
ဇွန်လ ၂၂ မှ ၂၅ အထိ ဟောင်ကောင်တွင် ပြုလုပ်မည့် ကျောက်မျက်ရတနာရောင်းချပွဲတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နီးစပ်သည့် မြန်မာကျောက်မျက်ကုမ္ပဏီလေးခု ပါဝင်မည်ဖြစ်ကြောင်း ပြပွဲစီစဉ်သည့် Jewellery & Gem Fair Hong Kong (JGA) ဝက်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ ကျောက်မျက်ပွဲကို ဗြိတိန်အခြေစိုက် Informa PLC ကုမ္ပဏီက ဦးဆောင်စီစဉ်ခြင်းဖြစ်ကာ ၎င်းကုမ္ပဏီသည် နိုင်ငံတကာမှ အစိုးရများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ စီးပွားရေးဆိုင်ရာပြပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ပြုလုပ်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက Informa PLC ကုမ္ပဏီနှင့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲပြုလုပ်သည့် စစ်လက်နက်ပစ္စည်းပြပွဲတွင် မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့ပြီး ယင်းကုမ္ပဏီက ပြခန်းနေရာ စီစဉ်ပေးခဲ့သည်။
ဟောင်ကောင်ကျောက်မျက်ပွဲတွင် ပါဝင်မည့် မြန်မာကုမ္ပဏီလေးခုမှာ Baw Mar Gems, Myanmar Royal Gems, Naing Family (Mogok) နှင့် Special Jewellery တို့ဖြစ်သည်။ ထိုပြပွဲတွင် နိုင်ငံပေါင်း ၃၀ ကျော်က ကုမ္ပဏီပေါင်း ၁၅၀၀ ကျော် ပါဝင်မည်ဖြစ်သည်။
ထိုကျောက်မျက်ကုမ္ပဏီလေးခုအနက် Naing Family ကုမ္ပဏီမှာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ ဒေါ်မြင့်သက်နိုင် ပိုင်ဆိုင်ပြီး၊ Special Jewellery မှာ အတွင်းရေးမှူး (၂) ဒေါ် မြသီတာ ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။ ဒေါ်မြသီတာသည် သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးစိုးမရ၏ သမီးဖြစ်ကာ သားဖြစ်သူ ဒေါက်တာသိန်းဟန်မရမှာ တနင်္သာရီတိုင်း၌ ပုလဲမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်သည်။
ထိုလုပ်ငန်းရှင်များမှာ နိုင်ငံခြားဝင်ငွေ ရှာဖွေရေးအတွက် စစ်ကောင်စီက ပြုလုပ်သည့် ကျောက်မျက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွင် ပူးပေါင်းကူညီပေးနေသူများဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ကျောက်မျက်လုပ်ငန်းရှင်များကို နေပြည်တော်ဖိတ်ခေါ်ကာ ဆွေးနွေးပွဲပြုလုပ်ခဲ့စဉ် ဒေါ်မြင့်သက်နိုင်နှင့် ဒေါ်မြသီတာတို့လည်း ပါဝင်ခဲ့သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) အပါအဝင် စစ်တပ်ပိုင် ကုမ္ပဏီများကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၂၀၂၁ ခုနှစ်အတွင်း ပိတ်ဆို့ အရေးယူခဲ့သည်။
ကျောက်မျက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ဖိတ်ကြားခံရသူများမှာ စစ်ကောင်စီနှင့် ပနံသင့်သူများဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ၂၀၂၁ ခုနှစ် အတွင်း ပြောခဲ့ဖူးသည်။
“စစ်ကောင်စီကို Support (ထောက်ခံအားပေး) လုပ်တာပေါ့။ ကိုယ့်ဘာသာမလုပ်ဘူးလို့ ငြင်းရင်လည်း ရတဲ့ကိစ္စကို ပြေးပြီးတော့ကို အသံပေးချင်ကြတယ်”
မြန်မာကျောက်မျက်ကုမ္ပဏီများကို ဖိတ်ခေါ်ထားသည့် ဗြိတိန်အခြေစိုက် Informa PLC ကုမ္ပဏီ၏ လုပ်ရပ်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က ဆိုသည်။
“မြန်မာစစ်တပ်အတွက် ကျောက်မျက်ရတနာရောင်းချပြီး နိုင်ငံခြားဝင်ငွေရဖို့ ထပ်မံလုပ်ဆောင်ပါတယ်။ Informa အနေနဲ့ မြန်မာစစ်တပ်ကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပါဝင်စေမဲ့လုပ်ရပ်တွေကို ရပ်တန့်ဖို့ လုပ်ဆောင်သင့်ပါပြီ” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ဗြိတိန်အခြေစိုက် Informa PLC ကုမ္ပဏီသည် ပညာရပ်ပိုင်းဆိုင်ရာ သုတေသနစာတမ်းများ ထုတ်ဝေပေးနေသည့် Taylor & Francis နှင့် Routledge Books စာအုပ်တိုက်တို့ကိုလည်း ပိုင်ဆိုင်သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ အကြီးအကျယ် လိုအပ်နေသော စစ်ကောင်စီက နေပြည်တော်၌ ကျောက်မျက်ရတနာရောင်းချပွဲများ မကြာခဏပြုလုပ်ခဲ့သည်။
ဗြိတိန်နိုင်ငံအခြေအစိုက် Global Witness ၏ ၂၀၂၁ ခုနှစ်ထုတ် အစီရင်ခံစာတစ်စောင်အရ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းကြား ရရှိနိုင်ပြီး တရားမဝင် တူးဖော်မှုများကိုပါ ထည့်တွက်မည်ဆိုပါက နှစ်စဉ်ပျမ်းမျှ ဒေါ်လာ ၂ ဘီလျံအထိ ရရှိနိုင်သည်ဟု ဆိုသည်။
အာဏာသိမ်း မြန်မာစစ်တပ်သည် နိုင်ငံတွင်းရှိ သယံဇာတများကို လက်ဝါးကြီးအုပ်ကာ စစ်လက်နက် တပ်ဆင်ရန် အသုံးချနေသည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် နိုင်ငံတကာသို့ ကျောက်မျက်ရတနာများ ရောင်းဝယ်ဖောက်ကားခြင်းကို ပိတ်ဆို့တားဆီးရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆိုနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)