
ရန်ကုန် – မြန်မာနိုင်ငံတွင် အသက် ၆ဝ အထက် ရှိသူဦးရေသည် နှစ်သုံးဆယ်အတွင်း သုံးဆနီးပါး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် လိုအပ်ချက်များအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရက ကြိုတင်ပြင်ဆင်သင့်ကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က စက်တင်ဘာ ၂၇ တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာလတွင် ထွက်ပေါ်လာသည့် သန်းခေါင်စာရင်းအသစ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ထိုသို့ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် ၆ဝ နှင့် အထက် လူဦးရေ ၄သန်းခွဲရှိရာ ၂ဝ၅ဝ ပြည့်နှစ်တွင် ၁၃ သန်းအထိ ရှိလာနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အနှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာသော အစီရင်ခံစာကို လူဦးရေရန်ပုံငွေအဖွဲ့က အလုပ်သမားရေးရာ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြုစုထားခြင်း ဖြစ်သည်။
မြန်မာသက်ကြီးဦးရေတိုးပွားမှုသည် ဒေသတွင်း နိုင်ငံများထက် နှေးကွေးနေပြီး အနာဂတ်တွင်လည်း ထိုသို့ ဆက်ဖြစ်နေမည်၊ ဤအချက်သည် အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ သက်ကြီးပိုင်းဆိုင်ရာ အခက်အခဲနှင့် အခွင့်အလမ်း မျှတရေးအတွက် ကြိုတင်ပြင်ဆင်ရာတွင် အားသာချက် ဖြစ်လာမည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။
၂ဝ၁၄ သန်းခေါင်စာရင်းပါ အချက်များအရ သက်ကြီးပိုင်း၏ နေထိုင်ရေးမှာ ပြည့်စုံကောင်းမွန်မှုမရှိသည်ကို လေ့လာ တွေ့ရှိရကြောင်း၊ ရေသန့်အသုံးပြုနိုင်မှု၊ လျှပ်စစ်မီး ရရှိမှုတို့လည်း အားနည်းကြောင်း ဖော်ပြထားသည်။
အရေအတွက် တိုးပွားလာမည့် သက်ကြီးပိုင်းအတွက် မူဝါဒပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်ရေး၊ သုတေသနပြုရေးတို့နှင့် ပတ်သက်ပြီး ဆောင်ရွက်သင့်သည့် အချက်များကို အစီရင်ခံစာ နောက်ပိုင်းတွင် အကြံပြုထားသည်။
အိုမင်းစွမ်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သက်ကြီးရွယ်အို အခွင့်အရေးဥပဒေအရ သက်ကြီးရွယ်အိုများ အနေဖြင့် ကိုယ်တိုင် ရပ်တည်ပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်နှင့် ပြန်လည် စောင့်ရှောက်ခံပိုင်ခွင့်များအပြင် ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခွင့် ရှိပါကြောင်း သြဂုတ် ၂၆ ရက်နေ့က နေပြည်တော်ရှိ ဘိုးဘွားရိပ်သာတစ်ခုသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
သက်ကြီးရွယ်အိုတိုင်း အိုမင်းမစွမ်း များမဟုတ်ဘဲ၊ အိုမင်းစွမ်းများလည်း ရှိကြောင်း၊ အသက်ကြီး လာသော်လည်း တက်ကြွသော စိတ်နှင့်ကျန်းမာသောကိုယ်ခန္ဓာတို့ကို ပိုင်ဆိုင်မှုရှိလာအောင် အိုမင်းမစွမ်း မဖြစ်မီ ကတည်းက ကြိုတင်ပြု စုစောင့်ရှောက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ကြိုပြင်ခြင်း
သက်ကြီးစောင့်ရှောက်မှု တိုးတက်ရေးအတွက် ကြိုပြင်သင့်ကြောင်း ရန်ကုန်အခြေစိုက် ညီမျှခြင်းမြန်မာအဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ယူဆသည်။
“ဘိုးဘွားရိပ်သာတွေက မြို့ပေါ်မှာပဲရှိတယ်။ ပြီးခဲ့တဲ့နှစ်ကနယ်တွေမှာ အပူလိုင်းဖြတ်တဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေက မသွားနိုင်မလာနိုင်နဲ့ ပိုဒုက္ခရောက်တာတွေရှိတယ်။
အဲ့ဒီလိုအရေးပေါ်ကာလမှာ ဘယ်လို စောင့်ရှောက်ပေးမလဲ။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ ဘယ်ဒေသမှာ၊ ဘယ်နှယောက် တိုးလာနိုင်တယ်။ သူတို့နဲ့ပတ်သက်လို့ ပံ့ပိုးပေးတဲ့အစီအစဉ်က အိုးနဲ့ဆန်နဲ့ရော တန်ရဲ့လား၊ ဒါတွေကို အထူး လိုအပ်တဲ့ဒေသ၊ သဘာဝဘေးအန္တရာယ်ခံနေရတဲ့ ဒေသ၊ စစ်ဘေးခံနေရတဲ့ဒေသ၊ ပြည်တွင်း မငြိမ်မသက်ဖြစ်တဲ့ ဒေသက သက်ကြီးတွေကို ဘယ်လိုအထူးပြုလုပ်ဆောင်ပေးမလဲ ဆိုတဲ့ အကြောင်းအရာတွေကို အခုတည်းက ပြင်ဆင်ဖို့ လိုအပ်ပါတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာ ထူထောင်ပြီး ခိုကိုးရာမဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းသည် ၁၉၁၅ တွင် အစပြုခဲ့သည်။
နိုင်ငံအအနှံ့အပြားတွင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင်သော ဘိုးဘွားရိပ်သာပေါင်း (၇ဝ)ကျော် ရှိပြီး ဘိုးဘွားပေါင်း (၃ဝဝဝ)ကျော်ကို စောင့်ရှောက်ပေးနေကြောင်း လူမှုဝန်ထမ်းဦးစီးဌာန အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသည်။