စစ်ကိုင်းတိုင်းထဲမှ မြောင်နှင့် မြင်းမူ နှစ်မြို့နယ်၏နယ်စပ် ခြေရာတော်ကျေးရွာအနီးတွင် ပြီးခဲ့သည့် သောကြာညပိုင်း (စက်တင်ဘာ ၂၂) ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။
ကနဦးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချုံခိုတိုက်ခိုက်ခဲ့သည်ဟု မိခင်တပ်ရင်းများက သတင်းရခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာသူများ၏ အဆိုအရ စစ်ကောင်စီက အရှင်ဖမ်းဆီးပြီးမှ ၅ ယောက်တစ်တွဲတွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
အသက် ၁၉ နှစ်အရွယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ကိုလူကလေးသည်လည်း ထိုညက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အခြားရဲဘော် ၄ ဦးနှင့်အတူ စစ်ကောင်စီက သေနတ်နှင့် ပစ်သတ်ရန် လူသတ်ကွင်းဆီသို့ ခေါ်ဆောင်ခံခဲ့ရသည်။ သတ်လုဆဲဆဲ စက္ကန့်အလိုအချိန်၊ သေနတ်ပြောင်းဝမှ အရဲစွန့်ထွက်ပြေးခဲ့သည့် ရဲဘော် ကိုလူကလေးက ထိုညက စစ်ကောင်စီတပ်၏ လူသတ်ပွဲအကြောင်းစုံနှင့် သူ ထွက်ပြေးလွတ်မြောက်လာပုံကို Myanmar Now ကို ပြန်လည်ပြောပြခဲ့ သည်။
ကိုလူကလေး၏ ပြောဆိုချက်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး – အဲ့ဒီနေ့ (စက်တင်ဘာ ၂၂) က စစ်ကြောင်းဝင်လာတော့ ဘာလုပ်ခဲ့ရသလဲ။
ဖြေ- (စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်) ဂွေးပင်တောကနေ (စစ်ကောင်စီတပ်တွေ) ထွက်လာပြီဆိုပြီးတော့ သတင်းရတယ်။ (သတင်း) ရတော့ ကျနော်တို့ကို ကင်းသွားခိုင်းသေးတယ်။ ကင်းသွားတယ်။ ညနေ လေးနာရီဝန်းကျင်လောက်မှာ။ ပြီးတော့ ဧကတစ်ရာလောက် ပိုပြီးနီးလာပြီဆိုတာမျိုး ခေါင်းဆောင်ဆီကနေ သတင်းပို့ပေးနေတယ်။ တစ်ခါ (ဂွေးပင်တောရွာနားက) ကျော့မင်းနားမှာ (စစ်ကောင်စီတပ်) ပျောက်သွားတယ်ဆိုတာမျိုးလည်း သတင်းတွေက ကြားနေရတယ်။ မှောင်လာပြီဆိုတော့ ကျတော်တို့ ကင်းချိန်းရတယ်။ နောက်တစ်ဖွဲ့ကို ချိန်းပြီးလွှတ်လိုက်တာ။
