သတင်း

ပင်လောင်းမှ အစုလိုက်သတ်ခံရသူများအနီး စစ်တပ်ထုတ်ကျည်ဆန်ခွံများ တွေ့ရှိ

ရှမ်းပြည်နယ်မှ ဒေသခံ ၃၀ နီးပါးကို သတ်ဖြတ်မှုအတွက် အပြန်အလှန် အပြစ်တင်နေချိန်တွင် ရုပ်အလောင်းများအနီး စစ်တပ်၏ ကျည်ခွံများ တွေ့ရသည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း သံဃာသုံးပါးအပါအဝင် လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်တွင် ရုပ်အလောင်းများအနီး စစ်တပ်ထုတ်ကျည်ဆန်ခွံများ တွေ့ရှိသည်ဟု တော်လှန်ရေးအင်အားစုများက ယနေ့ (မတ် ၁၆) တွင် ထုတ်ဖော်ပြောဆိုသည်။

မတ် ၁၁ ရက်နေ့က ဖြစ်ပွားသည့် ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းဝန်းကျင်ကို ၁၃ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ရုပ်အလောင်းများ ရှိခဲ့သည့် နေရာအနီးတွင် စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင် ထုတ်လုပ်သည့် ၅.၅၆ ကျည်ခွံများကို တွေ့ရှိခဲ့ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဘိုဘိုက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ဘုန်းကြီးကျောင်း ရှေ့နားမှာတွေ့တဲ့ အလောင်းရဲ့သွေးကွက်ပါ၊ အဲ့သွေးကွက်ရဲ့ ဘေးနားမှာ ကျည်ခွံကို တွေ့တယ်။ အဲ့ကျည်ခွံပေါ်မှာ မြန်မာလို ရေးထားတာပေါ့နော်၊ စစ်တပ်ကပဲ ထုတ်တဲ့ ကပစကျည်ဆိုတာ သိနိုင်ပါတယ်။ ပတ်ပတ်လည်မှာလည်း အဲ့လိုကျည်တွေချည်းပါပဲ” ဟု သူက ပြောသည်။

ထို့ပြင် သေဆုံးသူများ၏ခန္ဓာကိုယ်မှ ထုတ်ယူရရှိသည့် ကျည်ဖူးအမျိုးအစားများသည်လည်း စစ်တပ်ထုတ် ၅.၅၆ ကျည်ဆန်များပင်ဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ရဲအရာရှိဟောင်း ဦးဘိုဘိုက ဆိုသည်။

အစုလိုက် သတ်ဖြတ်ခံရသည့် အရပ်သား ၁၉ ဦး၏ ရုပ်အလောင်းများကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က စစ်ဆေးပြီးနောက် သင့်တော်ရာနေရာတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။

နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းတွင် အသတ်ခံရသူများအနက် သံဃာသုံးပါးကို ပင်လောင်းမြို့နယ်ရှိ ပအိုဝ်းဒေသခံများက မတ် ၁၄ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

အစုလိုက် သတ်ဖြတ်ခံရသူများအနက် လက်ရှိအချိန်ထိ သံဃာ ၃ ပါးနှင့် အရပ်သား ၁၉ ဦး၏ ရုပ်အလောင်းများကိုသာ တွေ့ရှိထားသည်။ ဒရုန်းဖြင့် ကြည့်ရှု ထောက်လှမ်းစဉ် ရုပ်အလောင်း ၇ ခုခန့်ကို ထပ်တွေ့ခဲ့သော်လည်း ထိုဒေသတွင် စစ်ကောင်စီတပ်လှုပ်ရှားနေသောကြောင့် ကောက်ယူနိုင်ခြင်း မရှိသေးဟု တော်လှန်ရေးအဖွဲ့များက ယခင်ရက်များအတွင်း ပြောဆိုထားသည်။

အရပ်သားများကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက် နှိပ်စက်ပြီးမှ သေနတ်ဖြင့် အနီးကပ် အတွဲလိုက်ပစ်ခတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အလောင်းများကို စစ်ဆေးခဲ့သည့် ကရင်နီပြည် ကျန်းမာရေးတာဝန်ခံ ဒေါက်တာရဲဇော်က ဆိုသည်။

