သတင်း

ပုဂ္ဂလိက ဆေးဝန်ထမ်းတို့၏ ဝန်ဆောင်ခကို စစ်ကောင်စီ မျက်စောင်းထိုးနေ

ဘဏ္ဍာရေးအကျပ်အတည်းတွေ့နေသည့် အာဏာသိမ်းစစ်ကောင်စီက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဆရာဝန်၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်ဝန်ထမ်းများ ရရှိသော ဆေးကုသကြေးပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံတော့မည် ဖြစ်သည်။

ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၌ လစာဖြင့်မဟုတ်ဘဲ အခကြေးငွေယူ၍ ဆေးကုပေးသည့် ဆေးဝန်ထမ်းများထံမှ ထိုသို့ အခွန်ကောက်မည့်အစီအစဉ်မှာ စက်တင်ဘာ ၁ ရက်တွင် စတင်အသက်ဝင်မည်ဟု စီမံဘဏ္ဍာဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုဆေးဝန်ထမ်းများ၏ ဝင်ငွေမှ ပေးဆောင်ရမည့် ထိုအခွန်ငွေကို ဆေးရုံဆေးခန်းများက တာဝန်ယူကောက်ခံ၍ ပြည်တွင်းအခွန်ဌာနကို ကြိုတင်ပေးသွင်းထားရမည်၊ ကြိုဆောင်ထားသည့် ထိုငွေကို သက်ဆိုင်ရာသူများ နှစ်ကုန် အခွန်ဆောင်ချိန်တွင် ခုနှိမ်ခွင့်ပြုမည်ဟု စစ်ကောင်စီက ဆိုထားသည်။

ထိုအစီအမံတွင် လစာဖြင့် ခန့်အပ်ထားသည့် ဆေးရုံဆေးခန်းများမှ အချိန်ပြည့်ဝန်ထမ်းများ ပါဝင်မည် မဟုတ်ပေ။ လစာဖြင့် ခန့်အပ်ထားသည့် အမြဲတမ်းဆေးရုံဝန်ထမ်းများမှာ ကြိုတင်ဝင်ငွေခွန်နှင့် မသက်ဆိုင်ဘဲ ပုံမှန်လစာဝင်ငွေခွန်ခေါင်းစဉ်ဖြင့်သာ ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

ဥပဒေကြောင်းအရ ကြိုတင်ဝင်ငွေခွန်ကောက်ခံခွင့်ရှိသဖြင့် ဝင်ငွေနည်းနေသည့် စစ်ကောင်စီအတွက် အကွက်ကောင်းဖြစ်လာသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အခွန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးက သုံးသပ်သည်။

“ဝင်ငွေရလမ်း နည်းပါးလာတဲ့အချိန်မှာ ဒါတွေကို ကောက်သင်းကောက်သလို ကောက်ယူတယ်လို့ ယူဆရတယ်။ စစ်ကောင်စီမှာ ဝင်ငွေနည်းပါးနေပြီလို့ မြင်နိုင်တဲ့အချက်တစ်ချက်ပေါ့”

ဆရာဝန်၊ သူနာပြုများ ရရှိသည့် ဝန်ဆောင်ခထဲမှ ၂ ရာခိုင်နှုန်းကို အခွန်ကြိုပေးရမည့် အစီအစဉ်ကြောင့် ဆေးရုံဆေးခန်းများက ဝင်ငွေထိခိုက်ခံမည်မဟုတ်ဘဲ လူနာထံမှ ဆေးကုသစရိတ် တိုးမြှင့်ကောက်ခံသည့်နည်းဖြင့် ဖြေရှင်းလျှင် ခက်မည်ဟု ထိုသူက ဆက်ပြောသည်။

“ဥပဒေကြောင်းနဲ့ မဟုတ်ဘဲနဲ့ သီးခြားလူနာတွေအပေါ်မှာ ကောက်ခံတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ တစ်နည်းအားဖြင့် ဆရာဝန်က အနာမခံဘူးဗျာ။ လူနာကိုပဲ အနာခံပါဆိုတဲ့ သဘောမျိုးဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ဒါက ဥပဒေသဘောအရ မမှန်ဘူး”