မေး – ရန်သူစကစတပ်က ဖမ်းဆီးတာကို ဘယ်လိုခံလိုက်ရသလဲ။
ဖြေ – မြောင်လမ်းခွဲကခွေးတွေ (စစ်ကောင်စီတပ်ကို PDF များက ခေါ်သည့်အမည်) ကလည်း ထပ်ပြီးလှုပ်ပြန်ပြီဆိုပြီး သတင်းရတယ်။ အဲ့လိုဆိုတော့ ကျနော်တို့ ခေါင်းဆောင်က ပြေးခိုင်းတာပေါ့။ (ဂွေးပင်တောရွာနဲ့ ကျော့မင်းရွာနားက) ခြေရာတော်ဘက်ကို ပြေးရတယ်။ ကျနော်တို့က ကျော့မင်းကနေ စထွက်တာ။ စစ်ဘေးရှောင်တွေကတော့ ခြေရာတော်ကို ရောက်တဲ့လူက ရောက်တယ်။ တချို့ကလည်း ကျော့မင်းက ဘုန်းကြီးကျောင်းတွေ နေတဲ့လူလည်း နေကြတာပေါ့။ ကျော့မင်းက စထွက်တဲ့အချိန်မှာက ကားတွေနဲ့ရော၊ ဆိုင်ကယ်တွေနဲ့ရော သွားကြတာ။ တစ်ဖွဲ့လုံးဆို အယောက် ၂၀ လောက်တော့ ရှိမလားမသိဘူး။
ကျနော်က ဆိုင်ကယ်နဲ့ ကားရှေ့က ကျတာပေါ့။ ဆိုင်ကယ်အားလုံး ၃ စီး။ ကျနော်တို့လက်နက်တွေက ကိုင်မထားဘူး။ ကားပေါ်မှာ တင်ထားကြတာ။ ခြေရာတော်ဘက်ကို ပြေးတော့ သူတို့ (စစ်ကောင်စီတပ်) က ဘယ်ကဘယ်လို ရှေ့ကရောက်နေမှန်းမသိဘူး။ ခြေရာတော် အဝင်တံတားမှာ ချုံခိုပြီးတော့ နေနေကြသေးတာ။ ကျနော်တို့ကား ထွက်ပြီဆိုတော့မှ သူတို့က ထွက်လာပြီး ဖမ်းတော့တာဗျ။ အဲ့ဒီမှာ ရန်သူရှိနေတာကို မသိလိုက်ဘူး။ ထင်မထားဘဲ ဖမ်းခံလိုက်ရတော့ အဲ့ဒီလိုတွေ ဖြစ်ကုန်တာပဲ။
အဲ့ဒီနားမှာက သူတို့က PDF လိုလို ဘာလိုလိုနဲ့ သွားနေတဲ့သူတွေကို တားတယ်။ ပုစဉ်းခေါင်း (ထော်လာဂျီ) တစ်စီးရယ်၊ ကျနော်တို့ကားတစ်စီးရယ်။ ပုစဉ်းခေါင်းပေါ်က လူတွေလည်း အကုန်ဖမ်းထားတယ်။ ပုစဉ်းခေါင်းကို ကားလမ်းပေါ်ရပ်ပြီးပိတ်ထားတာ။
ပထမဆုံး ပုစဉ်းခေါင်းကိုတော့ တစ်ချက်ပစ်သေးတယ်။ ကျနော်တို့ကားထင်လို့နေမှာပေါ့။ ပုစဉ်းခေါင်းကို ပေါက်ထွက်သွားတာ။ အဲ့ကနေ ချုံခိုနေတဲ့ ကောင်တွေပါ ကားလမ်းပေါ် တက်လာကြတာ။ ကျနော်တို့ကားတွေရော၊ ဆိုင်ကယ်တွေရော တားပြီးတော့ ဖမ်းတော့တာ။
