
စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်းတစ်ခုဖြစ်သော ကျောက်မျက်ရတနာရောင်းချပွဲများကို သပိတ်မှောက်ခြင်းကြောင့် ကျောက်မျက်ရောင်းရငွေ ၈၀ ရာခိုင်နှုန်းဝန်းကျင်ထိခိုက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ သိရသည်။
အရပ်သားအစိုးရလက်ထက်က ကျောက်မျက်ပြပွဲတွင် ယူရို သိန်း ၄,၀၀၀ ကျော် ဖိုးအထိ ရောင်းရသော်လည်း စစ်ကောင်စီလက်ထက် နောက်ဆုံးပြုလုပ်သော ကျောက်မျက်ပွဲတွင် ယူရိုငွေ သိန်း ၈၀၀ ခန့်သာ ရောင်းရကြောင်း NUG သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားငွေဖြင့် ရောင်းသည့် ဒီဇင်ဘာ၊ ဧပြီကျောက်မျက်ပွဲတို့တွင် ယူရို သိန်း ၁,၆၀၀ သာရရှိခဲ့ကြောင်း သိရသည်။
“ဝင်ငွေဖြတ်တောက်ဖို့ ဆိုတာနဲ့ ပတ်သက်ပြီး စကစပြုလုပ်နေတဲ့ ရတနာပြပွဲတွေရဲ့ ရောင်းချမှုအခြေအနေ၊ ကျင့်ဝတ်သိပြီး ကျင့်ဝတ်ရှိတဲ့ ရတနာကုန်သည်ကြီးတွေ တက်ရောက်ခြင်းမရှိတဲ့ အခြေအနေတွေကို တွေ့မြင်ရမှာပါ” ဟု NUG တာဝန်ရှိသူက ပြောသည်။
ယခင်က ကျောက်မျက်ရတနာပြပွဲများတွင် ကုန်သည် ထောင်ဂဏန်းအထိ တက်ရောက်လေ့ရှိသော်လည်း စစ်ကောင်စီလက်ထက်တွင် ရာဂဏန်းသာ တက်ရောက်ကြောင်း ထိုသူက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ် ဧပြီလတွင် ကျပ်ငွေဖြင့် ရောင်းသည့် ကျောက်မျက်ပြပွဲကို ပထမဆုံးအကြိမ်ပြုလုပ်ရန် ကြိုးပမ်းစဉ် သပိတ်မှောက်သူများရှိသဖြင့် ကျောက်မျက်ကုန်သည်အချို့ကို မပျက်မကွက်တက်ရောက်ရန် စစ်ကောင်စီက အကြောင်းကြားခဲ့ရသည်။
စစ်ကောင်စီသည် ကျောက်မျက်ရောင်းရငွေနှင့် ပတ်သက်၍ သတင်းထိမ်ချန်ထားသော်လည်း ပြပွဲတွင် ရောင်းချသည့် ကျောက်မျက်ရတနာအတွဲအရေအတွက်မှာ ယခင်ထက်ပိုနည်းကြောင်း နေပြည်တော်မှ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါထိန်းချုပ်ရန် ပြည်ဝင်ပြည်ထွက်တင်းကျပ်ထားခြင်းကြောင့် တရုတ်ကုန်သည်များ စစ်ကောင်စီ၏ ပြပွဲများသို့ မလာနိုင်သဖြင့် ရောင်းအားကျဆင်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“သူတို့အားထားပြီး ရောင်းရတဲ့တရုတ်စစ်စစ်တွေ မလာဘူးပေါ့။ အဲဒါကြောင့် ဝင်ငွေတွေက ထင်သလိုမရတာလည်း ပါတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီရောင်းသည့် ကျောက်မျက်ရတနာများကို ပြည်တွင်းကုန်သည်ကြီးများက အမည်မခံဘဲ နောက်ကွယ်မှ အဓိကဝယ်ယူနေကြောင်း၊ စီပွားရေးအကျပ်အတည်းနှင့် ကျောက်ရှားပါးခြင်းကြောင့် အသေးစားနှင့် အလတ်စားကျောက်ကုန်သည်များမှာလည်း ရွေးချယ်စရာနည်းလာကြောင်းလည်း ထိုကျောက်မျက်လုပ်ငန်းရှင်က ပြောသည်။
