သတင်း

အဖမ်းခံထားရသူ ဇာမဏီအဖွဲ့ခေါင်းဆောင်အတွက် မဟာမိတ်များ စိုးရိမ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးကို အခြားတပ်ဖွဲ့တစ်ခုက လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဖမ်းဆီးသည့် အဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ဖြစ်သည်။

အဖမ်းခံရသူမှာ မြင်းမူမြို့နယ်အခြေစိုက် ဇာမဏီအမည်ရှိ ဒေသကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင် အသက် ၄၀ ဝန်းကျင်ခန့်အရွယ် ကိုဇော်မိုး ဖြစ်သည်။

ဇွန် ၁ နံနက်တွင် မြောင်မြို့နယ်ပလဖအဖွဲ့က အင်အား ၇၀ ခန့်ဖြင့် မရိုးကုန်းကျေးရွာ၌ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ထိုစဉ်က ပဒတ္ထိုင်းကျေးရွာ ပကဖခေါင်းဆောင် ကိုလှမျိုးဦးနှင့် ဇာမဏီအဖွဲ့ဝင် ၂ ဦးကိုပါ ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မတ်လ ၂၆ ရက်နေ့က မြောင်မြို့နယ် မရိုးကုန်းကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဖိုးထောင်ဆိုသူ ပျောက်ဆုံးမှုနှင့် ဆက်စပ်နေသည်ဟု သိရသည်။

၎င်းပျောက်သွားသည့်နေရာအနီး ကျည်ခွံနှစ်ခု တွေ့ရှိခဲ့သဖြင့် ကိုဖိုးထောင်မှာ သတ်ဖြတ်ခံရခြင်း ဖြစ်မည်ဟု ယူဆခဲ့ကြောင်း၊ သတ်ဖြတ်သူတို့မှာ ဇာမဏီအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့သားများ ဖြစ်သည်ဟု စွပ်စွဲခံရကြောင်း ဇာမဏီအဖွဲ့ ဒုတာဝန်ခံ ကိုဒိုးကြီးက ပြောသည်။

“အဲ့ဒီလူ ပျောက်သွားပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ကျွန်တော်တို့တပ်ဖွဲ့က ရဲဘော် ၁၀ ယောက်လောက်ကို ပလဖက ဝင်ဖမ်းတယ်။ မျက်နှာဖုံးတွေ စွပ်ပြီး အင်အားအလုံးအရင်းနဲ့ပဲ၊ ဆရာဇော်မိုးတပည့်ဆိုရင် အကုန်ဖမ်းဆို ဖမ်းပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်၊ အခု နောက်တစ်ကျော့ ဆရာ့ကို ဖမ်းသွားတာ” ဟု သူက ပြောသည်။

ဇာမဏီအဖွဲ့သည် မြင်းမူမြို့နယ်အတွင်းသာမက နယ်မြေထိစပ်နေသော မြောင်မြို့နယ်အတွင်းပါ အင်အားဖြန့်ထားပြီး မရိုးကုန်းကျေးရွာတွင်လည်း အဖွဲ့ဝင်များ အခြေစိုက်ထားရှိသည်။

ဇာမဏီအဖွဲ့က မရိုးကုန်းကျေးရွာတွင် အတူရှိနေသည့် စစ်ကိုင်းခရိုင် PDF အမှတ် (၁) တပ်ရင်း၏ တပ်ဖွဲ့ဝင်များထံမှ သေနတ်ငှားရမ်း အသုံးပြုခဲ့ကြောင်း၊ ဇာမဏီအဖွဲ့ဝင်များက ကိုဇော်မိုး၏ ညွှန်ကြားမှုဖြင့် သေနတ်ငှားရမ်းကာ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရကြောင်း သိရသည်။

အတူတူဖမ်းဆီးခံရသူများ၏ အခြေအနေကိုလည်း မသိရသေးပေ။

ပလဖအဖွဲ့၏ တုံ့ပြန်ချက်

ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်ကိုင်းခရိုင် ခရိုင်အဆင့် မြောင်မြို့နယ်ပလဖတာဝန်ခံ ဦးမြင့်တင်(ခ)ဗိုလ်ကျားသစ်ဆိုသူက ၎င်းတို့ ဖမ်းဆီးထားခြင်းမရှိကြောင်း တုံ့ပြန်သည်။

“ကျွန်တော်တို့ မဖမ်းဘူးဗျ။ လောလောဆယ်တော့ ကျွန်တော်တို့က ဘယ်သူ့မှ မဖမ်းရသေးဘူး။ အဲ့ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှကို မသိရသေးဘူး” ဟု သူက Myanmar Now ကို ယမန်နေ့က ပြောသည်။

