
(ကြိုတင်သတိပေးချက် – ယခုသတင်းတွင် စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်များအကြောင်း ရေးသားဖော်ပြချက်နှင့် ဓာတ်ပုံများ ပါဝင်သည်)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ရွာကို အာဏာသိမ်းတပ်က မတ်လဆန်းတွင် ခေတ္တ ဝင်ရောက် တပ်စွဲပြီး ဒေသခံ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များထံမှ သိရသည်။
အင်အား ၇၀ ခန့် ပါသည့် စစ်ကောင်စီတပ်က မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ် အစပ်ရှိ လူဦးရေ ၂,၀၀၀ ခန့် နေထိုင်သော ထိုရွာကို ပိတ်ဆို့ စီးနင်းပြီး မတ် ၅ မှ ၇ အထိ တပ်စွဲထားစဉ် ထိုသို့ သတ်ဖြတ်ခြင်း ဖြစ်သည်၊ စစ်ကြောင်း ပြန်ထွက်သွားသည့်နေ့မှစ၍ ရုပ်အလောင်းအများစုကို ဧရာဝတီမြစ်ထဲမှ ဆယ်ယူရရှိခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မတ်လ ၇ ရက်နေ့တွင် ၅ လောင်း၊ ၈ ရက်နေ့တွင် ၄ လောင်း ရရှိခဲ့ပြီး ၉ ရက်နေ့တွင်မူ လက္ကပင်ရွာဘုန်းကြီးကျောင်းအနီး ၁ လောင်း တွေ့ရသည်ဟု ၎င်းက ပြောသည်။
မြစ်အတွင်း တွေ့ရသည့်အထဲတွင် မြောင်မြို့နယ် မရိုးကုန်းရွာသား ၈ ဦး၏ ရုပ်အလောင်းများ ပါဝင်သည်၊ ထိုရွာသားများသည် ၆ မိုင်ခန့် ကွာဝေးသည့် လက္ကပင်ရွာသို့ မတ် ၄ ညနေပိုင်းတွင် လာရောက် တိမ်းရှောင်နေသူများဖြစ်သည်ဟု သိရသည်။
“အခုတွေ့တာကတော့ ကျွန်တော်တို့ရွာကို လာရှောင်နေတဲ့သူတွေ အသတ်ခံရတယ်။ စစ်ရှောင်ထဲကနေ ၈ လောင်းတွေ့တယ်။ နောက်တစ်ယောက်က ခါးပိုင်းထားပြီး မျက်နှာ မီးရှို့ခံထားရတာ၊ ရွာရဲ့တောင်အဖျားဆုံးနားမှာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။
မြစ်အတွင်းမှ ဆယ်ယူရရှိသည့် အလောင်းများအနက် လက္ကပင်ရွာခံ အသက် ၃၂ နှစ်အရွယ် ကိုစိုးထိုက်ဆိုသူ တစ်ဦးတည်းကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်သေးသည်။ ကိုစိုးထိုက်သည် မျက်နှာတွင် ထုထောင်းခံထားရကာ နံကြားနှင့် လည်ပင်းကို ဓားဖြင့် လှီးဖြတ်ထားသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်သောကြောင့် ကျန် ၉ ဦး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံနှင့် PDF တို့က ပြောသည်။
ကျန်သေဆုံးသူများ၏ အမည်၊ အသက်အရွယ်၊ ကျား၊မ နှင့် မည်သည့်ရွာမှဖြစ်သည်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကလည်း သတင်းအမှောင်ချထားသည်။
စစ်တပ် ဝင်စီးနင်းသည့် ထိုရွာသည် PDF တပ်သားများ လှုပ်ရှားမှုနည်းပါးသည့် ရွာတစ်ရွာလည်း ဖြစ်သည်။
လက္ကပင်ရွာကို စီးနင်းမှု
မတ်လ ၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်က လက္ကပင်ရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းစဉ် တွေ့သမျှကို ဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။
ရာနှင့်ချီသည့် ဒေသခံများကို ရွာတောင်ဘက်ရှိ ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖမ်းထားပြီး စစ်သားများက ရွာအတွင်းရှိ နေအိမ်များကို မွှေနှောက်ရှာဖွေခဲ့ကြသည်ဟု ရွာခံ အမျိုးသားက ပြောသည်။
“စမိကတည်းကဆိုရင် တစ်ထောင်ကျော်လောက် ရှိမယ်။ ရွာထိပ်က ဧရာတီမြစ်၊ သူတို့က တောင်ကနေ၊ မြောက်ကနေ၊ ရွာအနောက်ကနေ ဝိုင်းတယ်။ ဆိုင်ကယ်တွေနဲ့ ပြေးကြတဲ့သူတွေ၊ ဝပ်နေတဲ့သူတွေလောက်ပဲ လွတ်တာ။ ပတ်ပတ်လည်က ဝိုင်းတာဆိုတော့ အများစုက ပြေးမလွတ်ဘူး” ဟု အထက်ပါ ရွာခံက ပြောသည်။
မတ် ၅ ညနေ ၅ နာရီခန့်တွင် အသက်ကြီးသူများ၊ ကလေးငယ်များအပါအဝင် ဆယ်ဂဏန်းခန့်ကို ပြန်လွှတ်ပေးခဲ့သည်၊ ဆက်လက်ထိန်းသိမ်းထားသူများကို စစ်ဆေးမေးမြန်းခဲ့သည်ဟုလည်း အဆိုပါ ရွာခံက ပြောသည်။
မတ် ၆ တွင် ရွာအတွင်းဘက်မှ သေနတ်သံများ ကြားရသော်လည်း ပစ်ခတ်သည့် အကြောင်းရင်းကို မသိရကြောင်း၊ မတ် ၇ တွင် စစ်ကောင်စီတပ် ရွာမှ ထွက်သွားစဉ် လူဝတ်လဲခံရသည့် ရွာဦးကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသ၊ ရွာခံ အမျိုးသား ၄ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။
