သတင်း

စစ်ကောင်စီကို နာမည်ကြီး ကျောက်မျက်လုပ်ငန်းရှင်များ ကူညီနေ

စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အဓိကရှာဖွေပေးသည့် ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရန် နာမည်ကြီးကျောက်မျက်ရတနာလုပ်ငန်းရှင်များက ပူးပေါင်းကူညီပေးလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ ရန်ပုံငွေအရင်းအမြစ်တစ်ခုဖြစ်သောကြောင့် အမေရိကန်၏ စီးပွားရေးဒဏ်ခတ်မှုခံထားရသည့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသည် ထိပ်သီးလုပ်ငန်းရှင်များကို ဖိတ်ကြားဆွေးနွေးနေကြောင်း Myanmar Now က ကြည့်ရှုခွင့်ရရှိထားသည့် အစည်းအဝေးဖိတ်ကြားစာအရ သိရသည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အပါအဝင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ကချင်တို့မှ ကျောက်မျက်အသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး စုစုပေါင်း ၂၀ ခန့်ကို ဖိတ်ကြားပြီး ဇွန် ၃၀ တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ကျောက်မျက်ရတနာအရိုင်းရရှိမှု၊ နည်းပညာနှင့် မတည်ရင်းနှီးငွေရရှိမှု၊၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်ရေး၊ အခွန်အခကောက်ခံမှုနှင့် အွန်လိုင်းမှ ရောင်းချနိုင်ရေးအခြေအနေများ ဆွေးနွေးမည်ဟု အစည်းအဝေးအစီအစဉ်တွင် တွေ့ရသည်။

ဆွေးနွေးပွဲကို အဓိကဦးဆောင်သူမှာ စစ်ကောင်စီခန့်သည့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ အိမ်ထောင်ဖက် ကျောက်မျက်အသင်း ဒုဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဝင်းဖြစ်ပြီး အစည်းအဝေးတက်ရန် ဖိတ်ကြားခံရသူများမှာ စစ်ကောင်စီနှင့် ပနံသင့်သူများဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီကို Support လုပ်တာပေါ့။ အားလုံးက CDM တောင် လုပ်နေတဲ့အချိန်မှာ ကိုယ်ဘာသာ မလုပ်ဘူးလို့ ငြင်းရင်လည်းရတဲ့ ကိစ္စကို တချို့က ပြေးပြီးတော့ကို အသံပေးချင်ကြတယ်” ဟု အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ၎င်းက ပြောသည်။

အဆိုပါလုပ်ငန်းရှင်များသည် ကျောက်မျက်လုပ်ငန်းတိုးတက်ရန် အကြံပေးနိုင်သူများဖြစ်ပြီး ဤလုပ်ငန်းမှ ဘဏ္ဍာငွေတိုးတက်ရရှိရန် စစ်ကောင်စီကို အကြံပေးနိုင်သူများဖြစ်သောကြောင့် ၎င်းတို့ကို လူမှုရေးပြစ်ဒဏ်ခတ်သင့်ကြောင်း ၎င်းက ဆိုသည်။

ဆွေးနွေးပွဲဦးဆောင်သူ ဒေါက်တာအောင်ကျော်ဝင်းသည် ရွှေနန်းတော်ဆိုင်ပိုင်ရှင်ဖြစ်ပြီး စိန်ရွှေရတနာဆိုင်များ၊ လက်ဝတ်ရတနာပစ္စည်းစက်ရုံအပြင် Victorious Gems စင်ကာပူတွင် လက်ခွဲဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည်။ 

သူ၏ အိမ်ထောင်ဖက် ဒေါ်သက်သက်ခိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်ခဲ့သည့် ဝန်ကြီးဖြစ်လာသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက စစ်ကောင်စီနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရာတွင် ရွေနန်းတော်ရွှေဆိုင်ကိုလည်း လူမှုရေးပြစ်ဒဏ်ခတ်ကြရန် လှုံ့ဆော်ခဲ့ကြသည်။

ယခုဆွေးနွေးပွဲတွင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ ၄ ဦးဖိတ်ကြားခံရပြီး ဒုဥက္ကဋ္ဌ ဒေါ်မြင့်သက်နိုင်သည် Naing Family (မိုးကုတ်) ကျောက်မျက်ရတနာကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒုဥက္ကဋ္ဌ (၂) ဦးအောင်ကျော်ဇင်သည် SP Gem ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သည်။

