(အောက်ဖော်ပြပါ သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် ဓာတ်ပုံနှင့် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် (၁) ၏ ဒုတိယတပ်ရင်းမှူးကို ယနေ့ (မတ် ၃၀) တွင် တိုက်ပွဲအတွင်း ဖမ်းမိပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
မြောင်မြို့နှင့် ၅ မိုင်အကွာရှိ ဆွဲလွဲအိုရွာကို အင်အား ၈၆ ဦးပါသည့် ဘီးလူးစစ်ကြောင်းက နံနက် ၅ နာရီတွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာအရှေ့ဘက် မနီးမဝေးတွင်ရှိသော တပ်ရင်း (၁) အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့သည်။
စခန်းစီးနင်းခံရစဉ် ဒုတိယတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်းက ခုခံတိုက်ခိုက်ရင်း ကျန်ရစ်ခဲ့သည်ဟု တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။
“ကျွန်တော့်ဘက်က ပြန်လည်တိုက်ခိုက်ရင်းနဲ့ ဒုရင်းမှူးတစ်ယောက် ကျသွားတယ်။ ရဲဘော်တစ်ယောက် ခြေထောက်ထိသွားတယ်။ စခန်းကို ဝင်စီးတဲ့အခါမှာ ကျွန်တော်တို့ဘက်က လက်နက်အင်အား မမျှဘူးပေါ့ဗျာ။ ခွာစစ်ဆင်ရတာပေါ့။ ခွာစစ်ဆင်တဲ့အခါမှာ ကျန်တဲ့ ရဲဘော်တွေ၊ ခွဲမှူးတွေကို ပြန်ဆုတ်ခိုင်းပြီး သူနဲ့ ရဲဘော်နှစ်ယောက်တည်း ခုခံပစ်ရင်း ကျန်ခဲ့တာ” ဟု ဗိုလ်ယက္ခက ပြောသည်။
အသက် ၂၅ နှစ်အရွယ် ဗိုလ်ဆင်ရိုင်းမှာ အခြားရဲဘော်တစ်ဦးနှင့်အတူ စခန်းအနီးရှိ ပဲတီစိမ်းခင်းထဲတွင် ဝပ်၍ ပြန်လည်ခုခံရင်း ကျန်ခဲ့စဉ် ဖမ်းဆီးခံလိုက်ရပြီး ဦးခေါင်းဖြတ်ခံလိုက်ရကြောင်း၊ အခြားအဖွဲ့ဝင်တစ်ဦး ခြေထောက်တွင် ကျည်ထိဒဏ်ရာရသော်လည်း ကယ်တင်နိုင်ခဲ့ကြောင်း ဗိုလ်ယက္ခက ပြောသည်။
ထိုနယ်တွင် စစ်ကြောင်းထိုးနေစဉ် ဖမ်းဆီး ခေါင်းဖြတ်လေ့ရှိသည့် စစ်ကောင်စီလက်နက်ကိုင်တို့က ၎င်းတို့သည်ာ ဘီးလူးစစ်ကြောင်းမှ ဖြစ်သည်ဟု ပြောဆို သုံးနှုန်းတတ်ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ဆွဲလွဲအိုရွာကို စစ်ကြောင်း သုံးကြောင်းခွဲ၍ အလစ်ငိုက် ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဝင်လက်နက် နှစ်လက်ခန့်နှင့် လက်လုပ်သေနတ်များကိုသာ ကိုင်ဆောင်နိုင်သည့် အချိန်တွင် ဒုတိယတပ်ရင်းမှူးသည် လက်နက်ပြည့်စုံသည့် စစ်ကောင်စီတပ် အင်အား ၈၀ ကျော်ကို ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်ဟု တပ်ရင်းမှူးက ပြောသည်။
“ကျွန်တော်တို့မှာ အစစ်ဆိုတာ တစ်လက်နှစ်လက်လောက်ပဲ ရှိတာ။ ခုခံတယ်ဆိုတဲ့နေရာမှာ ကိုယ့်ရဲဘော်တွေ လုံခြုံစိတ်ချတဲ့နေရာ ရောက်အောင် ခံပစ်တဲ့သဘောပဲ ရှိတယ်။ အပြန်အလှန် ပစ်နိုင်တာ မဟုတ်ဘူး” ဟု ဗိုလ်ယက္ခက ပြောသည်။
ဗိုလ်ဆင်ရိုင်း၏ ရုပ်အလောင်းကို စစ်တပ်အန္တရာယ်ကြားမှ ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ကောက်ယူရရှိခဲ့သည်၊ ခုတ်ဖြတ်ခံထားရသည့် ဦးခေါင်းကို စစ်ကောင်စီတပ်သားတို့ ယူဆောင်သွားသည်ဟု တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ရုပ်အလောင်းကို ပထမတစ်ခေါက် သွားကောက်တာ မရဘူး၊ သူတို့ထွက်လာလို့။ ဒုတိယတစ်ကြိမ် မရမက ပြန်ကောက်တော့ ရလာတယ်။ အလောင်းကိုတော့ ကျွန်တော်တို့ မီးသင်္ဂြိုဟ်လိုက်ပြီ။ ဒါပေမဲ့ ဦးခေါင်းမရသေးဘူး။ သူတို့ဆီမှာပဲ ရှိနေသေးတယ်” ဟု ထိုဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ ခေါင်းဆောင် ကိုလုလင်ဆိုသူက ပြောသည်။