ကိုဇော်မိုးကို မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကို မသိသေးဘဲ ၎င်းတို့အနေဖြင့် စုံစမ်းနေဆဲသာ ဖြစ်ကြောင်း သူက ဆိုသည်။

“စုံစမ်းတုန်းရှိသေးတယ်။ ကျွန်တော်တို့ဆီကို မရောက်သေးဘူး။ ဘယ်ကမှ မကိုင်တွယ်သေးဘူး။ သတင်းကို အစအနပျောက်နေတယ်” ဟု သူက တုံ့ပြန်သည်။

“(ကျေးရွာ) ကင်းအဖွဲ့နဲ့ ဇာမဏီအဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ သတင်းရတာပါပဲ။ ဒေသခံ ကင်းသမားတွေနဲ့ပါ။ အဲ့ဒါက ကျွန်တော်တို့နဲ့ အလှမ်းဝေးတယ်။ ကျွန်တော်တို့မြောင်နယ်ထဲ မဟုတ်ဘူး။ အတိအကျ ဘာမှကို ပြောလို့ဆိုလို့ မရသေးဘူး”

သို့ရာတွင် ကိုဇော်မိုးအပါအဝင် ၄ ဦးကို ထိုသူများ ဖမ်းသွားကြောင်း စစ်ကိုင်းခရိုင် PDF တပ်ရင်းမှူး ဗိုလ်ယက္ခက အခိုင်အမာပြောသည်။

“ဖမ်းတာက သူတို့ (ဗိုလ်ကျားသစ်) တို့ပဲ။ ၁ ရက်နေ့ မနက် ၆ နာရီကျော်ကျော်လောက်မှာ သူကိုယ်တိုင်ပဲ ဖုန်းဆက်တာ၊ လေးယောက်၊ သူဖမ်းတယ်ဆိုပြီး ပြောတာ။ ကျွန်တော်ကတောင် မေးသေးတယ်၊ (ကျွန်တော်) ဒီလောက် အာမခံထားတာ ဘာလို့ဖမ်းတာတုန်းဆိုပြီး ပြောသေးတယ်” ဟု ဗိုလ်ယက္ခက ဆိုသည်။

ကိုဇော်မိုးအတွက် စိုးရိမ်မှု

ဘီလူးစစ်ကြောင်းက မတ် ၂၅ တွင် ပဒတ္ထိုင်းကျေးရွာသို့ ဝင်ရောက်စဉ် ဒေသတွင်းတော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး ဇာမဏီအဖွဲ့မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်။

စွပ်စွဲခံရသည့် ဇာမဏီအဖွဲ့ခေါင်းဆောင် ကိုဇော်မိုးမှာ ကိုဖိုးထောင် အသတ်ခံရသည်ဆိုသည့်နေ့တွင် ပဒတ္ထိုင်းကျေးရွာ၌ ရောက်ရှိနေပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အဖွဲ့ဝင်နှစ်ဦး၏ ဈာပနကို ဦးဆောင် လုပ်ပေးခဲ့ပြီး ရက်လည်အခမ်းအနားအထိ ရှိနေခဲ့သည်ဟု ဗိုလ်ယက္ခနှင့် ကိုဒိုးကြီးတို့က ဆိုသည်။

“အဲ့ဒီရက်ပိုင်းက ကျွန်တော့်ဆီကလည်း ဒုတပ်စိတ်မှူးတစ်ဦး ကျတယ်။ အဲ့ဒီနာရေးမှာလည်း ကိုဇော်မိုးက ကူညီလုပ်ကိုင်ပေးတာ၊ အုတ်ဂူလုပ်တာတွေလည်း သူလုပ်ပေးနေခဲ့တာ၊ ရက်လည်တဲ့အထိပဲ” ဟု စစ်ကိုင်းခရိုင် PDF အမှတ် (၁) တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

တိုက်ပွဲအတွင်း ဖမ်းမိပြီး ခေါင်းဖြတ်သတ်ခံရသော စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း၏ စျာပန။ (ဓာတ်ပုံ-ပေးပို့)

ကျည်ခွံနှစ်ခုတွေ့သည်နှင့် အသတ်ခံရသည်၊ ကိုဇော်မိုး၏ လက်ချက်ဖြစ်သည်ဟု ကောက်ချက်ချ စွပ်စွဲခြင်းမှာ မဖြစ်သင့်ကြောင်း၊ စစ်ကိုင်းခရိုင် PDF ၏ သေနတ်လည်း မဟုတ်ကြောင်းလည်း ဆိုသည်။