အဲ့ဒီနားရောက်တော့ကျတော့ အစောပိုင်းက (လမ်းပေါ်သွားနေသူတွေကို) တစ်ယောက်တည်း ဖမ်းနေတာ။ ကျနော်တို့က သူတို့ကို PDF တွေ မှတ်နေတာ။ စစ်ဆေးနေတာ မှတ်နေတာပေါ့။ ကိုယ့်လူတွေ မှတ်ပြီးတော့ သူတို့အထဲကို ဝင်သွားလိုက်ကြတာ။ ပြီးတော့မှ စကားပြောတာတွေက ရိုင်းဆိုင်းပြီးတော့ ဖမ်းခေါ်ပြီးကျတော့ အဲ့ဒီကျမှ ခွေးမှန်းသိတော့တာ။ ဖမ်းခံရပြီးတော့မှ ရန်သူမှန်းသိတာပါဗျာ။ အဲ့လိုနဲ့ မိသွားတာပါ။
မေး – ဖမ်းခံရပြီး ဘာကြုံရသလဲ။
ဖြေ- ကျနော်ကကျတော့ ဆိုင်ကယ်နဲ့။ ဆိုင်ကယ်ကို ရပ်ခိုင်း လူတွေလည်း အကုန်ဆင်းပြီးတော့ မတ်တတ်ရပ်ခိုင်းထားတာ။ ကားပေါ်ကလူတွေကလည်း အကုန်ဆင်းခိုင်း၊ လူတွေကို အကုန်ခေါ်ပြီးတော့မှ အဲ့ဒီနားက ချောင်းထဲမှာ ခေါင်းငုံ့ပြီးတော့ ငုတ်တုတ်ထိုင်ခိုင်းထားတာ။ ထိုင်ခိုင်းပြီးတော့ နောက်လာတဲ့လူတွေကိုလည်း ထပ်ဖမ်းနေတာ။ နောက်ပိုင်း ဘယ်သူမှ မလာတော့ကျမှ ကားလမ်းဘေးမှာပဲ ဝမ်းလျားမှောက်ခိုင်းထားတာ။ ဝမ်းလျားမှောက်ပြီးတော့ ယောက်ျားလေးသက်သက်၊ မိန်းကလေးသက်သက် ခွဲထုတ်ထားတာ။
ပြည်သူတွေရော၊ ကျွန်တော့်တို့အဖွဲ့တွေရောဆိုတော့ တော်တော်များတယ်ဗျ။ အယောက် အရေ(အတွက်)ကတော့ မပြောတတ်ဘူး။ ခန့်မှန်းဆို ၅၀ ကျော်လောက်တယ်။ ပြည်သူတွေလည်း တော်တော်များလိုက်သေးတယ်။ မိန်းကလေး၊ ယောက်ျားလေးခွဲပြီးတော့ ယောက်ျားလေးတွေ အကုန်လုံးကို လက်ပြန်ကြိုးတုပ်ထားတာ။ ကျနော်လည်း တုပ်ခံရတယ်။ မတုပ်ရသေးတဲ့ကောင်က ထွက်ပြေးတဲ့ကောင်ကပြေး၊ ပြေးတဲ့လူကို သူတို့က ပစ်သတ်ကြတာ။ ချောင်းထဲကို ထိုင်ခိုင်းထားရာကနေ ကုန်းပေါ်ကို ပြန်ခေါ်ပြီး ဝမ်းလျားမှောက်ခိုင်းထားတဲ့အချိန်မှာ။ ဖမ်းမိပြီး မကြာသေးခင်အချိန်မှာပါ။ အဲ့အချိန်မှာ ထွက်ပြေးတာ။ ပြေးတာက အဖွဲ့လိုက်တော့မဟုတ်ဘူး။ နှစ်ယောက်တည်း။ မြောင်းထဲကို လျှောဆင်းပြီးတော့ ထွက်ပြေးသွားတာ။ ပထမဆုံးတစ်ယောက်ကတော့ လွတ်လိုက်တယ်ဗျ၊ နောက်တစ်ယောက်က မှန်ပြီးတော့ အဲ့နားမှာတင် သေသွားတာ၊ သူတို့က ရဲဘော်တွေ။ ပြေးတာသာ မြင်တော့မြင်လိုက်တယ်။ ဒါပေမဲ့ ကိုယ့်ရဲဘော်လား၊ ဘယ်သူလည်း မသိရပါဘူး။ ပြေးသွားတာပဲ တွေ့လိုက်ရတာ။