နယ်လှည့်ဘီလူးစစ်ကြောင်း၏ ရက်စက်မှုများ
စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် (၁) စခန်းကို ဝင်ရောက်စီးနင်းသည့် ဘီးလူးစစ်ကြောင်းသည် မြင်းမူမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
မတ် ၁၂ ကတည်းက မြောင်မြို့နယ်အတွင်း တစ်ရွာဝင် တစ်ရွာထွက် လှည့်ပတ်စီးနင်းနေသည့် ထိုစစ်ကြောင်းက အများအပြားကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
ဗိုလ်ဆင်ရိုင်းမှာ မြောင်မြို့နယ်အတွင်း ပထမဆုံး ခေါင်းဖြတ်သတ်ခံလိုက်ရသူ ဖြစ်သည်။
ဘီးလူးစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၅ ညပိုင်းတွင် မြင်းမူမြို့နယ် မြောက်ပိုင်းရှိ ပဒတ္တိုင်းရွာကို စီးနင်းစဉ် မိုင်းဆွဲတိုက်ခိုက်ရန် ကြိုးပမ်းသည့် ကိုမော်ကွန်းဆိုသူ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကိုလည်း အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၆ တွင် ကန်တော်ရွာကို ဆက်လက်စီးနင်းစဉ် ကာကွယ်ရေးအဖွဲ့ဝင် လေးဦးကို ထပ်မံခေါင်းဖြတ်သတ်ခဲ့ကြသည်။ သတ်ဖြတ်ခံရသူများမှာ ၁၅ နှစ်အရွယ် ကိုလမင်းစိန် (ခ) ဖိုးစိန်၊ ၁၇ နှစ်အရွယ် ဖိုးကဲ၊ အသက် ၁၉ နှစ်အရွယ်များဖြစ်သည့် ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့်တို့ဖြစ်သည်။
ထို့နောက် နှစ်ရက်အကြာတွင် မြင်းမူမြို့နယ်အရှေ့ဘက် စစ်ကိုင်းမြို့နယ် တာတိုင်ရွာကို ဆက်လက်စီးနင်းခဲ့ကာ ရွာသား ၁၀ ကျော်ကို ဖမ်းဆီးပြီးနောက် အမျိုးသမီး ၃ ဦး အပါအဝင် ဒေသခံ ၁၇ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
သတ်ဖြတ်ခံရသူများအနက် ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုကျော်ဇော် (ခ) ကိုမိုက်ကယ်နှင့် ကိုရာဟုတို့မှာ အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံလိုက်ရခြင်းသည်။ တာတိုင်ရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် မတ် ၅ နံနက်ပိုင်းတွင်လည်း မြင်းမူမြို့နယ်တွင်းရှိ လက္ကပင်ရွာကို နှစ်ရက်ကြာ ဆက်လက်စီးနင်းကာ အရပ်သား ၁၀ ဦးကို ဆက်လက်သတ်ဖြတ်ခဲ့ကြသည်။
ထို့ပြင် လက္ကပင်ရွာကို စီးနင်းစဉ်က ရွာဦးကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသနှင့် အရပ်သား ၄ ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။ ဆရာတော်ဦးအဂ္ဂဝံသ အပါအဝင် ၅ ဦးသည် မတ် ၁၂ က မြောင်မြို့နယ်အတွင်းသို့ ချီတပ်သွားစဉ် စစ်ကြောင်းတွင် ပါလာသည်ဟု သတင်းများ ကြားနေရသော်လည်း နောက်ဆက်တွဲအခြေအနေကို စုံစမ်း၍ မရသေးပေ။
အရပ်သားများကို သတ်ဖြတ်သည့် ဘီလူးများ
ထို့နောက် မြောင်မြို့နယ်ထဲသို့ ရောက်ပြီး နှစ်ရက်အကြာ မတ် ၁၄ တွင် စစ်ဘေးတိမ်းရှောင်နေရသူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြပြန်သည်။ အသတ်ခံရသူမှာ မြောင်မြို့နယ်အရှေ့ပိုင်းရှိ မင်းတန်းရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၇၀ အရွယ် ဦးသန်းဆိုဖြစ်ပြီး စစ်ကြောင်းကို တိမ်းရှောင်နေစဉ် ပက်ပင်းတိုးချိန်၌ ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဆိုသည်။