“မြောင်နယ်မှာ အခုတွေ့တဲ့ ကျည်ခွံလိုကျည်ဆန်တွေ အများကြီးရှိတယ်။ ဒီကျည်ဆန်မျိုးပဲ သုံးတဲ့ သေနတ်တွေ သောင်းချီပြီး ရှိတယ်၊ ၇.၆၂ ကျည်ခွံနှစ်ခုဟာ တပ်ရင်း (၁) က ငှားပေးတဲ့ သေနတ်နဲ့ ကိုဇော်မိုးက ပစ်ပါတယ်ဆိုပြီး ပြောရအောင် ဘယ်သက်သေနဲ့ ပြောမှာတုန်း” ဟု ဗိုလ်ယက္ခက ပြောသည်။

ပလဖအဖွဲ့က ကိုဇော်မိုးကို အပြင်းအထန် ရိုက်နှက်စစ်ဆေးနေသည်ဟု ကြားရကြောင်း ဗိုလ်ယက္ခက ဆိုသည်။

“ဖမ်းပြီးတော့ ရိုက်နှက်ထားတာ မသေရုံတစ်မည်၊ လူရုပ်တောင် မရှိတော့ဘူးတဲ့။ မတော်တဆ လက်လွန်သွားရင် ဘယ်လိုလုပ်မလဲ။ တော်လှန်ရေးအစကတည်းက လုပ်လာတဲ့လူ၊ တော်လှန်ရေးသမားချင်း ဖြစ်တယ်။ Local (ဒေသတွင်း) ခေါင်းဆောင်တစ်ယောက်။ Local ထဲမှာလည်း အင်အားကြီးတဲ့လူတစ်ယောက် ဖြစ်တယ်”

ယင်းသို့ သက်သေမခိုင်မာဘဲ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများသည် တော်လှန်ရေးတပ်ဖွဲ့များကြား ပွတ်တိုက်မှုများ ကြီးမားလာပြီး ရှုပ်ထွေးသွားနိုင်သည်ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန (MOD) တို့က စစ်သုံ့ပန်းကိုပင် ရိုက်နှက်ခြင်းမပြုရန် ညွှန်ကြားထားချက်များရှိနေသည့်တိုင် ပလဖအနေဖြင့် တော်လှန်ရေးသမားအချင်းချင်း ရိုက်နှက်စစ်ဆေးမှုများ မဖြစ်သင့်ဟု ပြောသည်။

“NUG က Local တွေကို ဖိတာလားဆိုပြီးတော့ ဖြစ်လာမယ်။ ဖြစ်လာရင် NUG ကို ငါတို့ တိုက်မယ်ကွာ ဆိုပြီးတော့ စစ်ကောင်စီကိုလည်း တိုက်ရ၊ Local ကိုလည်း တိုက်ရ ဖြစ်သွားမယ်။ ပြည်သူကလည်း စိတ်ဓာတ်ကျသွားမယ်။ အလိုလိုနေရင်း စစ်ကောင်စီအောက်ကို ပြန်ရောက်သွားမယ်။ အဲဒီတော့ NUG ထိပ်ပိုင်းခေါင်းဆောင်များသည် မြေပြင်အခြေအနေကို ကောင်းကောင်း မသိဘူးလား။ မြေပြင်က လျှောက်တင်တဲ့ ကောင်းပါ၏ဆိုတဲ့ စာလောက်နဲ့ လုပ်နေတာတွေက အဆင်မပြေဘူး”

ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် NUG လက်အောက်ခံအဖွဲ့များ ဒေသတွင်း မကြာခဏ ပွတ်တိုက်မှုများ ရှိကာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့များက Local ဟု ခေါ်ကြသည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို ပစ်ခတ်ဖမ်းဆီးမှုများရှိခဲ့သည်။

ဝေဖန်ခံနေရသည့် အမှုကိုင်တွယ်ပုံ

နယ်မြေဆက်စပ်နေသော မုံရွာခရိုင်မှ ပကဖခေါင်းဆောင် ကိုတိုက်မောင်းဆိုသူကလည်း အမှုဖြေရှင်းသည့် နည်းလမ်းကို သဘောမတူကြောင်း မှတ်ချက်ပြုသည်။

“သူတို့မြောင်နယ်ထဲက ပကဖတစ်ယောက်ကို ကိုဇော်မိုးက ရှင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာတဲ့။ ကျွန်တော်တို့ ဖြစ်စေချင်တာက တကယ်လို့ ကိုဇော်မိုးအနေနဲ့ ဥပမာ အပြစ်ရှိတယ်ထားဦးတော့၊ ကိုယ့်ဘက်က ဥပဒေစိုးမိုးနိုင်သွားတဲ့အချိန်ကျရင် သူ့အပြစ်အတိုင်း သွားပေါ့၊ သဘောက။ အဲ့လိုသွားသင့်တာပေါ့” ဟု သူက ပြောသည်။