(အဲ့ဒီအချိန်မှာ) ကျနော်က (ကြိုး) အတုပ်ခံထားရတုန်းပဲ။ ပုစဉ်းခေါင်းမောင်းတဲ့လူကိုလည်း မေးနေကြတာ။ ပုစဉ်းခေါင်းမောင်းတဲ့လူက ဘယ်သူကဘယ်ဝါ မပြောဘူး။ မပြောတော့ သေနတ်တွေ၊ ဒင်တွေနဲ့ ရိုက်နှက်မေးကြတာပေါ့။ မင်း PDF လား၊ မင်းဘာတုန်း အဲ့လိုမေးတာမျိုးလည်း မဟုတ်ဘူး။ ပုစဉ်းခေါင်းမောင်းတဲ့လူကို မေးတယ်။ တစ်ယောက်ချင်းစီကို ဘယ်ရွာကလဲ မေးတယ်။ မဖြေရင် ရိုက်နှက်ပြောတာတွေရှိတယ်။
ပြည်သူတွေကို ပြန်မလွှတ်သေးဘူး။ အဲ့ဒီကားလမ်းဘေးမှာ တိုက်အိမ်ကြီးလားမသိဘူး။ အဲ့ဒီအထဲကို ပိတ်ထားတာ။ ဖမ်းထားတဲ့ အချိန်အတွင်းကတော့ သူတို့ရိုက်နှက်ပြီးတော့ လွန်ပြီးတော့ သေသွားတဲ့တစ်ယောက်လည်းရှိတယ်။ ရိုက်နှက်များပြီးတော့ သေသွားတာ။ ကြိုးတုပ်လျက်ကြီးနဲ့ကို။ သူက ပြည်သူပဲ။ လူတွေမခွဲခင် ရိုက်နှက်မေးရင်းနဲ့ သေသွားတာ။ အဲ့လူကလည်း ကျော့မင်း(ရွာ)ကလို့ ပြောကြတယ်။
ကျနော်တို့ ဖမ်းခံလိုက်ရတဲ့အချိန်က ၈ နာရီကျော်ကျော်လောက်နေမှာခင်ဗျ။ (အဖမ်းမခံရခင်) ကျော့မင်းပြန်ရောက်ပြီး အကုန်လုံးက ထမင်းဘာညာ စားကြသေးတာ။ ထမင်းစားပြီးပြီဆိုတော့မှ အခြေအနေက အတော်ဆိုးလို့ဆိုပြီး ထွက်ကြတာ။ ကျော့မင်းကနေ ၇ နာရီကျော်ကျော်လောက် ထွက်တာ၊ ခြေရာတော် ရွာအဝင်တံတားမှာတင် ဖမ်းခံလိုက်ရတာ။ ၁၁ ထိုးလောက်အထိ ကြာမယ်ဗျ။
ကျနော်တို့ကို သူတို့ထမင်းစားနေတုန်း၊ ဘာညာလုပ်နေတုန်းကို အကြာကြီးပဲ ပစ်ထားသေးတာ။ ၁၁ ထိုးလောက်အထိ ကြာတယ်။ ကျနော်တို့မှာ တစ်ရေးကို အိပ်လိုက်ရသေးတယ်ဗျ။ ပြီးရင် လက်နက်ကြီးတွေနဲ့ ရွာထဲကို လျှောက်ပစ်သေးတာ။ ခြေရာတော်ရွာထဲ လျှောက်ပစ်တယ်။ မှတ်ပုံတင်တွေ့တဲ့ ကောင်တွေကို စစ်တဲ့ကောင်တွေလည်း စစ်နေကြတာပေါ့။
မေး – ဘယ်လိုထွက်ပြေးလွတ်မြောက်လာခဲ့သလဲ။
ဖြေ- နောက်ပိုင်းကျတော့ PDF တွေနဲ့ ဟိုဟာ (အရပ်သား)တွေနဲ့ ခွဲတာပေါ့။ ဖမ်းထားသူတွေထဲက တစ်ယောက်ကို မေးတော့ အဲ့ဒီတစ်ယောက်က အကုန်လုံးပြောလိုက်တော့၊ ၂၀ နဲ့ ဘယ်လောက်ဆိုလား။ အဲ့ဒါနဲ့ PDF က PDF သက်သက် ပြန်ဖြစ်သွား၊ ယောကျ်ားသားပြည်သူက သက်သက်ပြန်ဖြစ်သွားတာ။ ကျနော်ကလည်း PDF အဖွဲ့ထဲမှာ။
