သတင်း

အဘိုး၊ အဘွားတို့ကို ပေးရမည့် ထောက်ပံ့ကြေးကို စစ်ကောင်စီ ထက်ဝက်လျှော့

နိုင်ငံအနှံ့ ခုခံတော်လှန်သူများကို တိုက်ခိုက်ရန် ကုန်ကျစရိတ်ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ဖော်ဆောင်နေသည့် အာဏာသိမ်း စစ်ကောင်စီက သက်ကြီးရွယ်အိုများကို ပေးအပ်နေသည့် ထောက်ပံ့ကြေးငွေပမာဏကို ထက်ဝက် လျှော့ချလိုက်သည်။

အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပိုင်းတို့ ရရှိနေသည့် လူမှုရေးပင်စင် တစ်နှစ် ကျပ် ၁၂၀,၀၀၀ ကို ၆၀,၀၀၀ သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ၂၀၁၄ နှစ်ကုန်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ချမှတ်ပြီး အဘိုးအဘွားများကို ထောက်ပံ့မည့် ထိုအစီအစဉ်ကို စတင် အကောင်အထည်ဖော်သည်။

NLD အစိုးရက ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်မှစ၍ တစ်လ ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၃ လ တစ်ခါ ၃၀,၀၀၀၊ တစ်နှစ် ၄ ကြိမ် ပေးအပ်ခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်တွင် NLD အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၆ လ တစ်ခါ ကျပ် ၃၀,၀၀၀၊ တစ်နှစ် ၂ ကြိမ်သာ ပေးတော့မည်ဖြစ်သည်။

ရရှိသည့် ဘတ်ဂျက်အတိုင်း စီစဉ်ပေးနေခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောသည်။

“ဘတ်ဂျက်ပေးနိုင်တဲ့ အနေအထားကို ကျွန်မတို့ ပြောထားတာပါ။ လျှော့ချတယ်လို့တော့ မဟုတ်ပါဘူး။ ဘတ်ဂျက်ရရင် ပေးမှာပါရှင့်။ ဘတ်ဂျက်ရတဲ့ အနေအထားတိုင်းပဲ ကျွန်မတို့ပေးပါမယ်၊ ဒီလောက်ပဲ ဖြေလို့ရမယ်ရှင့်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အရပ်သားအစိုးရလက်ထက်မှ စပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ပေးအပ်လေ့ရှိသည့် ထိုအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဒေါ်စန်းစန်းအေးက ဖြေဆိုခြင်းမပြုပေ။

နေပြည်တော်တွင် နေထိုင်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက သူ့မိသားစုထဲမှ ၉၅ နှစ်အရွယ် အဘွားအတွက် လူမှုရေးပင်စင် လွန်ခဲ့သော ၅ လ (ဖေဖော်ဝါရီ) မှစ၍ ရောက်မလာတော့ဟု ပြောသည်။

“တစ်လ တစ်သောင်းကနေ လျှော့ချတယ်ဆိုတာတော့ မသိသေးဘူး။ အရင်က သုံးလ တစ်ကြိမ် (ရပ်ကွက်အုပ်ချုပ်ရေးမှူးက) အိမ်လာပေးတာ။ ခု လာမပေးတာ ငါးလရှိသွားပြီ” ဟု ထိုမိသားစုဝင်က ဆိုသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် နိုင်ငံတကာက နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုများစွာ လုပ်နေချိန်၊ နိုင်ငံအနှံ့ စစ်မီးဝိုင်းနေ၍ ငွေကုန်ကြေးကျများသော လေကြောင်းတိုက်ခိုက်မှုကို အားပြုစစ်ဆင်နေရချိန်တွင် လူမှုရေးပင်စင် လျှော့ချသည့် စစ်ကောင်စီလုပ်ရပ်မှာ အံ့သြစရာမရှိဟု နေပြည်တော်မှ အမည်မဖော်လိုသူ အစိုးရအရာထမ်းတစ်ဦးက ပြောသည်။

“တစ်နိုင်ငံလုံး တိုက်ပွဲတွေ ဖြစ်နေတာ၊ စစ်အသုံးစရိတ်ဘတ်ဂျက်ပဲ ရှိမှာပေါ့။ အခု သက်ရောက်မှုနည်းတဲ့ လူမှုပင်စင်ကို စလျှော့တာ။ ဒီထက် အခြေအနေဆိုးလာရင် ဝန်ထမ်းပင်စင်လစာတွေလည်း လျှော့လာနိုင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်နှင့် ပြည်တွင်းပြည်ပကြွေးမြီများ တိုးလာကြောင်း စစ်ကောင်စီ၏ ၂၀၂၂ – ၂၃ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားမှု ကိန်းဂဏန်းများအရ သိရသည်။

