သတင်း

စံချိန်တင်စစ်အသုံးစရိတ်နှင့်အတူ စစ်ကောင်စီ ဘတ်ဂျက်လိုငွေအကြီးအကျယ်ပြနေ

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များ အရ စံချိန်တင် စစ်အသုံးစရိတ်နှင့်အတူ ဘတ်ဂျက်လိုငွေ ဆက်လက်မြင့်တက်နေပြီး လက်ရှိဘဏ္ဍာ နှစ်တွင် လိုငွေ ကျပ် ၈ ဘီလျံနီးပါးအထိ ရှိနေသည်။

စီမံဘဏ္ဍာဝန်ကြီးဌာနက ယခုလအတွင်း ထုတ်ပြန်ထားသော ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေမှ, ကျပ်ဘီလျံ ၇၈၁၀ ဖြစ်ကာ လွန်ခဲ့သည့်နှစ်တွင် ကျပ်ဘီလျံ ၇၉၈၂ ရှိခဲ့သည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် လိုငွေ ကျပ်ဘီလျံ ၇၃၉၉ ဟု ခန့်မှန်းထားသော်လည်း ယခုနှစ် ပြင်ဆင်ချက်တွင် ကျပ်ဘီလျံ ၇၉၈၂ အထိရောက်ရှိခဲ့သည်။

အရပ်သားအစိုးရလက်ထက် ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ၈ ဘီလျံကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ဖူးသည်။ ထိုစဉ်က ဘတ်ဂျက်လိုငွေ အကြီးအကျယ်မြင့်တက်ခဲ့ခြင်းမှာ ကိုဗစ်နိုင် တင်း (Covid-19) ကပ်ရောဂါကြောင့်ဖြစ်သော်လည်း စစ်ကောင်စီလက်ထက်၌မူ စစ်အသုံးစရိတ် အဆ မတန် မြင့်တက်နေသောကြောင့်ဖြစ်သည်ကို တွေ့ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲကာလနောက်ပိုင်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြအခြေအနေ

ဘဏ်လုပ်ငန်းအကျပ်အတည်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းခြင်း၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့် အလုပ်လက်မဲ့နှုန်း တိုးပွားလာခြင်းများကြောင့် စီးပွားရေးတိုးတက်နှုန်း အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု စစ်တပ်လက်အောက်ခံ ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီလက်ထက်တွင် ဘဏ္ဍာရေးလိုငွေပြမှု မြင့်တက်လာပြီး ဂျီဒီပီ (တစ်နိုင်ငံလုံးအသားတင်ထုတ်လုပ်မှုတန်ဖိုး) ၏ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိရောက်မည်ဟု လွန်ခဲ့သည့် ဇွန်လအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြသည်။ 

စစ်တပ်လက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၅ ဒသမ ၆၅ ရာခိုင်နှုန်းအထိပင်ရှိနေသည်။

ဘတ်ဂျက်လိုငွေ အဆမတန်မြင့်တက်နေချိန် အသုံးစရိတ်နှင့်ပတ်သက်၍ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးမင်းအောင်လှိုင်က ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သော အစည်းအဝေး၌ သတိပေးခဲ့သည်။

“မလိုလားအပ်သည့် နေရာများတွင် အပိုငွဗများ ကုန်ကျမှုမရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုများကို အခြား …တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ အပြန်ပြန်အလှန်လှန် စိစစ်၍ ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း” ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။ 

ထိုသို့ဆိုသော်လည်း စစ်အသုံးစရိတ်ကိုမူ အဆမတန်တိုးမြှင့်သုံးစွဲနေပြီး လက်ရှိဘဏ္ဍာတွင် တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၈ ရာခိုင်နှုန်းကျော်အထိ ရှိလာသည်ကို တွေ့ရသည်။  

စစ်ကောင်စီ၏ လက်ရှိဘဏ္ဍာအတွက် စစ်အသုံးစရိတ်မှာ ကျပ်ဘီလျံ ၅၆၃၅ အထိရှိကာ လွန်ခဲ့သည့်နှစ် နှင့်နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။ အာဏာသိမ်းသည့်နှစ်တွင် ကျပ်ဘီလျံ ၁၇၀၀ ကျော် သုံးခဲ့ရာမှ လွန်ခဲ့သည့်နှစ်တွင် ၃၇၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်အသုံးစားရိတ်အဆမတန် မြင့်တက်လာနေသည်။

စစ်အသုံးစရိတ်မှာ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် လျှပ်စစ်၊ စွမ်းအင်၊ လယ်/ဆည်၊ အလုပ်သမား၊ သမဝါယမ/ကျေးလက်၊ နယ်စပ်ရေးရာနှင့် လဝက စသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဆိုင်သော ဝန်ကြီးဌာန ၉ ခု၏ အသုံးစရိတ်ထက်ပင် များနေသည်။ 

စစ်ကောင်စီ၏ ဘဏ္ဍာရေးမူဝါဒစာတမ်းတွင် ဦးစားပေးအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် ပိုသုံးစွဲမည်ဟုဆိုထားသော်လည်း လက်တွေ့၌မူ စစ်အသုံးစရိတ်နှင့် အဆများစွာ ကွာခြားနေသည်။ 

