သတင်း

ဆီဆိုင်မြို့သက်ကြီးရွယ်အိုတို့ကို စောင်နှင့်ဆေး လှူဒါန်း

ရန်ကုန် – ဆောင်းတွင်းကာလ အအေးဒဏ် ခံနေရသော ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ဆင်းရဲနွမ်းပါးသူ သက်ကြီးရွယ်အိုများအား စောင်၊ တိုင်းရင်းဆေး ပေးဝေလှူဒါန်းခြင်း အစီအစဉ်ကို မြို့နယ် ပအိုဝ်းအနုပညာရှင်များအဖွဲ့က ဒီဇင်ဘာ ၇ ရက်နေ့တွင် စတင်လိုက်သည်။

အမှန်တကယ်လိုအပ်နေသူများကို ကူညီ ထောက်ပံ့နေခြင်းဖြစ်သည်ဟု ဆီဆိုင်မြို့နယ် ပအိုဝ်းအနုပညာရှင်များ အဖွဲ့ ဥက္ကဋ္ဌ ခွန်အောင်ခင်က ပြောသည်။

‘’ဒေသတိုင်းမှာတော့ သက်ကြီးရွယ်အိုတွေ၊ ခိုကိုးရာမဲ့တဲ့ ဘိုးဘွားတွေ ရှိကြတာပဲလေ။ ဒေသဖွံ့ဖြိုးရေးတို့ လမ်းတံတားတွေဆိုရင် နိုင်ငံတော်ဆီ လွှတ်တော်ကနေ အဆိုတင်သွင်း တောင်းဆိုလို့ရပေမဲ့ ဒီသက်ကြီးရွယ်အို ဘက်ပိုင်းမှာတော့ ကျွန်တော်တို့ဘက်ပိုင်းမှာ ကူညီပေးမဲ့သူမရှိသေးလို့ ကျွန်တော်တို့ ဒီလိုလှူဒါန်းနိုင်ဖို့ စီစဉ်ခဲ့ကြတာပါ” ဟု ခွန်အောင်ခင်က ပြောသည်။

မြို့နယ်အတွင်း သက်ကြီးစာရင်းကို မကြာသေးခင်က တစ်ရွာဝင် တစ်ရွာထွက် ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။

အဖွဲ့ဝင် တစ်ဦးဖြစ်သူ ခွန်ဘာဂျကလည်း ကျေးလက်ဒေသ သက်ကြီးရွယ်အိုတို့တွင် လိုအပ်ချက် အများအပြား ရှိနေသည်ဟု ဆိုသည်။

“အခက်အခဲကြုံတာကတော့ ကျွန်တော်တို့တွေက စောင်နဲ့တိုင်းရင်းဆေးတွေပဲ လှူနိုင်တာလေ။ တချို့ ဘိုးဘွားတွေက အဝတ်အထည်တွေ လိုအပ်နေတာ တွေ့ရသလို အစားအစာတွေ အရမ်းချို့တဲ့နေတာတွေ့ရတော့ လှူချင်ပေမဲ့လည်း မလှူနိုင်ခဲ့တာကို စိက်မကောင်း ဖြစ်ရတာပေါ့” ဟု ခွန်ဘာဂျက ပြောသည်။

လှူဒါန်းရာတွင် လူမျိုး၊ ဘာသာ ကန့်သတ် ရွေးချယ်ခြင်း မရှိဟု သူက ဆက်ပြောသည်။

အသက်အရွယ်ကြီးရင့်သူတို့ကို စောင်လှူဒါန်းခြင်း အစီအစဉ်ကို ယမန်နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်ကထက် ပိုမို လှူဒါန်းလာနိုင်သော်လည်း ဒေသခံ လူကြီးသူမတို့၏ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သဖြင့် စိတ်မကောင်း ဖြစ်ရသည်ဟု အဖွဲ့၏ ဒုဥက္ကဋ္ဌ ခွန်စောင်းဝဲင်းက ရှင်းပြသည်။

“တချို့ဘိုးဘွားတွေက သားသမီးမရှိဘူးလေ။ တွေ့ခဲ့တဲ့အဘိုးတစ်ယောက်ဆိုရင် လူပျိုကြီး အသက်ရှစ်ဆယ်ကျော်ပြီ ခြံလုပ်ရတုန်း။ သူ့ခမျာ လက်လုပ်မှ ပါးစပ်လုပ်ရတာ တဲ့။ ကျွန်တော်တို့အနေနဲ့ လှူဒါန်းနိုင်ဖို့ရန်အတွက် လိုအပ်ချက်တွေ အများရှိနေသေးတယ်” ဟု ဒုဥက္ကဋ္ဌက ဆိုသည်။

ရန်ပုံငွေရရှိရန် အလှူငွေ အနည်းငယ်ကိုပင် လက်ခံနေကြောင်း၊ အနုပညာရှင်များအဖွဲ့ကလည်း မြို့နယ်အတွင်း ပွဲလမ်းသဘင်များတွင် အရောင်းဆိုင် ဖွင့်နေကြောင်း သိရသည်။

ရန်ပုံငွေ ပိုမို ရရှိလာပါက ဒေသ အပြင်ဘက်ရှိ သက်ကြီးရွယ်အိုတို့ကို ဆောင်းရာသီအတွက် ကူညီ လှူဒါန်းလိုကြောင်း ပရဟိတ လုပ်ကိုင်နေသူတို့က ဆိုသည်။

ရန်ကုန်မြို့တွင် စနေနေ့ အပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက် ရှိပြီး ဆီဆိုင်မြို့နယ်တွင် ၇၅ ဒီဂရီ ဖာရင်ဟိုက် ရှိနေသည်။

(ဤသတင်း ရေးသားသူ နန်းခမ်းဟေမာန်သည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော The People’s Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်လျက်ရှိသည်။)

Show More

Related Articles

Back to top button