လက္ကပင်ရွာသား အများအပြားမှာ ပိုမိုလုံခြုံနိုင်မည့် နေရာများတွင် တိမ်းရှောင်နေကြပြီး ရွာသို့ ပြန်လာနေသူ နည်းပါးနေသေးသည်ဟု ဆိုသည်။
အထက်ပါ ၅ ဦးကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးသလို မည်သည့်နေရာတွင် ရောက်နေသည်ကိုလည်း မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။
တာတိုင်ရွာစီးနင်းမှု
လက္ကပင်ရွာကို စီးနင်းသူများမှာ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားများဖြစ်သည်ဟု မြို့နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုတပ်မသည် လက္ကပင်ရွာနှင့် ၁၁ မိုင်ခန့်အကွာ တာတိုင်ရွာကိုလည်း မတ်လ ၁ ရက်က ဝင်ရောက်စီးနင်းကာ ဒေသခံ ၁၇ ဦးကို သတ်ဖြတ်ခဲ့သည့် တပ်မဖြစ်သည်။
စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာကို စီးနင်းစဉ် ကျေးရွာ ပကဖ ခေါင်းဆောင်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ထားခဲ့သည်။
စစ်ကောင်စီတပ် စစ်ကြောင်းသတင်းကို ထောက်လှမ်းနေသည့် တာတိုင်ရွာ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုမိုက်ကယ် (ခ) ကိုကျော်ဇော၏ ရုပ်အလောင်းမှာ ခေါင်း၊ ခြေနှစ်ဖက်၊ လက်နှစ်ဖက်တို့ သီးခြားစီရှိနေပြီး ဝမ်းဗိုက်အတွင်းရှိ အူများထွက်နေသည်ကို မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
ထိုစစ်ကောင်စီတပ်သည် ယင်းတို့ကိုယ်ယင်းတို့ ဘီလူးစစ်ကြောင်းဟု ပြောဆိုလေ့ရှိကြောင်းလည်း သိရသည်။

တာတိုင်ရွာနှင့် လက္ကပင်ရွာကို စီးနင်းခဲ့သည့် အဆိုပါစစ်ကြောင်းသည် လက္ကပင်ရွာမြောက်ဘက် ၄ မိုင်ခွဲခန့် အကွာရှိ အာလကပ္ပရွာအနီးတွင် တပ်ဖျောက်လှုပ်ရှားနေသည်ဟု ဒေသခံများက ဆိုသည်။
ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၅ တွင် မြင်းမူမြို့နယ် ပဒတ္ထိုင်း၊ ညောင်ပင်၊ ကန်တော်၊ ကန်ပြားရွာတို့ကို ဝင်ရောက်ခဲ့သေးပြီး ပဒတ္ထိုင်းရွာတွင် PDF အဖွဲ့ဝင် ၁ ဦး၊ ကန်တော်ရွာတွင် ၄ ဦးတို့ကို ခေါင်းဖြတ်သတ်ခဲ့ကြသေးသည်။
ဖေဖော်ဝါရီ ၂၅ ညပိုင်းက မြင်းမူမြို့နယ် ပဒတ္ထိုင်းရွာကို စီးနင်းခဲ့စဉ် မိုင်းထောင်နေသည့် ကိုမော်ကွန်းအမည်ရ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၆ တွင် ကန်တော်ရွာတွင်လည်း ဖမ်းမိထားသည့် ကာကွယ်ရေးအဖွဲ့ဝင် လေးဦးကို ခေါင်းဖြတ်သတ်ခဲ့ကြသည်။
ကန်တော်ရွာတွင် သတ်ဖြတ်ခံရသည့် ကာကွယ်ရေးအဖွဲ့ဝင်များမှာ ၁၅ နှစ်အရွယ် ကိုလမင်းစိန် (ခ) ဖိုးစိန်၊ ၁၇ နှစ်အရွယ် ဖိုးကဲ၊ အသက် ၁၉ နှစ်အရွယ်များဖြစ်ကြသော ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့်တို့ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လူအများမြင်စေနိုင်သည့် နေရာများတွင် ချိတ်ဆွဲထားခဲ့ကြသည်။
စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းတပ် ဝင်ရောက်သည့် ရွာများတွင် အရပ်သား သတ်ဖြတ်ခံရမှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု၊ ဖမ်းဆီးမှု၊ လုယက်မှုများ ကာလကြာရှည် ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလဆန်းတွင် မြို့နယ်အများအပြားကို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဆက်တိုက် ပေါ်ပေါက်လာသည်။
စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက တာတိုင်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တော်လှန်ရေးအဖွဲ့အချင်းချင်း ကျူးလွန်ခြင်း ဖြစ်သည်ဟု ရေးသားနေကြသည်။
မြင်းမူမြို့နယ် လက္ကပင်ရွာတွင် တွေ့ရသည့် ဒေသခံ ၁၀ ဦး၏ ရုပ်အလောင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေသခံ ၃၀ ခန့် သတ်ဖြတ်ခံရသည်၊ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များကို အပြစ်ဖို့ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)