သတင်း

စစ်ကိုင်း PDF တပ်ခွဲမှူးကို စစ်ကောင်စီ ရက်စက်စွာသတ်ဖြတ်

မူးမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီက နှစ်ရက်အတွင်း ဒေသခံသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ တပ်ခွဲမှူးလည်း ပါဝင်သည်။

အသက် ၄၃ နှစ်အရွယ် စစ်ကိုင်းခရိုင် PDF တပ်ရင်း (၈) ၏ တပ်ခွဲမှူး၊ ကိုဘူးသီးဟု အမည်ဝှက်ပေးထားသူကို အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်က လည်ပင်းမှ ဆီးခုံထိ ဓားဖြင့် ခွဲ၊ ကလီစာများ ထုတ်ရုံမက ခေါင်းကိုပါ ဖြတ်ထားခဲ့သည်။

“ကျွန်တော်တို့ အလောင်းမကောက်နိုင်ခင်မှာ (စစ်သားတွေက) ခေါင်းဖြတ်ပြီး ရင်ကို (ဓားမနဲ့) ခုတ်ခွဲထားတာ။ သေပြီးမှ လုပ်တာဖြစ်မယ်။ သွေးတောင် မရှိတော့ဘူး။ ပြည်သူတွေကို ကြောက်အောင် လုပ်တာပေါ့ဗျာ” ဟု ထိုဒေသတွင် အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

နောက်ထပ် သေဆုံးသူနှစ်ဦးမှာ NUG ၏ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင် အသက် ၃၀ အရွယ် ကိုအရှည်ကြီးဆိုသူနှင့် စိတ်ကျန်းမာရေးမကောင်းသည့် ဒေသခံ အမျိုးသားတစ်ဦးဖြစ်သည်။

လုံခြုံရေးအခြေအနေအရ သေဆုံးသူတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆိုသည်။ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ခဲ့သည့် ဧပြီ ၃၀ နှင့် မေ ၁ ရက်တွင် သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု အထက်ပါ တော်လှန်ရေးခေါင်းဆောင်က ဆက်ပြောသည်။

စစ်ကိုင်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရွာမကျေးရွာအနီးတွင် ဧပြီ ၃၀ ရက်က တိုက်ပွဲအတွင်း ပကဖအဖွဲ့ဝင်တစ်ဦး၊ ယမန်နေ့ (မေ ၁) က တိုက်ပွဲများအတွင်း မောင်းထောင်ရွာအနီးတွင် PDF တပ်ခွဲမှူးတစ်ဦးနှင့် လက်ပံသာရွာအနီးတွင် စိတ်မကျန်းမာရေးမကောင်းသူတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဧပြီ ၃၀ ရက် နံနက်တွင် စစ်ကောင်စီက ရွာမရွာသို့ စစ်ကြောင်းထိုးဝင်လာစဉ် ဒေသခံ တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများပြင်းထန်ခဲ့သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မေ ၁ ရက်တွင် သက်ဆိုင်ရာ ရွာအသီးသီး၏ အနီး၌ ဒေသခံတို့က ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ကြည့်ရှု့ခွင့်ရခဲ့သည့် ဓာတ်ပုံများထဲတွင် PDF တပ်ရင်း (၈) ၏ တပ်ခွဲမှူး၊ ကိုဘူးသီး၏ ရုပ်အလောင်းနံဘေး၌ စစ်ကောင်စီတပ်က အသုံးပြုခဲ့သည်ဟု ယူဆရသော တောသုံး ထင်းခုတ်ဓားနှစ်လက် တွေ့ရသည်။

စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသားကို လက်ပံသာရွာအနီးတွင် စစ်ကောင်စီတပ်က ပစ်သတ်သွားခြင်းဖြစ်သည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

“‌သူက စိတ်မနှံ့ဘူး။ ထွက်ပြေးတဲ့အချိန် ပစ်ခံလိုက်ရတာလား မသိဘူး။ မနေ့ကတည်းက သတ်ခံထားရတာဖြစ်မယ်၊ အလောင်းကတော့ တော်တော်အနံ့ထွက်နေပြီ”။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မေ ၁ ရက် မွန်းလွဲပိုင်းတွင် မောင်းထောင်ရွာနှင့် လက်ပံသာရွာမှ ဒေသခံအချို့ကို ဖမ်းဆီးကာ မူးမြစ်အနောက်ဘက်ကမ်းရှိ မြင်းမူမြို့နယ်အတွင်းသို့ ဝင်ရောက်သွားသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မူးမြစ်အရှေ့ဘက်ကမ်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသည့် စစ်ကိုင်းခရိုင်အတွင်းသို့ ဖေဖော်ဝါရီလကတည်းက ကိုယ့်ကိုယ်ကိုယ် ဘီလူးစစ်ကြောင်းဟု သမုတ်ထားသည့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့ ဝင်မွှေနေသည်။ ထိုစစ်ကြောင်း လှုပ်ရှားရာ ဒေသများအတွင်း ဒေသခံတို့မှာ ရက်စက်စွာ သတ်ဖြတ်ခံနေရသည်။

ရွာမနှင့် မောင်းထောင်ရွာကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ဘီလူးစစ်ကြောင်း ဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းလည်း ပါဝင်သည်။ ရရာလက်နက်ဖြင့် ခုခံနေကြသည့် အညာသူအညာသားများကို စစ်ကောင်စီက လေကြောင်းပါ သုံး၍ အပြင်းအထန်တုံ့ပြန်နေရာ ကလေးငယ်များပါ သေဆုံးနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button