ကျန်းမာရေးအသုံးစရိတ်မှာ စစ်အသုံးစရိတ်၏ ၇ ပုံ ၁ ပုံခန့်သာရှိပြီး စစ်အသုံးစရိတ် ကျပ်ဘီလျံ ၅၆၀၀ ကျော်သော်လည်း ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍနှစ်ခုလုံးအတွက် အသုံးစရိတ်မှာ ကျပ်ဘီ လျံ ၃၀၀၀ ခန့်သာရှိသည်။  

ကမ္ဘာဘဏ်၏ ဇွန်လထုတ်အစီရင်ခံစာအရ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် အသုံးစရိတ်မှာ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းအောက် ကျဆင်းသွားသည်ဟု ဖော်ပြထားသည်။

အာဏာသိမ်းစစ်တပ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်များ ရိုက်နှိပ်ထုတ်ဝေပြီးနောက် ပြည်တွင်း၌ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာကာ ကျပ်ငွေတန်ဖိုးကျဆင်းလာသည်။ ပြီးခဲ့သည့်နှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၄ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ၂၄ ရာခိုင်နှုန်းကျော်အထိ မြင့်တက်မည်ဟု စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာနက ခန့်မှန်းထားသည်။ 

ကမ္ဘာဘဏ် အစီရင်ခံစာတွင်လည်း အခြေခံကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် ငတ်မွတ်ခေါင်းပါးမှု တိုးလာမည်ဖြစ်ကာ ယခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံရှိ ၄၈ ရာခိုင်နှုန်း သော အိမ်ထောင်စုများသည် စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။ 

စစ်ကောင်စီလက်ထက်တွင် ဘတ်ဂျက်လိုငွေနည်းတူ ပြည်တွင်းပြည်ပကြွေးမြီလည်း ဆက်လက်မြင့် တက်နေသည်။

စစ်အသုံးစားရိတ်က ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် အပါအဝင် အခြားသောပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း ၉ ခု၏ အသုံးစားရိတ်ထက်ပင် များပြားနေသည်။

စီမံဘဏ္ဍာဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းပြည်ပကြွေးမြီ စုစုပေါင်း ကျပ်ဘီလျံ ၃၄,၆၉၉ သာရှိခဲ့သော်လည်း ၂၀၂၂-၂၃ တွင် ကျပ်ဘီလျံ ၆၇,၆၁၄ အထိရှိနေ သည်။ ငါးနှစ်တာအတွင်း ကျပ်ဘီလျံ ၃၂,၉၁၅ တိုးလာခြင်းဖြစ်သည်။

နိုင်ငံတကာကြွေးမြီ အများစုမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က စတင်ယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အရပ်သားအစိုးရများလက်ထက်တွင် နိုင်ငံတကာကြွေးမြီ အမေရိကန် ဒေါ်လာ ၁ ဘီလျံကျော် အထိ ပြန်ပေးဆပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်၌ ကျပ်ငွေတန်ဖိုးထိုးကျကာ အကြွေးပမာဏ တိုးလာသည်။ 

စစ်ကောင်စီလက်ထက် ချေးငွေအများဆုံး ရယူထားသည်မှာ ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း ၆၃၀,၀၀၀ (ကျပ်ဘီလျံ ၆၀၀ ကျော်) ရှိသည်။ ဒုတိယနှင့် တတိယအများဆုံးချေးငွေယူ ထားသည့် ဌာနများမှာ ဆောက်လုပ်ရေးနှင့် လျှပ်စစ်တို့ဖြစ်ပြီး စုစုပေါင်း ကျပ်ဘီလျံ ၅၀၀ နီးပါးရှိသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ ချေးငွေနှင့် ဖွံ့ဖြိုးမှုအကူအညီများ ရပ်ဆိုင်းထားရာ ဝန်ကြီးဌာနများအနေဖြင့် မည်သို့ချေးငွေရယူနေသည်ကို မသိရပေ။

ဘဏ္ဍာငွေ အကြီးအကျယ်လိုအပ်နေသော စစ်ကောင်စီက ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ထုတ်ရောင်းလျက်ရှိရာ စီမံဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ ငွေတိုက်ဦးစီးဌာနစာရင်းများအရ ၂၀၂၂ ဧပြီမှ ယခုနှစ် ဇူလိုင်လအထိ ငွေတိုက်လေလံတင်ရောင်းချပွဲ ၄၆ ကြိမ်ပြုလုပ်ခဲ့ပြီး ကျပ် ၁၇ ဒသမ ၈ ထရီလျံဖိုးရှိသည်။

စစ်ကောင်စီကို တော်လှန်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဆိုအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်၏ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် ရောင်းချမှုတန်ဖိုး မှာ ကျပ် ၂၀ ထရီလျံကျော်ရှိသည်ဟု သိရသည်။ ထိပ်သီးလုပ်ငန်းရှင်ကြီးများပိုင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမ ဘဏ်တို့ အပါအဝင် ပုဂ္ဂလိကဘဏ် များက ငွေတိုက်စာချုပ်များဝယ်ယူကာ စစ်ကောင်စီ၏ ဘဏ္ဍာတိုက်ကို ဖြည့်ပေးလျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button