အာဏာဖီဆန်ထားသည့် ကျန်းမာရေးဝန်ထမ်းများကို လက်ခံထားသည်ဟူသော စွဲချက်ဖြင့် အပိတ်ခံထားရသော မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ ဆေးရုံ ၂ ရုံ ပြန်ဖွင့်ခွင့် ရပြီဟု သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၁၈ တွင် သိပ္ပံလမ်းပေါ်ရှိ မြို့တော်ဆေးရုံ၊ ဇန်နဝါရီ ၁၃ တွင် ၅၈လမ်းပေါ်ရှိ မင်္ဂလာဆေးရုံတို့ လုပ်ငန်း ပြန်လည် လည်ပတ်နိုင်ပြီဟု သူနာပြုဆရာမတစ်ဦးက ပြောသည်။
“ဆေးရုံနှစ်ရုံလုံး ပြန်ဖွင့်ပြီ၊ ကျန်တဲ့ ဝန်ထမ်းခန့်ထားမှုတွေ၊ ဘယ်လိုသဘောတူညီချက်တွေ ယူခဲ့ရတာလဲ စတာတွေတော့ အစ်မတို့ မသိရပါဘူး။ ငွေတောင်းခံလို့ ညှိနှိုင်းရတာတွေတော့ ကြားပါတယ်” ဟု မန္တလေးမြို့ခံ ပုဂ္ဂလိကဆေးရုံတစ်ခုမှ သူနာပြုဆရာမတစ်ဦးက Myanmar Now ကို ပြောသည်။
မန္တလေးတွင် ဆေးရုံနှင့် ဆေးခန်း ၁၅ ခုထက်မနည်း ဆက်လက်ပိတ်ပင်ခံထားရဆဲဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက မန္တလေးမြို့ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံနှစ်ခုဖြစ်သော နန်းတော်နှင့်မြို့တော်ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးတစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းသုံးဦးကို ဖမ်းဆီးခဲ့သည်။
ထို့ပြင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း စသည့် ဆေးရုံတို့ကို ပိတ်သိမ်းစေခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကြယ်စင်လင်းနှင့် ဓူဝံဆေးရုံတို့မှ ဆေးရုံပိုင်ရှင်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ထိုဆေးရုံနှစ်ရုံကို ထပ်မံပိတ်သိမ်းခဲ့သည်။
ထို့နောက် ဩဂုတ်လအတွင်းတွင်လည်း မင်္ဂလာဆေးရုံကို ထပ်မံပိတ်သိမ်းခဲ့ပြီး မန္တလေးမြို့တွင် ဆေးရုံဆေးခန်းပေါင်း ၁၅ ခုထက်မနည်းကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ထိုဆေးရုံများသည် စစ်ကောင်စီကို အာခံသည့် CDM ဝန်ထမ်းများကို လက်ခံထားသည်၊ ပြည်သူ့ကာကွယ်ရေးတပ် PDFများကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်များဖြင့် အပိတ်ခံရခြင်းဖြစ်သည်။
မန္တလေးရှိ ပုဂ္ဂလိက အထူးကုဆေးရုံများကို ဒေသတွင်းမြို့နယ်များသာမက အထက်မြန်မာပြည်မှ အခြားမြို့နယ်များမှ လူနာများ အားကိုးအားထားပြုနေကြသည်။
ဆေးရုံများကို စစ်ကောင်စီက ပိတ်သိမ်းခြင်း၊ ဆေးဝန်ထမ်းများကို ဖမ်းဆီးခြင်းတို့ကြောင့် အလုပ်အကိုင်စွန့်လွှတ်ရသူ ဆရာဝန်နှင့် ဆေးဝန်ထမ်း ရာဂဏန်းရှိနေသည်။
“ပြနေကျလူနာတွေ အခက်အခဲဖြစ်ကုန်တာပေါ့။ ချက်ချင်းကြီး ပိတ်ချပစ်လိုက်ရတဲ့အခါကျတော့ ဝန်ထမ်းတွေရော၊ လူနာတွေ၊ ဆရာဝန်တွေရော အကုန်ဒုက္ခများခဲ့ကြတယ်။ ဝန်ထမ်းတွေရာချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့တယ်” ဟု အထက်ပါ သူနာပြုဆရာမက ပြောသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီ၏အုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ မန္တလေးတိုင်းရှိ ကျန်မာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းသည် အကြမ်းမဖက် အာဏာဖီဆန်မှု (CDM) တွင် အင်နှင့်အားနှင့် ပါဝင်ခဲ့သည်။
စစ်ကောင်စီကလည်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ပါမောက္ခကြီးများအပါအဝင် ကျန်းမာရေးဝန်ထမ်းအများအပြားကိုဖမ်းဆီးကာ အပြင်းအထန်နှိပ်ကွပ်ခဲ့သည်။
ထိုအထဲတွင် နန်းတွင်းစစ်ကြောရေးစခန်းတွင် မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာန၊ ကထိက ဒေါက်တာ မောင်မောင်ငြိမ်းထွန်း သေဆုံးခဲ့ရခြင်း၊ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြစဉ် ဒေါက်တာသီဟတင်ထွန်း ပစ်သတ်ခံရခြင်း စသည့်ဖြစ်စဉ်များမှာ ထင်ရှားသည်။
ပြည်သူတို့ မတရားပြုကျင့်ခံနေရမှုများ ဆက်လက် တည်ရှိနေဦးမည်ဟု စစ်ကောင်စီ၏ရန်မှ ရှောင်တိမ်းနေရသည့် မန္တလေးမြို့ခံ CDM ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။
“သူတို့ (စစ်ကောင်စီ) ဖိနှိပ်၊ အကြမ်းဖက်၊ မတရားအမှုတွေပြုနေကြတာက ကျွန်မတို့ ဆရာဝန်တွေမှ၊ ဆေးအသိုင်းအဝိုင်းမှ ရယ်တော့ မဟုတ်ပါဘူး၊ တစ်တိုင်းပြည်လုံး ခံစားနေကြရတာပါ။ ဒီအာဏာရှင်စနစ်ကို အပြီးသတ် ဖြုတ်မချနိုင်သရွေ့ ဒါတွေက ရှိနေကြအုံးမှာပဲ” ဟု CDM ဆရာဝန်က ဆိုလိုက်သည်။



