အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူမှုရေးပင်စင် အသက်သတ်မှတ်ချက်ကို ၉ဝ မှ ၈၅ နှစ်သို့ ပြောင်းလဲ

လူမှုရေးပင်စင်ခံစားခွင့် အသက် သတ်မှတ်ချက်ကို အသက် ၉ဝ မှ ၈၅ သို့ ယနေ့ စတင်ပြောင်းလဲလိုက်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ထံမှ သိရသည်။

ဤအပြောင်းအလဲသည် သက်ကြီးရွယ်အိုတို့အတွက် ဝမ်းသာဖွယ်သတင်းဖြစ်သည်ဟု လူကယ်ပြန် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ပြောသည်။

“ငွေရေးကြေးရေးက အဓိကမဟုတ်ပေမဲ့ နိုင်ငံတော်ကနေ အဘိုး၊ အဘွားတွေကို အသိအမှတ်ပြုပေးတယ် ဆိုတဲ့ဂုဏ်ကို အဘိုးအဘွားတွေက လိုချင်ကြတာ” ဟု ဦးစိုးအောင်က ပြောသည်။

ယနေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်ရာ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံမြို့ကြီးတချို့တွင် ကျင်းပခဲ့ကြသည်။ နေပြည်တော်တွင်လည်း အစိုးရက အခမ်းအနားတစ်ခုကို ၂ ရက် ကြိုတင် ကျင်းပခဲ့သည်။

မြန်မာပြည်တွင် အသက် ၈၅ နှစ်နှင့်အထက် ၂၃၁,ဝ၂၆ ဦး ရှိသည်ဟု ၂ဝ၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

သတ်မှတ်ထားသည့် အသက်နှင့် ဘောင်ဝင်သော အဘိုးအဘွားများသည် လူမှုရေးပင်စင်ငွေ ထုတ်ယူရန် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) အိမ်ထောင်စုဇယားဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် တင်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့ အထောက်အထား မပြနိုင်ပါက သက်တူအဘိုးအဘွားသုံးဦး၏ ထောက်ခံမှု လိုအပ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သည့် ဒေါက်တာစန်းစန်းအေးက ပြောသည်။

“အခု စာရင်းကောက်လက်စ ရှိပါသေးတယ်။ ဘတ်ဂျက်တင်ထားတာ ဘိုးဘွားဦးရေ တစ်သိန်းလေးသောင်းပါ။ သုံးလတစ်ကြိမ်အနေနဲ့ ကျွန်မတို့ ဒီဇင်ဘာလကုန်မှာ စပေးပါမယ်”ဟု ၎င်းက ပြောသည်။

ယခင်က အသက်ကန့်သတ်ချက်မှာ ၉ဝ ထိုစဉ်က အဘိုးအဘွားဦးရေ လေးသောင်းသုံးထောင်ကို အထောက်အပံ့ပေးခဲ့သည်ဟု ဆိုသည်။

အသက်အရွယ်လျှော့ချလိုက်သည့် အဓိကရည်ရွယ်ချက်မှာ အရေအတွက်အများအပြားကို ထောက်ပံ့နိုင်ရေးအတွက်ဖြစ်သည်ဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button