သတင်း

ပအိုဝ်းဒေသ သတ်ဖြတ်ခံရသူများထဲမှ သံဃာသုံးပါး၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်

ယခုလ ၁၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူများထဲတွင် ပါဝင်သည့် သံဃာသုံးပါး၏ ရုပ်အလောင်းများကို ယမန်နေ့ (မတ် ၁၄) တွင် မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ပအိုဝ်းဒေသခံတို့ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ ပူးပေါင်းစစ်ဆေးရေးဂိတ် ဖေဖော်ဝါရီ ၂၄ တွင် တိုက်ခိုက်ခံရပြီးနောက် နေပြည်တော်နှင့် အနီးဆုံး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်လာကာ လူပေါင်း ၃၀ နီးပါး အစုလိုက်သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

လုံးပျဉ်ကျေးရွာအုပ်စု၊ နန်းနိမ့်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံရသူများအနက် သံဃာသုံးပါး၏ ရုပ်အလောင်းများကို ထိုရွာနှင့် သုံးမိုင်ခန့် ကွာဝေးသည့် ဆောင်းပြောင်းရွာတွင် မီးသင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားတစ်ဦးက ပြောသည်။

သက်တော် ၄၅ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးပဏ္ဍိ၊ ၆၆ နှစ်အရွယ် ဦးသောဘာကနှင့် ဦးကောဝိဒတို့၏ ရုပ်အလောင်းများတွင် ဒဏ်ရာများ တွေ့ရကြောင်း နန်းနိမ့်ရွာသားထံမှ သိရသည်။​

“ဒူးနှစ်ဖက်က သေနတ်ရာလား၊ ဓားခုတ်ရာလား မသိဘူး။ သွားကျိုးတယ်၊ ထုထောင်းထားတဲ့ ပုံစံမျိုး” ဟု ၎င်းက ပြောသည်။

ရုပ်အလောင်းပြင်ဆင်သူများ၏ ပြောပြချက်အရ သံဃာသုံးပါးတွင် သေနတ်ဒဏ်ရာ မတွေ့ရဘဲ ဓားဒဏ်ရာ၊ တုတ်ဒဏ်ရာများနှင့် တံတောင်ဆစ်အရိုးပြုတ်နေသည်ဟု သိရကြောင်း နန်းနိမ့်ရွာမှ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“တော်တော်လေး ရိုက်နှက်ထားတယ်။ လူမဆန်စွာ တော်တော်လေး ရိုက်နှက်ထားတယ်။ အလောင်းက နည်းနည်းပုပ်နေပြီ၊ အနံ့က ထွက်နေပြီ။ ကျွန်တော့်မျက်မြင်ကတော့ ဦးဇင်းအိုတစ်ပါးရဲ့ မျက်နှာမှာ ဓားတွေနဲ့ ခြစ်ထားတယ်” ဟု ၎င်းက ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့ နံနက် ၆ နာရီခန့်တွင် ကျောင်းထိုင်ဆရာတော်နှင့် ဖုန်းအဆက်အသွယ် ရခဲ့သည်၊ ရွာအရှေ့ဘက်မှနေ၍ စစ်ကြောင်းတစ်ကြောင်း လာနေပြီဟုသာ မိန့်ကြားခဲ့သည်ဟုလည်း ထိုရွာသားက ဆိုသည်။

“ရွာရဲ့ အရှေ့ဘက်ကနေ လာနေပြီတဲ့၊ ဘုန်းကြီးက ဖုန်းပြောလို့ အဆင်မပြေတော့ဘူးနော် ဒကာကြီးတဲ့၊ ဘုန်းကြီးက ဖုန်းချလိုက်တယ်၊ အောက်ဆင်းတော့မယ်နော်တဲ့။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့မှန်း ဘုန်းကြီးကလည်း မပြောသွားတော့ အဖြေက သေသေချာချာ မထွက်သွားတာ” ဟု ထိုရွာသားက ဆိုသည်။

ဘုန်းကြီးကျောင်းအတွင်း သေဆုံးသူများမှာ ကျောင်းစောင့်ရန် ဆရာတော်နှင့်အတူ ကျန်ရစ်ခဲ့သည့် အရပ်သားများဖြစ်ကြောင်း နန်းနိမ့်ရွာ ဒေသခံများနှင့် သေဆုံးသူများ၏ မိသားစုဝင်တို့က ထုတ်ဖော်ပြောဆိုထားသည်။

ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို မည်သည့်အဖွဲ့က ကျူးလွန်ခြင်းဖြစ်ကြောင်း ခိုင်မာသော အထောက်အထားများ ထွက်ပေါ်လာခြင်း မရှိသေးဘဲ စစ်ကောင်စီ အပါအဝင် လက်နက်ကိုင်အဖွဲ့များ အပြန်အလှန် စွပ်စွဲပြောဆိုနေကြသည်။

ဘုန်းကြီးကျောင်းအတွင်း ပြန့်ကျဲနေသည့် ရုပ်အလောင်းပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက “ကယား PDF များကို ဆုံးမခြင်း” “နှိမ်နင်းခြင်း” စသည့် ခေါင်းစဉ်များဖြင့် စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။​

ပင်လောင်းမြို့နယ် နန်းနိမ့်ရွာဘုန်းကြီးကျောင်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူများအနက် သံဃာသုံးပါး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ – ပအိုဝ်းလူမှုကွန်ရက်စာမျက်နှာတစ်ခု) 

အဆိုပါဖြစ်စဉ်အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ် ၁၃ ရက်က ထုတ်ဖော်ပြောဆိုရာ၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ငြိမ်းချမ်းနေသော ပအိုဝ်းဒေသကို နှောင့်ယှက်ဖျက်ဆီးနေသဖြင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဆိုသည်။

သို့သော် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းအတွင်း တွေ့ရှိရသည့် ရုပ်အလောင်းများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိတိပပ ပြောဆိုခြင်း မရှိဘဲ အရပ်သားပြည်သူများ အသတ်ခံရသည်မှာ ကောလာဟလသာဖြစ်သည်ဟု ဆိုခဲ့သည်။

အာဏာသိမ်းတပ်၏ မဟာမိတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝင်ရောက်ကာ စစ်တလင်းဖန်တီးခြင်း၊ ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဥစ္စာပစ္စည်းများ ယူဆောင်ခြင်းများအတွက် KNDF ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင် ပအိုဝ်းဘာသာဖြင့် လူမျိုးရေးဆန်သော လှုံ့ဆော်ရေးသားချက်များ၊ ရုပ်သံဖိုင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေခြင်းများ ရှိလာကာ ယနေ့ (မတ် ၁၅) တွင် PNO က ဦးစီး၍ တောင်ကြီးမြို့တွင် KNDF နှင့် ပူးပေါင်းအဖွဲ့များကို ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့သည်။​

KNDF အပါအဝင် စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့များကမူ နန်းနိမ့်ရွာမှ အစုလိုက်သတ်ဖြတ်မှုမှာ ထိုဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ လက်ချက်သာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာသုံးပါးနှင့် အရပ်သားများကို သတ်ဖြတ်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေသည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။

နန်းနမ့်ရွာဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် စာမျက်နှာများက ဖြန့်ဝေခဲ့သည့် ဓာတ်ပုံများတွင် ရုပ်အလောင်းများအနီး တူမီးသေနတ်၊ လက်လုပ်သေနတ်များပါ တွေ့ရှိရသည်၊ KNDF တွင် တပ်ဆင်ထားသည်မှာ တိုက်ပွဲဝင်လက်နက်များ ဖြစ်သည်ဟု သူက ထောက်ပြသည်။

“လုပ်ကြံဇာတ်ဆိုတာ အရမ်းသိသာပါတယ်။ ကျွန်တော်တို့က အဲဒီ လေထိုးပိုက်သေနတ်လေးတွေနဲ့ သူတို့ကို (စစ်တပ်ကို) ပစ်နေတာမှ မဟုတ်တာ သူတို့အသိဆုံးပါပဲ။ ပုံတွေက ဟုတ်တယ်၊ နန်းနိမ့်ကျောင်းထဲက ကျွန်တော်တို့ ရိုက်ထားတဲ့ Dead Body တွေနဲ့ တစ်ပုံစံတည်းပါပဲ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံထားရသည့် ကျန်ဒေသခံတို့၏ ရုပ်အလောင်းများကို ဆရာဝန်များက စစ်ဆေးနေကြောင်း၊ အသေးစိတ်ဆေးစစ်ချက် ရလဒ်ထွက်လာပါက မည်သည့်အချိန်တွင် သေဆုံးသည်ကို အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button