နိုင်ငံခြားငွေလိုနေသည့် စစ်ကောင်စီက ပြည်ပရောက် သန်းနှင့်ချီသော အလုပ်သမားများ၊ နိုင်ငံသားများထံမှ ငွေညှစ်နိုင်သည့် အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းကြောင်း စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၃ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပုဒ်မ (၂၂) ကို စစ်ခေါင်းဆောင်က ကမန်းကတမ်း လက်မှတ်ရေးထိုးကာ ပြင်ဆင်လိုက်ခြင်းဖြစ်သည်၊ ဥပဒေသည် တစ်ပတ်အတွင်း အသက်ဝင်မည်ဖြစ်ကာ လာမည့် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်ကုန်အထိ ၆ လကြာ အကျိုးသက်ရောက်မည်ဖြစ်သည်။
ထိုပြင်ဆင်ချက်ကြောင့် ၂၀၁၂ ဇန်နဝါရီမှ စတင်ပြီး ၁၀ နှစ်ကျော်ကြာ ကင်းလွတ်ခွင့်ပြုခဲ့သည့် ပြည်ပရောက်အလုပ်သမားများထံမှ နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်ကောက်ခံခြင်း ပြန်လည်အသက်ဝင်လာသည်။
ပြင်လိုက်သည့် ဥပဒေတွင် ဝင်ငွေအလွှာအလိုက် တွက်ချက်ခြင်း၊ သက်သာခွင့်များ မနုတ်ဘဲ ဝင်ငွေအပေါ် ၂ ရာခိုင်နှုန်းကောက်ခံခြင်း ဟူသော နည်းလမ်းနှစ်မျိုးဖြင့် တွက်ပြီး နည်းရာအခွန်ပမာဏကို ပေးဆောင်ရမည်ဟု ပါရှိသည်။
တစ်နှစ်ဝင်ငွေ ၄၈ သိန်းအထက် ရရှိသူကို သက်သာခွင့်များ နုတ်၍ ဝင်ငွေအလွှာအလိုက် ကောက်ခံရမည့် နှုန်းထားမှာ သိန်း ၂၀ ကျော်မှ သိန်း ၁၀၀ ထိ ၅ ရာခိုင်နှုန်း၊ သိန်း ၁၀၀ ကျော်မှ ၃၀၀ ထိ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး သိန်း ၇၀၀ ကျော်လျှင် ၂၅ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပြည်ပတွင် ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားများအတွက် လစာမဟုတ်သော ဝင်ငွေကိုလည်း ကင်းလွတ်ခွင့်မပြုတော့ပေ၊ ရရှိသော နိုင်ငံခြားငွေအမျိုးအစားဖြင့် စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဟုလည်း ဥပဒေကို ပြင်ဆင်ထားသည်။
လစာမဟုတ်သော ဝင်ငွေအမျိုးအစားသည် ပြည်ပနိုင်ငံများ၌ စီးပွားရေးလုပ်ငန်းကိုင်သူများ၊ လစာမဟုတ်သော ဉာဏ်ပူဇော်ခ၊ ဝန်ဆောင်ခရရှိသည့် နိုင်ငံသားများ၏ စုစုပေါင်းဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည့်သဘောဖြစ်သည်ဟု အခွန်ဆိုင်ရာကျွမ်းကျင်သူများက ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် သယံဇာတဝင်ငွေများ ပိတ်ဆို့ခံထားရသလို ပို့ကုန်ကျဆင်းလာခြင်းကြောင်း နိုင်ငံခြားဝင်ငွေ ကျဆင်းလာချိန်တွင် ပြည်ပရောက်အလုပ်သမားများထံမှ နိုင်ငံခြားငွေကို ဓားပြတိုက်ခြင်းဖြစ်ကြောင်း အမည်မဖော်ပြလိုသည့် အခွန်ကျွမ်းကျင်ပညာရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ (စစ်ကောင်စီ) ဝင်ငွေရလမ်းမရှိတော့ဘူး။ သူတို့ရနိုင်တဲ့ ဝင်ငွေရလမ်းအနေနဲ့ ကြည့်မယ်ဆိုရင် အလုပ်အကိုင်ကနေ ရနိုင်တယ်။ မြန်မာပြည်ကနေ ထွက်တဲ့ အလုပ်သမားတွေဆီက ဝင်ငွေကနေပြီးတော့ ဓားပြတိုက်တာပေါ့” ဟု သူက ဆိုသည်။