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ – ၂၃ ဘဏ္ဍာနှစ် ဘတ်ဂျက်လျာထားမှုဆိုင်ရာ ကိန်းဂဏန်းများအရ ကာကွယ်ရေးအသုံးစရိတ်မှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ကျပ်ဘီလျံ ၂၀၀၀ နီးပါးအထိ တိုးလာသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အသုံးစရိတ်မှာ နှစ်ဆတက်ကာ ကျပ်ဘီလျံ နှစ်သောင်းခွဲကျော် တိုးလာသည်။

ပြီးခဲ့သည့် ၂၀၂၁ – ၂၂ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလျံ ၁,၇၄၆,၈၆၀ (ဒေါ်လာ ၁ ဘီလျံ) ရှိခဲ့ရာမှ လာမည့် ၂၀၂၂ – ၂၃ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၃,၇၀၃,၈၆၆ ဘီလျံ (ဒေါ်လာ ၂ ဘီလျံကျော်) အထိ တိုးမြှင့်သုံးစွဲရန် အာဏာသိမ်းစစ်တပ်က လျာထားသည်။

ပြည်ထဲရေးက နှစ်ဆကျော်အထိပင် ရှိသည်။​ ၂၀၂၁ – ၂၂ တွင် ကျပ်ဘီလျံ ၂၅၈,၆၁၀ (ဒေါ်လာ ၁၅၂ သန်း) ရှိခဲ့သော်လည်း ၂၀၂၂ – ၂၃ တွင် ၅၁၁,၂၁၉ (ဒေါ်လာသန်း ၃၀၀) အထိ သုံးစွဲရန် စစ်ကောင်စီက လျာထားသည်။ ထိုငွေပမာဏများမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၇၀၀ နှုန်းဖြင့် ထိုစဉ်က ခန့်မှန်းတွက်ချက်ထားချက်ဖြစ်သည်။

လက်ရှိတွင် သက်ကြီးရွယ်အိုများကို ပေးနေသည့် ထောက်ပံ့ကြေးကို လျှော့လိုက်သည့် စစ်ခေါင်းဆောင်က နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ကျောက်ဆစ်ရုပ်ပွားတော်ကြီး တည်နေပြီး ဘုရားဒကာဘွဲ့ခံရန် အကြီးအကျယ် ပြင်ဆင်နေသည်။

ဘိုးဘွားများ၏ ပြည်သူ့ဘဏ္ဍာမှ ရပိုင်ခွင့်ကို ဖြတ်တောက်သည့် စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီးဌာနကို NLD အမတ်ဟောင်း ဒေါ်သက်သက်ခိုင်က ဦးဆောင်သည်။

ဒေါ်သက်သက်ခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့သည်။ ၂၀၁၈ တွင် ရန်ကုန်တိုင်းအစိုးရကို ဝေဖန်မှုကြောင့် ပါတီက သူ့ကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပယ်သည့်နည်းဖြင့် အရေးယူလိုက်ရာ သူက ပါတီမှ နုတ်ထွက်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ထူထောင်ကာ ဥက္ကဋ္ဌတာဝန် ယူခဲ့သည်။

ယင်းနောက် ၂၀၂၀ တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ၌ PPP ကို ကိုယ်စားပြု၍ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသလို ၎င်း၏ ပါတီမှ ဝင်ပြိုင်သူ တစ်ဦးတစ်ယောက်မျှ အနိုင်ရခဲ့ခြင်းမရှိပေ။

အထက်ပါ ရွေးကောက်ပွဲအပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက NLD နှင့် မသင့်မြတ်ခဲ့သူများကို နေရာတချို့ ပေးခဲ့ရာ သူလည်း ဝန်ကြီးရာထူး ရသွားခြင်းဖြစ်သည်။

စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြဆန့်ကျင်သည့် ပြည်သူများကို ရက်စက်စွာ ပစ်ခတ်၊ ဖြိုခွင်း၊ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာရာ စစ်ကောင်စီတပ်ကို ရရာလက်နက် စွဲကိုင်ခုခံသူ အများအပြားပေါ်လာရာ ဒေါ်သက်သက်ခိုင်သည်လည်း တော်လှန်ရေးသမားများ၏ ပစ်မှတ်ဖြစ်နေသည်။

စစ်အာဏာမသိမ်းမီ NLD အစိုးရ လူကယ်ပြန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လူမှုရေးပင်စင် ခံစားခွင့်ရှိသူ ဘိုးဘွား ၂၃၀,၀၀၀ ကျော်ရှိသည်။

ထိုအရေအတွက်အရဆိုလျှင် စစ်ကောင်စီက လူမှုရေးပင်စင်ငွေထဲမှ နှစ်စဉ် ၁၄ ဘီလျံ ဖြတ်တောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button