အလောင်းများကို စစ်ဆေးရာတွင် ခြေလက်များ ကျိုးနေခြင်း၊ သေနတ်ဒင်ကဲ့သို့သော အရာများဖြင့် ရိုက်နှက်ထားခြင်း၊ ချွန်ထက်သည့်အရာများ ထိုးသွင်းထားခြင်းတို့ကို တွေ့ရသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

“ဘုန်းကြီးကျောင်းနံရံတွေမှာ ကျည်ဆန်ရာတွေက လူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းပြီး နံရံကိုတောင် စိုက်ဝင်ပြီး ကွဲသွားလောက်တယ်ဆိုတော့ ဘယ်လောက်တောင် အနီးကပ်ပစ်သလဲဆိုတာကို ထင်ရှားပါတယ်”

သံဃာသုံးပါး၏ ရုပ်အလောင်းတွင်လည်း ရိုက်နှက်စစ်ဆေးထားသည့် ဓားဒဏ်ရာ၊ တုတ်ဒဏ်ရာများအပြင် တံတောင်ဆစ်အရိုးပြုတ်နေသည်ကိုပင် တွေ့ရှိရသည်ဟု နန်းနိမ့်ရွာခံများက Myanmar Now ကို ယမန်နေ့က ပြောဆိုထားသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပင်လောင်းမြို့နယ်အတွင်းရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုဒေသတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်လာကာ လူ ၃၀ နီးပါး သတ်ဖြတ်ခံရသည့်ဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းအတွင်း ပြန့်ကျဲနေသော ရုပ်အလောင်းပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက “ကယား PDF များကို ဆုံးမခြင်း” “နှိမ်နင်းခြင်း” စသည့် ခေါင်းစဉ်များဖြင့် စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ပြန်ကြားရေးအရာရှိကမူ ထိုသတ်ဖြတ်မှုများမှာ တော်လှန်ရေးအဖွဲ့များ၏လက်ချက်ဟု သတင်းဌာနများကို ပြောသည်။

မကြာမီရက်ပိုင်းက ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီကို အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့ပြီးနောက် ပအိုဝ်းဒေသအတွင်း လူမျိုးရေးခွဲခြားသည့် လှုံ့ဆော်မှုများ ပေါ်ပေါက်လာသလို ပအိုဝ်းဘာသာဖြင့် လူမျိုးရေးဆန်သော လှုံ့ဆော်ရေးသားချက်များ၊ ရုပ်သံဖိုင်များကို အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေသည်။

ဦးအောင်ခမ်းထီ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) က မတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်တလင်းဖန်တီးခြင်း၊ ဒေသခံများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဥစ္စာပစ္စည်းများ ယူဆောင်ခြင်းများအတွက် KNDF ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ထို့ပြင် ယမန်နေ့က KNDF နှင့် ပူးပေါင်းအဖွဲ့များကို ဆန့်ကျင်ရှုတ်ချပွဲကို PNO က တောင်ကြီးမြို့တွင် ဦးစီးလုပ်ဆောင်ခဲ့သည်။

နန်းနိမ့်ရွာဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန်စွပ်စွဲပြောဆိုမှုများ ရှိနေသော်လည်း စစ်တပ်က မဟုတ်မမှန်သတင်းများ ထုတ်ပြန်ခဲ့ကာ လူမျိုးရေးပဋိပက္ခဖြစ်အောင်လည်း စစ်တပ်ကသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။

စစ်ကောင်စီ ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို ပြည်သူများက သိနားလည်ရန် လိုအပ်ပြီး နိုင်ငံတကာကလည်း စစ်ကောင်စီကို အပြစ်ပေးအရေးယူရန် လိုအပ်သည်ဟုလည်း ဆိုသည်။

နိုင်ငံတကာအနေဖြင့် စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် စီးပွားရေးပိတ်ဆို့မှုအပြင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင် အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီတင်သွင်းမှုတို့ကို ပိတ်ပင်တားဆီးပေးရန် ယနေ့သတင်းစာရှင်းလင်းပွဲအပြီး NUG ၊ KSCC နှင့် PNFC တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button