“လက်ထဲမှာ ပိုက်ဆံမရှိဘူး။ ကျောက်က ရှားတယ်။ ပြီးတော့ ကျောက်ပိုက်မိထားတဲ့သူကလည်း ငွေဖော်ချင်ရင် ဘယ်မှာ ရောင်းရမှန်း မသိဘူး။ တချို့တွေကျတော့လည်း ပိုက်ဆံငွေကြေးစနစ်တွေ ပျက်မှာ ကြောက်လို့ ပစ္စည်းကိုင်ထားတာရှိတယ်။ ပြောရင် ဒီ Workflow ကြီးက နှေးတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် စစ်ကောင်စီပြုလုပ်သည့်ပြပွဲများကို တစ်နှစ်ကျော်ကြာ သပိတ်မှောက်ခဲ့သော်လည်း နောက်ဆုံးပြုလုပ်သည့်ပွဲတွင် ဝယ်ယူသူရှိလာခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတကို ဖမ်းဆီးပြီး တိုင်းပြည်အာဏာကို သိမ်းယူထားချိန်တွင် နိုင်ငံပိုင်သယံဇာတကို စစ်ကောင်စီက ရရာဈေးဖြင့် ရောင်းချနေသလို အချောင်ဝင်နှိုက်သည့် ကုန်သည်များရှိသောကြောင့် ပတ်သက်ဆက်နွှယ်သူတို့ကို အရေးယူသွားမည်ဟု NUG တာဝန်ရှိသူက ပြောသည်။
“နိုင်ငံတော်ပိုင်ပစ္စည်းရောင်းချခြင်းကို ဝယ်ယူနေကြတာက ပြည်သူကို ဖိနှိပ်သတ်ဖြတ်မှုအား အထောက်အကူပြုစေတာကို လျစ်လျူရှုပြီး ပွဲလန့်တုန်းဖျာခင်း အချောင်ရတုန်းဝင်နှိုက်ဆိုသလို ဝယ်ယူကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်ပိုင်ကျောက်မျက်ရတနာများရောင်းချမှုအတွက် ဝန်ထမ်းများကို အလွဲသုံးစားမှု၊ ဝယ်ယူသူကို ပစ္စည်းတန်ဖိုး နှစ်ဆပေးလျော်စေပြီး ခိုးရာပါပစ္စည်းလက်ခံမှုဖြင့် အရေးယူမည်ဟု NUG သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ယခုလ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ပြပွဲတွင်ရောင်းချသည့် ပုဂ္ဂလိကပိုင်နှင့် အကျိုးတူ ကျောက်မျက်ရတနာများနှင့် ပတ်သက်၍ ရောင်းသူ၊ ဝယ်သူများကို အမည်ပျက်စာရင်းသွင်းမည်ဖြစ်သလို လုပ်ငန်းများရပ်ဆိုင်းသည်အထိ အရေးယူမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် တွေ့ရသည်။

နိုင်ငံတကာအသိအမှတ်ပြုမှုရရှိလာသည့် NUG အစိုးရအနေဖြင့် မြေပြင်စိုးမိုးမှု၊ အာဏာသက်ရောက်မှု ရှိလာသည်နှင့်တစ်ပြိုင်နက် ဝန်ထမ်းများကို စိစစ်အရေးယူမည်ဖြစ်သလို အရေးယူမည့်ကုမ္ပဏီစာရင်းကို ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ကျောက်မျက်ပြပွဲများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ မရောင်းဝယ်ပါက အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီများက ကျောက်စိမ်းကျောက်မျက်များကို အချင်းချင်းလွှဲပြောင်းဝယ်ယူ၍ မောင်ပိုင်စီးနိုင်ကြောင်း ကျောက်မျက်ကုန်သည်များက ဆိုသည်။
ထိပ်သီးကျောက်မျက်လုပ်ငန်းရှင်များသည် စစ်ကောင်စီနှင့် ပိုမိုနီးစပ်ပြီး အာဏာသိမ်းပြီးမကြာမီတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ကူညီနေကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။
စစ်ကောင်စီ၏ ရန်ပုံငွေအရင်းအမြစ်ဖြစ်သောကြောင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း(MGE) ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)