူဟာကုန်းအထိ ချီတက်ထိုးဖောက်လာနိုင်ကြောင်း KNU အဆင်မြင့်အရာရှိတစ်ဦးက ခန့်မှန်းသည်။ စစ်ကော်မရှင်တပ်သည် လေကြောင်းမှ တိုက်ခိုက်ခြင်းအပါအဝင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပိုမိုလုပ်ဆောင်၍ ရှေ့တိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button