အခွန်မရှောင်ကြစေရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်ထုတ်ပေးခြင်းတို့နှင့် ချိတ်ဆက် ဆောင်ရွက်လိမ့်မည်၊ အခွန်ကင်းရှင်းကြောင်း လက်မှတ်မပြနိုင်ပါက နိုင်ငံကူးလက်မှတ် ရုပ်သိမ်းခြင်း၊ အသစ်ထုတ်ပေးရန် ငြင်းဆန်ခြင်း၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းတို့အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့်ပါ အရေးယူမည့် နိုင်ကွက်များ ရှိနေကြောင်း ထိုအမျိုးသားက ဆိုသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၊ လာအို၊ မလေးရှား၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်နှင့် ဗီယက်နမ် စုစုပေါင်း ၈ နိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်လက်မှတ်ထိုးထားသည်။ ထိုနိုင်ငံများတွင် မြန်မာအလုပ်သမားအများစု ရောက်ရှိနေရာ ၎င်းတို့ကို မည်သို့ဆောင်ရွက်မည်ကို မရှင်းလင်းကြောင်းလည်း သူက ပြောသည်။
“ဒီနိုင်ငံတွေက မြန်မာအလုပ်သမားတွေ အများဆုံးနိုင်ငံတွေပဲ။ DTA (အခွန်နှစ်ထပ်မကျသင့်စေရေး သဘောတူစာချုပ်) မူလရည်ရွယ်ချက်က Permanent Establish လို့ခေါ်တဲ့ မူလနေရာ ဘယ်နေရာလဲဆိုတာကို သတ်မှတ်ရတယ်။ Permanent Establish သည် သက်ဆိုင်ရာနိုင်ငံတွေမှာပဲ ရှိတယ်။ မြန်မာနိုင်ငံမှာမရှိဘူး” ဟု သူက ထောက်ပြသည်။
“Permanent Establish ရှိတဲ့ နိုင်ငံတွေမှာ သူတို့အခွန်ပေးဆောင်ပြီးသားဖြစ်တဲ့အတွက်ကြောင့် DTA အရ သူတို့ထပ်ပေးစရာမလိုတော့ဘူး။ သို့သော် မြန်မာနိုင်ငံက ထပ်ကောက်တာသည် DTA ကို ချိုးဖောက်တာ”
ဝင်ငွေရရန် အမျိုးမျိုးကြံစည်နေသည့် စစ်ကောင်စီ၏ အစီအစဉ်ကြောင့် စင်ကာပူရောက် မြန်မာများ အခွန်နှစ်ထပ်ဆောင်ရမည့် အန္တရာယ် ရှိလာနိုင်ကြောင်း စင်ကာပူတွင် အလုပ်လုပ်ကိုင်နေပြီး စင်ကာပူအစိုးရကို တစ်နှစ် ဒေါ်လာ ၁၀၀၀ ဝန်းကျင် အခွန်ဆောင်နေသည့် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ပြည်သူကို အကြမ်းဖက်၊ အနိုင်ကျင့်နေသည့် အာဏာသိမ်းစစ်ကောင်စီလက်ထဲ အခွန်ငွေ ရောက်သွားမည်ကို မလိုလားကြသော်လည်း နိုင်ငံကူးလက်မှတ်ဖြင့် ချိတ်ဆက် ထိန်းချုပ်လာပါက အထိအခိုက်ခံမည် မဟုတ်ကြောင်း၊ ယခုအစီအစဉ်သည် စစ်ကောင်စီအတွက် ဝင်ငွေအများပြားရနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
“ကာယကံရှင်တွေက ဘယ်သူမှ အာရုံနောက်ခံပြီးတော့ ငြင်းနေမှာမဟုတ်တော့ဘူး။ ငြင်းရင်လည်း နစ်နာဆုံးရှုံးမှုက များတယ်ဆိုရင် သူတို့လည်း လုပ်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှတစ်ဆင့် မဖြစ်မနေ ပြည်တွင်းကို လွှဲရန် ညွှန်ကြားလိုက်ကတည်းက စစ်ကောင်စီ အခွန်ကောက်တော့မည်ကို တွက်ဆထားမိသည်ဟု ထိုင်းတောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။