ဖမ်းဆီးစစ်ဆေးနေကြောင်း အတည်ပြုနိုင်သည်ဟု သူက ပြောသည်။

“သူ အဖမ်းခံထားရတာက သေချာတယ်။ ကိုကျားသစ်ခေါ် ကိုမြင့်တင်က ဖမ်းထားတာ။ သူတို့ဘက်က ငြင်းလို့မရဘူးလေ။ ငြင်းလို့မရဘူးဆိုတာက သူတို့အဖမ်းခံရတယ်ဆိုပြီး ကြားကြားချင်းပဲ စစ်ကိုင်းခရိုင် ပကဖတာဝန်ခံ ကိုလှိုင်ဘွားကို ကျွန်တော်မေးကြည့်တာ၊ သူတို့ဖမ်းထားတာ ဟုတ်ပါတယ်။ ခရိုင်တာဝန်ခံကိုယ်တိုင်က သူတို့ကို မေးပြီးပြီ။ သူတို့ဖမ်းတာ ဟုတ်လည်း ဟုတ်တယ်၊ ပြန်ပစ်လို့ ဖမ်းရတာပါ ဆိုတာမျိုးကလည်း ရှိသေးတယ်။ အခုချိန်ကျမှ သူတို့ မဖမ်းဘူး ပြောလို့မရဘူးလေ” ဟု သူက ဆက်ပြောသည်။

“သူ (ကိုဇော်မိုး) က နဂိုကတည်းက မြို့နယ်မတူသော်လည်း ကျွန်တော်တို့နဲ့ တွဲလုပ်လာတာ။ တော်တော်လည်း အားကိုးရတယ်။ အဲဒီတော့ တကယ်လို့ သူက ဒလန်ရှင်းတာတို့ ဘာတို့များ မှားလို့ရှိရင် မှားတဲ့ဟာကို ဥပဒေစိုးမိုးနိုင်တဲ့အချိန်ကျရင် အရေးယူပါ။ ဒီလိုအချိန်မှာတော့ တော်လှန်ရေး အင်အားနည်းသွားမယ်။ သူ့ရှိတဲ့အင်အား၊ နောက်လူတွေလည်း အားယုတ်တာပေါ့”

မရိုးကုန်းကျေးရွာသည် မြောင်မြို့နယ်၏ အရှေ့မြောက်ဘက်အစွန်တွင် တည်ရှိပြီး၊ ပဒတ္ထိုင်းကျေးရွာသည် မြင်းမူမြို့နယ်၏ အနောက်မြောက်ဘက်အစွန်၌ တည်ရှိကာ ကျေးရွာနှစ်ခုမှာ ၁၇ မိုင်ကျော် ကွာဝေးသည်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာတွင် မတ်လဆန်းက ဘီလူးစစ်ကြောင်းလက်ချက်ဖြင့် သေဆုံးသွားသူတချို့၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ-ပေးပို့)

၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ကိုင်းတိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းကျေးရွာများကို အင်အား ၈၀ ကျော်ပါ ဘီလူးစစ်ကြောင်းဟု ၎င်းတို့ကိုယ်တိုင်အမည်ပေးထားသော စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ရွာစဉ်လှည့်လည်ကာ တော်လှန်ရေးသမားများအပါအဝင် အရပ်သားများကိုပါ ကိုယ်လက်အင်္ဂါများ ဖြတ်တောက် သတ်ဖြတ်ခဲ့သည်။

ထိုစစ်ကြောင်းဝင်နေစဉ်အတွင်း မြောင်မြို့နယ်အတွင်းမှ မရိုးကုန်းကျေးရွာ ပကဖတာဝန်ခံ ကိုဖိုးထောင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး သေသည်ရှင်သည်ကို အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးခံထားရသည့် ကိုဇော်မိုးနှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေ မသိရကြောင်း မုံရွာခရိုင် ပကဖခေါင်းဆောင် ကိုတိုက်မောင်းက ပြောသည်။

“ဇာမဏီအဖွဲ့သားတွေက သူတို့ဆရာအပေါ် လက်လွန်သွားတယ် ကြားတယ်လို့ လှမ်းမေးနေကြတယ်။ ဟာ… လက်လွန်လို့ မရဘူး။ အဲ့ဒါနဲ့ ကျွန်တော် ပကဖ (စစ်ကိုင်း) ခရိုင်တာဝန်ခံကို လှမ်းဖုန်းဆက်တယ်။ မေးတော့ မဟုတ်ပါဘူးတဲ့၊ ကောင်းကောင်းမွန်မွန်ထားတယ်လို့ ပြောတယ်တဲ့၊ နောက်ပိုင်း ထပ်ကြားတာက တော်တော်လေးနှိပ်စက်ထားတယ်တဲ့။ ကျွန်တော်တို့က မဟာမိတ်သဘောအရ မေးမြန်းစုံစမ်းတယ်၊ ဘာမှ မေးမရဘူး။ ဘယ်မှာထားတယ် ဘာညာ ဘာမှ မသိရဘူး” ဟု သူက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button