ယခုထုတ်ပြန်ချက်သည် ကြိုတင်ခွန်ကောက်နိုင်သည့် သဘောသဘာဝကို ရှေ့ပြေးအသိပေးခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအပြင် ရုပ်ရှင်အနုပညာနှင့် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများအပေါ်တွင် အလားတူ တင်းကျပ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ရသည့်နည်းဖြင့် အခွန်ရရန် ကြိုးစားနေပြီး ကြိုတင်ဝင်ငွေခွန်ကြောင့် ၂ ရာခိုင်နှုန်းကို လူနာများထံမှသာ တိုးကောက်ဖွယ်ရှိကြောင်း ပဲခူးတိုင်းမှ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အမည်မဖော်လိုသည့် CDM ဆရာဝန်တစ်ဦးက ပြောသည်။

“သူတို့ကတော့ ပိုက်ဆံက ရတဲ့နည်းနဲ့ ညှစ်မှာပဲ။ လူနာတွေအပေါ် သက်ရောက်မှုရှိမှာပဲ။ နောက်ဆုံးတော့ လူနာပဲ အိတ်စိုက်ရမှာပဲ။ ဆေးခန်းတွေကလည်း ၂ ရာခိုင်နှုန်းကို ပေးမှာတော့ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုသက်ဆိုးမရှည်စေရန် ပြည်သူများက မီတာခနှင့် အခွန်အခများ မပေးဆောင်ခြင်းအပြင် စစ်တပ်ထုတ်ကုန်များ မသုံးစွဲဘဲ သပိတ်မှောက်သည်အထိ နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် မီတာခနှင့် အခွန်မပေးဆောင်သူတို့ကို အတင်းအကျပ်ဖိအားပေးတောင်းသလို အရှုံးပေါ်သည့် စီးပွား‌ရေးလုပ်ငန်းများကိုလည်း အခွန်ရှင်းတမ်းတွင် အမြတ်ပြသည်ဟု စာရင်းဆွဲခိုင်းပြီး အခွန်ကောက်ခံမှုများရှိကြောင်း မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက အခွန်ရငွေကို တင်းတင်းကျပ်ကျပ် ကောက်ခံနေသော်လည်း ပြည်သူများက တတ်နိုင်သည့်ဘက်မှ စစ်ကောင်စီကို ဆန့်ကျင်နေကြောင်း အောင်ဘာလေထီရောင်းအားကျဆင်းခြင်းက သက်သေပြနေသည်။

ထို့ပြင် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်မလာတော့ခြင်းတို့အပြင် ကမ္ဘာ့နိုင်ငံတချို့က ၎င်းတို့၏ ဝင်ငွေရလမ်းကြောင်းကို ပိတ်ဆို့နေကြသဖြင့် စစ်ကောင်စီမှာ ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေသည်။

ထိုသို့ လိုအပ်ချက်ကြီးမားနေသော်လည်း ပြည်သူလူထုအပေါ် အရက်စက်ဆုံး စစ်ဆင်နွှဲနေသောကြောင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေရသည်ဖြစ်ရာ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ငွေတိုက်စာချုပ်များ အဆက်မပြတ် ထုတ်ရောင်းခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်အတွက် စစ်ကောင်စီ၏ စစ်အသုံးစရိတ်သည် ကျပ်ဘီလျံ ၅၆၀၀ ကျော်ရှိကြောင်း ရသုံးမှန်ခြေငွေစာရင်းများအရ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်တွင် ကျန်းမာရေးဝန်ထမ်းအများအပြား လုပ်ငန်းခွင်ကို စွန့်ခွာကုန်သဖြင့် အခက်တွေ့ပြီးနောက်တွင် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချ၊ ဆေးရုံဆေးခန်းများကို လုပ်ကိုင်ခွင့် ပိတ်သိမ်း စသည့် နည်းလမ်းပေါင်းစုံဖြင့် နှိပ်ကွပ်နေသည်။

ကျန်းမာရေးဝန်ထမ်းအများအပြား နယ်စပ်ဒေသများသို့ တိမ်းရှောင်နေကြရသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက ပြည်တွင်းတွင် တာဝန်ထမ်းဆောင်နေဆဲ ဆေးဝန်ထမ်းများ၏ ချွေးနှဲစာကိုပါ ရယူရန် ကြံစည်လာခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Related Articles

Back to top button