ဝင်ငွေခွန် ရလာလျှင် အခြားနိုင်ငံအစိုးရများကဲ့သို့ ပညာရေး၊ ကျန်မားရေးနှင့် လူမှုဖူလုံရေး စသည့် ပြည်သူ့ဝန်ဆောင်မှုများတွင် အသုံးပြုမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“အခွန်ကောက်မယ်ဆိုရင် ပြည်သူပြည်သားတွေအတွက် ဘယ်လို Supporting (အထောက်အပံ့) လုပ်ပေးနိုင်မလဲ။ ကောက်တဲ့အခွန် အကျိုးရှိအောင် ဘယ်လိုအာမခံချက်နဲ့တကွ ရှင်းရှင်းလင်းလင်း ချပြပြီးတော့မှ လုပ်ရမယ့်ဟာမျိုး” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားဖြင့် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁ ဒသမ ၇ သန်းကျော်ရှိသည်၊ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) ဖြင့် အလုပ်လုပ်ကိုင်သူ ၃ သိန်းကျော်ရှိရာ ထိုသူတို့၏ အထောက်အထားများယူကာ စနစ်တကျတွက်ချက် ကောက်ခံလာဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးယိုယွင်းကာ စားဝတ်နေရေးကျပ်တည်းလာ၍ ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်းမှသာမက တရားမဝင်လမ်းကြောင်းများမှပါ အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်။
ထိုင်းနှင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး တရားမဝင်အလုပ်လုပ်ကိုင်သူ သန်းနှင့်ချီရှိကြောင်း အလုပ်သမားရေးကျွမ်းကျင်သူများက ခန့်မှန်းသည်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများမှတစ်ဆင့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့ အလုပ်သမား အများဆုံးစေလွှတ်ခဲ့ပြီး ၂၀၂၁ မတ်လအထိ ၁,၃၂၀,၉၁၄ ဦး ရှိကြောင်း ထုတ်ပြန်ထားသည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်ကို ဆန့်ကျင်သည့်အနေဖြင့် စစ်တပ်ဝင်ငွေလမ်းကြောင်းကို ဝိုင်းဝန်းပိတ်ဆို့နေသလို အခွန်အခ မပေးကြရန်၊ စစ်တပ်ထုတ်ကုန်များကိုလည်း မဝယ်ဘဲ သပိတ်မှောက်ထားကြရန် လှုံ့ဆော်မှုများလည်း ရှိနေသည်။
ဤအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ နှစ်လယ်ပိုင်းမှ စတင်ကာ အခွန်အခများ တိုးချဲ့ကောက်ခံသလို တပ်ထုတ်ကုန်များကိုလည်း ဖိအားပေး ရောင်းချခိုင်းလာသည်။
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဆရာဝန်၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများ ရရှိသော ဆေးကုသကြေးပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်သလို မော်တော်ယာဉ် ပိုင်ဆိုင်သူတို့ ပေးဆောင်ရသည့် ကညနခွန်၊ ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးတို့ကိုလည်း တိုးမြှင့်သတ်မှတ်ခဲ့သည်။
ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အတင်းအကျပ် အခွန်ကောက်မည့် တစ်ကျော့ပြန်အစီအစဉ်ကြောင့် အဂတိလိုက်စားမှုများလည်း တိုးလာနိုင်ကြောင်း အခွန်ကျွမ်းကျင်သူက မှတ်ချက်ချသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။