လူခွဲပြီးတော့ (PDF တွေ စီးလာတဲ့) ကားပေါ်ကနေ ယူနီဖောင်းတွေ ထုတ်လိုက်ပြီးတော့ ကားလမ်းပေါ်မှာ ပုံထားလိုက်တယ်။ ပြီးတော့ ကျနော်တို့ PDF တွေကို တစ်ယောက်ကို တစ်ခုစီ ဝတ်ခိုင်းလို့ ဝတ်ရတယ်။ ဝတ်ပြီးတော့ ကျနော်တို့ကို ပစ်ကန်တော့တာ။ ကန်ပြီးတော့မှ ဓာတ်ပုံတွေ ဘာညာ ရိုက်သေးတယ်။ တစ်ယောက်ချင်းစီ ရိုက်သေးတာ။ ရိုက်ပြီးတော့မှ လက်ပြန်ကြိုးပြန်တုပ်ပြီးတော့ ဝမ်းလျားမှောက်နဲ့ ပစ်ထားသေးတာ အကြာကြီးပဲ။
တစ်ယောက်နဲ့ တစ်ယောက်က စကားတွေ ပြောဖြစ်တာက ဒီကောင်တွေက ဒီရှေ့ကို ဘယ်လိုဖြစ်လို့ ကြိုရောက်နေတာတုန်းဆိုတာကို အံ့အားသင့်ပြီးတော့ အဲ့ဒါကိုပဲ တစ်ယောက်နဲ့တစ်ယောက် ပြောဖြစ်ကြတာ။ ခေါင်းငုံ့ဆိုရင် ငုံ့ပဲငုံ့နေရတော့ ဘယ်သူ့မှလည်း စကားလည်း အများကြီး မပြောဖြစ်ကြဘူးဗျ။
စသူတို့လည်း ဖမ်းပြီး၊ ခွေးမှန်းလည်း သိရော။ ပြေးဖို့ရာ လမ်းကြည့်ကြတာပေါ့။ တူတူပါတဲ့ကောင်တွေကလည်း ပြေးချင်ကြတာ။ ပြေးဖို့ရာ ကြည့်တော့ တံတားပေါ်မှာလည်း ဖြစ်နေတာ။ ပြီးကျတော့ ကိုယ့်ရှေ့က ပြေးတဲ့ကောင်တွေလည်း ပစ်သတ်နေတာဆိုတော့ အဲ့မှာတင် မပြေးရဲတော့ဘဲ ဖြစ်သွားတာ။ မပြေးရဲတော့ဘဲ အဲ့မှာ ငြိမ်ခံနေလိုက်ရတာပါ့။
သူတို့က ထမင်းစားသောက်၊ စားသောက်ပြီးတော့မှ သတ်ဖို့ဆိုပြီး ငါးယောက်တစ်တွဲ ခေါ်သွားတာ။ ခေါ်သွားပြီးတော့ ပထမဆုံး ငါးယောက်တစ်တွဲကို တံတားဘေးမှာ အတော်လေးနေတော့ သေနတ်သံ ၅ ချက်၊ ၆ ချက် ကြားတာပေါ့။ သူတို့က ပြေးတဲ့လူကို ပစ်နေတော့ မပြေးရဲတော့ဘူးပေါ့။ နောက်ပိုင်းမှာတော့ သတ်မှာတူတူပဲဆိုပြီးတော့ သူတို့လက်ထဲ မသေဖို့ရာ အရေးကြီးတယ်ဆိုပြီး ပြေးဖို့ရာ အတွေးလေး ပြန်ဝင်လာတာ။ အဲ့အတွေးက တော်တော်ကြာမှာပေါ့၊ ပထမ ငါးယောက်တွဲ သတ်ပြီးသွားမှ အတွေးက ဝင်လိုက်တာ။