ထို့ပြင် မတ် ၁၉ တွင်လည်း မြောင်မြို့နယ် တောင်ဖျားရှိ ချင်းတွင်းမြစ်ကမ်းပေါ်က ငါးရန့်အို၊ မင်းလှရွာများအနီး စစ်ကြောင်းထိုးချိန် ထွက်ပြေးတိမ်းရှောင်နေရသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ဘီးလူးစစ်ကြောင်းက ပစ်သတ်ခဲ့ကြသည်။
မတ် ၁၅ တွင် မင်းတန်းရွာတောင်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးစဉ် မတ် ၁၅ နံနက်ပိုင်းက ဧရာဝတီမြစ်ကမ်းပေါ်ရှိ ချောင်းဇင်းရွာ၌ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ကြသေးသည်။ အဆိုပါ ဘီလူးစစ်ကြောင်းကို ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ မတ် ၁၅ နှင့် ၁၆ တို့တွင် ပူးပေါင်းတိုက်ခိုက်ကြရာ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးကြောင်း CDSOM က ပြောသည်။
၂၁ ရက်နေ့တွင် မြောင်မြို့နယ်တောင်ပိုင်းရှိ မြစ်ဆုံ၊ ပေါက်ချောင်း၊ ခေါင်းကွဲရွာ သုံးရွာကြားတွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့ ၁၁ ဖွဲ့က နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၁၉ ဦး ကျဆုံးသည်ဟု CDSOM ၏ မတ် ၂၃ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မ ၉၉ လက်အောက်ခံ ခြေမြန်တပ်ရင်း ၇၀၈ မှ ဒုတိယဗိုလ်မှူးကြီးထွန်းလင်းအောင်ဆိုသူ အပါအဝင် သေဆုံးသည့် စစ်သားများ၊ စစ်ဗိုလ်များ၏ အမည်စာရင်းကို CDSOM က ထုတ်ပြန်ထားသည်။
မတ် ၂၄ တွင် မြောင်မြိုနယ် လက်ယက်မရွာနှင့် ကြာပင်လှရွာကြားတွင် မိုင်းဆွဲ၍ ဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကြောင်း၊ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ကာကွယ်ရေးအဖွဲ့ဘက်တွင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ရေးအဖွဲ့ဝင်များမှာ စစ်ကောင်စီ ဘီးလူးစစ်ကြောင်းကို ကင်းထောက်နေကြစဉ် ပက်ပင်းတိုးချိန် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများပြီးနောက် စစ်ကောင်စီတပ်သည် မြောင်မြို့နှင့် မြင်းမူမြို့အကြားရှိ လက်ယက်မရွာမှ မြောင်မြို့သို့ ထွက်သွားသယောင် တပ်ဖျောက်နေခဲ့ပြီးနောက် မတ် ၂၉ နံနက် အစောပိုင်း လက်ယက်မရွာကို တစ်ကျော့ပြန် စီးနင်းခဲ့ကြောင်း၊ ထို့နောက် ယနေ့ နံနက်ပိုင်းတွင် ဆွဲလွဲအိုရွာ၊ နဘတ်ရွာတို့ကို ဆက်လက်စီးနင်းခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
စစ်ကောင်စီကမူ ၎င်းတို့သည် ပြည်သူတို့ကို အကာအကွယ်ပေးနေသည်ဟု ပြောဆိုထားသည်။ မတ် ၂၇ အခမ်းအနားတစ်ခုတွင် အာဏာသိမ်းခေါင်းဆောင်က မိန့်ခွန်းပြောကြားစဉ် အကြမ်းဖက်အားပေး နိုင်ငံတချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူတချို့က PDF အဖွဲ့များ၏ အကြမ်းဖက်မှုများကို လျစ်လျူရှုထားကြောင်း၊ စစ်ကောင်စီကိုသာ ပြစ်တင်ဝေဖန်နေကြောင်း ထည့်သွင်း ပြောကြားသွားသည်။
“ပြစ်တင်ဝေဖန်နေတာဟာ အလွန်ပဲ လွဲမှားနေတယ်” ဟု သူက ဆိုသည်။