
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်များ ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေသည်ဟု တိုက်ပွဲတွင် ပါဝင်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံက ဇူလိုင် ၁ ရက်နေ့တွင် ပြောသည်။
ပင်လောင်းမြို့ အရှေ့တောင်ဘက် ၁၃ မိုင်ကျော်အကွာရှိ ဆောင်းပြောင်းရွာ ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေသည်ဟု KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။
ဆောင်းပြောင်းရွာသည် အရပ်သား ၂၂ ဦးကို စစ်တပ်က ၂၀၂၃ ခုနှစ် မတ်လအတွင်း အစုအပြုံလိုက် သတ်ဖြတ်ခဲ့ဖူးသည့် နမ်းနိမ်ရွာ၏ မြောက်ဘက်တွင် ရှိသည်။
“ဆောင်းပြောင်း ကျေးရွာနားတစ်ဝိုက်အထိတော့ စစ်ကောင်စီ ရောက်နေပြီပေါ့။ အဲဒီမှာ တော်လှန်ရေးတပ်တွေက သူ့ကို ဟန့်တားနေတယ်။ အဲဒီမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်” ဟု တာအယ်စိုးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးသည်ဟု တာအယ်စိုးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် လက်နက်ငယ်တချို့ကိုလည်း ရရှိသည်ဟု KNDF က ဆိုသည်။
ထိုကိန်းဂဏန်းများနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များနှင့် ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်များက ဇွန်လ ၂၀ ရက်ကတည်းက ဟန့်တားတိုက်ခိုက်နေရာမှ တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။
အင်အား ၅၀၀ ပါ ထိုစစ်ကြောင်းသည် ပင်လောင်းမြို့မှ ထွက်လာသည်ဟုလည်း သိရသည်။
ဆောင်းပြောင်းရွာတိုက်ပွဲတွင် အရပ်သား ရာနှင့်ချီပိတ်မိနေသလို ပင်လောင်းမြို့နယ် လင်ခံရွာမှ ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကြောင့် သေဆုံးထားကြောင်း ပင်လောင်းမြို့နယ်သတင်းများ ဖော်ပြနေသည့် Voice of Pin Laung Facebook စာမျက်နှာက ရေးသားသည်။
အရပ်သားများပိတ်မိနေသည့် အခြေအနေအပါအဝင် အရပ်သားသေဆုံးမှုကို Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။
ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို အားဖြည့်ရန် ချီတက်လာသည့် စစ်ကြောင်းဖြစ်ပြီး ပအိုဝ်းပြည်သူ့စစ်များလည်း ပါကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။
ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၇ နှင့် ခြေမြန်တပ်ရင်း ၂ ရင်းရှိပြီး ကရင်နီတော်လှန်ရေးတပ်များ၏ ပိတ်ဆို့မှုခံနေရသည်။
စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်း ရည်ရွယ်သည့်နေရာ ရောက်သွားပါက ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်အတွက် ထွက်ပေါက်ပြန်ပွင့်သွားစေမည့်အပြင် အင်အားပိုတောင့်သွားနိုင်သည်။
စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်အရှေ့ဘက်ရှိ ဆီဆိုင်မြို့မှလည်း စစ်ကြောင်းတစ်ကြောင်း စေလွှတ်ထားပြီး ယင်းစစ်ကြောင်းသည် လွိုင်ကော်မြို့ထဲ ရောက်နေသည်၊ လွိုင်ကော်စက်မှုဇုန်အနီးတွင် တပ်ဖြန့်လှုပ်ရှားမှုများလုပ်နေကြောင်း KNDF ဘက်က ပြောသည်။
လွိုင်ကော်မြို့ထဲ တပ်ဖြန့်လှုပ်ရှားလာသည့် စစ်ကောင်စီစစ်ကြောင်းငယ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲငယ်များ နေ့စဉ်ဖြစ်နေသည်ဟုလည်း KNDF က ဆိုသည်။