ထို့အပြင် အတွင်းရေးမှူး(၂) ဒေါ်မြသီတာနှင့် ဘဏ္ဍာရေးမှူး ဒေါ်ညွန့်ညွန်ခိုင်တို့မှာ Mra and Khaing Gem ရတနာလုပ်ငန်းကို စပ်တူလုပ်ကိုင်ကြသူများဖြစ်ပြီး ဒေါ်မြသီတာသည် သတ္တုတွင်းညွှန်ချုပ်ဟောင်း ဦးစိုးမရ၏ သမီးဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းအသိုင်းဝိုင်းထံမှ သိရသည်။

၎င်းတို့သည် နိုင်ငံတကာကျောက်မျက်ပြပွဲများအထိ ဈေးကွက်ထိုးဖောက်ကာ ကျောက်မျက်အလွတ်များ လိုက်လံရောင်းချလေ့ရှိသည်ဟု ဆိုသည်။

“သူတို့ကကျတော့ ဘယ်ဟာကို ဘယ်လိုနည်းနဲ့ ဘယ်လိုသယ်မယ် အကုန်သိတယ်။ အဲ့ဒါကြောင့် အဲ့ဒီဆရာမကြီးတွေကို ဒေါက်တာအောင်ကျော်ဝင်းက ခေါ်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲလုပ်တာ။ အမှန်မှာဆိုရင် ဒီအချိန်မလုပ်စေချင်ဘူး။ ဒီနည်းလမ်းတွေက သူတို့ကို Support လုပ်စရာ အကြောင်းမှ မရှိတာ” ဟုလည်း အထက်ပါကျောက်မျက်လုပ်ငန်းရှင်က ဆက်ပြောသည်။

ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ထားခြင်းကြောင့် မြန်မာ့ကျောက်မျက်ကို ထိုင်းထွက်ကုန်အဖြစ် ပြောင်းလဲစာရင်းပြကာ ထိုင်းမှတစ်ဆင့် တင်ပို့ရောင်းချရန် ပြင်ဆင်နေသည်ဟု ကျောက်မျက်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

ကိုဗစ်နိုင်တင်းနှင့် စစ်အာဏာသိမ်းမှုကြောင့် ကျောက်မျက်ရတနာအရောင်းအဝယ်ကျဆင်းလာချိန်တွင် စစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်များက အရောင်းမြှင့်တင်ရန် ဆန္ဒရှိကြပြီး စစ်ကောင်စီကလည်း ကျောက်မျက်လုပ်ငန်းမှ ငွေရရန် ပြင်ဆင်နေသည်။

အာဏာသိမ်းပြီး တစ်လအကြာတွင် စစ်ကောင်စီသည် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ပုလဲအတွဲနှင့် ကျောက်မျက်ရတနာရောင်းချပွဲကို ကျင်းပခဲ့ပြီး အဆိုပါပြပွဲကို မပျက်မကွက်တက်ရောက်ရန် ကျောက်မျက်လုပ်ငန်းရှင်များကို ညွှန်ကြားခဲ့သည်။

ကျောက်မျက်ရောင်းချပွဲကို ကိုဗစ်နိုင်တင်းကြောင့် ၂၀၂၀ ဇန်နဝါရီကတည်းက မကျင်းပနိုင်ခဲ့ဘဲ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပထမဆုံးပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းတွဲ (၂၁၄၈)တွဲ၊ ကျောက်မျက်(၁၉၉)တွဲ၊ ပလဲတွဲ(၃၁၇) တွဲ တင်ပြရောင်းချခဲ့သည်။

အဆိုပါပြပွဲကို ဈေးနှုန်းထက်ဝက်အထိ လျှော့၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး အားလုံးနီးပါး ရောင်းထွက်ခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုကြသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီသည် ကျောက်မျက်အခွန်အခများ အတင်းအကျပ်တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်းနှင့် ပြည်ပတင်ပို့ခြင်းတို့မှ ငွေရှာနေခြင်းသည် တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လူထုကို တိုက်တွန်းတားမြစ်ထားသည်။

ညွှန်ကြားချက်ကို လျစ်လျူရှုပြီး ပူးပေါင်းဆောင်ရွက်ပါက ကုမ္ပဏီ/ လုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်းမည်အပြင် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အဆိုပါဝန်ကြီးဌာနက ဇွန် ၂၉ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီယန္တရား သက်ဆိုးမရှည်စေရေးအတွက် ငွေကြေးအရင်းအမြစ်များ မရရှိစေရေးအတွက် ပိတ်ဆို့ဖြတ်တောက်ရန် NUG နှင့် လူထုက ကြိုးပမ်းနေချိန်တွင် ကျောက်မျက်လုပ်ငန်းရှင်တချို့က စစ်ကောင်စီကို ကူညီနေခြင်း ဖြစ်သည်။ 

Show More

Related Articles

Back to top button