သတင်း

ငွေလိုနေသည့် စစ်ကောင်စီ ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေး ၆ ဆ တိုးကောက်မည်

အာဏာသိမ်းစစ်ကောင်စီသည် ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးကို လာမည့် ၂၀၂၄ နှစ်ဆန်းမှစတင်ကာ ၆ ဆကျော် တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း စုံစမ်းသိရှိရသည်။

အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ရေးလိုင်စင်ကို လက်ရှိကောက်ခံသည့်နှုန်း ကျပ် ၅၀,၀၀၀ မှ ၃၀၀,၀၀၀၊ အချောထည်နှင့် ရုပ်ထုထွင်းလိုင်စင်ကို ၃၀,၀၀၀ မှ ၂၀၀,၀၀၀၊ ကျောက်မျက်အရိုင်းနှင့် အချောရောင်းဝယ်လိုင်စင်ကို ၃၀,၀၀၀ မှ ၁၅၀,၀၀၀ သို့ ပြောင်းလဲမည်ဖြစ်သည်။

၁၀ နှစ်ကြာပြီဖြစ်သည့် လုပ်ငန်းလိုင်စင်ကြေး၊ ဒဏ်ကြေးတို့ကို ခေတ်ကာလနှင့် လျော်ညီရန် တိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) က လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၅ ရက်စွဲဖြင့် အကြောင်းကြားထားသည်။

လိုင်စင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မိုင်းရှူး၊ ဖားကန့်နှင့် မြစ်ကြီးနားရုံးတို့တွင် နယ်မြေအလိုက် သတ်မှတ်သန်းခေါင်စာရင်းဖြင့် လျှောက်ထားရမည်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဈေးကွက်မကောင်းသဖြင့် ကျောက်မျက်သမားများ အခက်တွေ့နေသော်လည်း ငွေလိုနေသည့် စစ်ကောင်စီက လိုင်စင်ကြေးပြင်ဆင်ခြင်းဖြစ်ကြောင်း မန္တလေးကျောက်ဝိုင်းတွင် ကျောက်အရောင်းအဝယ်လုပ်သည့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“အကျိုးအမြတ်နည်းတဲ့အထဲ အခွန်အခတွေများမယ်ဆိုရင် ကျောက်သမားတွေလည်း ခက်ခဲမှာပေါ့။ တော်တော်လေးတော့ ဒုက္ခရောက်တယ်။ တိုးကောက်တာတော့ ဒီကျောက်မျက်အပေါ်ကနေ ငွေရှာတဲ့ သဘောလို့ထင်တယ်။ ရသလောက်ယူတဲ့သဘောပါပဲ” ဟု သူက ပြောသည်။

အထက်မြန်မာပြည်၏ အဓိကကျောက်မျက်ဈေးကွက်ဖြစ်သည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်း ခေါ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ဈေးကွက်အေးစက်နေပြီး တွက်ခြေမကိုက်၍ အခြားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်သူများရှိသည်ဟုလည်း သူက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ကျောက်အရောင်းအဝယ်လုပ်သူတိုင်းကို မဖြစ်မနေ လုပ်ငန်းလိုင်စင်ပြုလုပ်ရန် စစ်ကောင်စီက သတိပေးခဲ့သလို လိုင်စင်မရှိဘဲ လုပ်ကိုင်လျှင် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

ယခင်က ငွေကျပ် ၅၀,၀၀၀ ဝန်းကျင်ဖြင့် လုပ်ငန်းလိုင်စင်လွယ်လွယ်ချပေးခဲ့ရာ လိုင်စင်ရသူများသည် ကျောက်မျက်ပြပွဲများတွင် သိန်းသောင်းချီတန်ကျောက်များကို လေလံဆွဲသည်၊ ထို့နောက် ငွေမသွင်း၊ ကျောက်မထုတ်ဘဲနေခြင်းကြောင့် လိုင်စင်ကို တင်းကျပ်ခြင်းဖြစ်သည်ဟု နေပြည်တော်မှ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“နဂိုကတော့ လိုင်စင်မရှိလို့ လိုင်စင်လုပ်ရမယ်ဆိုပြီးတော့ ဖောဖော်သီသီလုပ်ပေးပြီးကာမှ အခုတော့ ကျောက်တွေကို ဈေးနှုန်းတွေကို တင်ပစ်တာ” ဟု ၎င်းက ဆိုသည်။

ကျောက်မျက်လုပ်ငန်းများ လိုင်စင်လျှောက်ထားရန်၊ သက်တမ်းကုန်သူများ အချိန်မီသက်တမ်းတိုးရန် MGE က မကြာခဏ သတိပေးထုတ်ပြန်လေ့ရှိသည်၊ ထုတ်ပေးပြီးသည့် လိုင်စင်အရေအတွက်ကို အတိအကျမသိရသေးပါ။

ကျောက်မျက်လိုင်စင်ကြေးတိုးမြှင့်သည့် MGE သည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် နေပြည်တော်၌ နိုင်ငံခြားငွေ၊ ကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာရောင်းချပွဲများ မကြာခဏပြုလုပ်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ MGE ကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၂၀၂၁ ခုနှစ်အတွင်း ပိတ်ဆို့ အရေးယူခဲ့သည်။

ဗြိတိန်နိုင်ငံအခြေအစိုက် Global Witness ၏ ၂၀၂၁ ခုနှစ်ထုတ် အစီရင်ခံစာတစ်စောင်အရ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းကြား ရရှိနိုင်သည်၊ တရားမဝင်တူးဖော်မှုများကိုပါ ထည့်တွက်မည်ဆိုပါက နှစ်စဉ် ပျမ်းမျှ ဒေါ်လာ ၂ ဘီလျံအထိ ရရှိနိုင်သည်ဟု ဆိုသည်။

နိုင်ငံတွင်းရှိ သယံဇာတများကို လက်ဝါးကြီးအုပ်ကာ စစ်လက်နက် တပ်ဆင်ရန် အသုံးချနေသည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် နိုင်ငံတကာသို့ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းကို ပိတ်ဆို့တားဆီးရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆိုနေသည်။

ထို့ပြင် ပုဂ္ဂလိကထိပ်သီးကျောက်မျက်လုပ်ငန်းရှင်များပါဝင်သည့် ကျောက်မျက်ရတနာအသင်းသည် အများအကျိုးထက် စစ်ကောင်စီကို တရားဝင်မှုနှင့် ငွေကြေးတစ်နည်းတစ်ဖုံ ပံ့ပိုးနေ၍ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၁၇ တွင် သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button