ကျနော် ဘေးကကောင်ကို ပြောတယ်။ ဟိုမှာ ပစ်သတ်နေပြီနေမှာလို့ ပြောပြီး ပြေးဖို့ရာ တိုင်ပင်တာပေါ့။ ကိုယ့်ဘေးရှိတဲ့လူနဲ့ တိုင်ပင်ရတာ။ အဲ့လိုနဲ့ တစ်ဆင့်တစ်ဆင့်ချင်း မင်းဘေးကလူကိုလည်း ပြောလိုက်ဦး၊ ငါ့ဘေးကလူလည်း ပြောလိုက်မယ်၊ ပြေးဖို့ဆိုပြီး တိုင်ပင်ပြီးတော့။ အဲ့ငါးယောက်ပြီး၊ ကျနော်တို့ ငါးယောက်တွဲကို ခေါ်တာဗျာ။ အဲ့အချိန်မှာ တံတားပေါ်မှာ ကျနော်တို့ကို နောက်ကို ကျောပေးပြီး လှည့်လိုက်တဲ့။ လှည့်လိုက်ဆိုပြီးတော့ ကျောပေးလှည့်လဲလှည့်တုန်း၊ ကျနော်တို့ ငါးယောက် အောက်ထဲကို ဆင်းပြီး ပြေးတော့တာ။
သူတို့ (ရန်သူ) က၊ သတ်တဲ့လူက တံတားပေါ်မှာ၊ အဲ့နားမှာ လေးငါးယောက်လောက် နေတယ်။ ကားလမ်းပေါ်မှာတော့ တစ်ကွဲတစ်ပြားစီနေတဲ့ကောင် နေနေတာ၊ အင်အားက ၃၀ ကျော်လောက်ရှိတယ်။ ဒီကောင်တွေက အရပ်ဝတ် ဘောင်းဘီတိုတွေနဲ့ပဲ။
ကျနော်တို့ ငါးယောက်ကို ခေါ်တဲ့အချိန် ကျောလှည့်ဖို့ ပြောတဲ့အချိန် ကျနော်ကနေပြီးတော့မှ ပြေးဆိုပြီး အော်ပြောတဲ့အချိန် ငါးယောက်လုံး အကုန်တူတူ ထွက်ပြေးတာ။ ပြေးတော့ ကျနော်တို့ ဝါးတစ်ပြန်လောက်ပဲ ပြေးလိုက်နိုင်တယ်။ လေးယောက်က ကျသွားတယ်။ ကျနော့်ကိုကျတော့ မမှန်ဘူး။
ဘယ်လိုဖြစ်သွားတုန်းဆိုတော့ ပြေးပေါက်က တစ်ပေါက်တည်း၊ တစ်ပေါက်ကလည်း အပေါက်လည်းမဟုတ်ဘူးဗျာ၊ ဆူးခက်တွေနဲ့ အဲ့ဒါကိုမှ လူငါးယောက်က ပြုံတိုးနေကြသလိုဖြစ်သွားတာ၊ အဲ့ဒါကိုမှ ကျနော်က ရှေ့ဆုံးကဖြစ်နေတော့ ကျွန်တော့်ကိုမထိဘဲ သူတို့က နောက်က ခံပေးသလိုဖြစ်သွားတာ၊ အဲ့လိုကြောင့် မှန်သွားတာ။ လယ်ကွက်ကြီးကို ခြံစည်းရိုးခတ်ထားတဲ့ အပေါက်လေးရှိနေတာ၊ ဆူးခက်တွေနဲ့ ကားထားတာ။ အဲဒါကို ကျော်ပြေးကြတာ။ သတ်မယ့်နေရာနဲ့ အပေါက်နဲ့က မဝေးဘူးနီးနီးလေးပါပဲ။ ဝါးတစ်ပြန်ပဲ ထားပါ။
ကျနော်က ပြေးချင်စိတ်ကဖြစ်နေတော့ ထိပ်ဆုံးက ဖြစ်နေတာပေါ့။ (ကျန်တဲ့သူတွေက) အပေါက်နားလေးအထိကို ရောက်မလာဘူး။ ဒါပေမဲ့ တစ်ယောက်က ရောက်လာတယ်။ အပေါက်ရဲ့ ဒီဘက်ကို ရောက်လာသေးတယ်။ ရောက်လာပြီးမှ သူကလည်း မှန်သွားတာ။
ပထမဆုံးကတည်းက လွတ်ဖို့ရာက မမြင်တော့ဘူး။ ကိုယ့်လူတွေ သေရင် ကိုယ်လည်း သေရမှာပဲလို့ တွေးထားတာ။ သေဖို့ရာပဲ ခံယူထားတာ။ ဒါပေမဲ့ ကျနော့်ကို လက်ပြန်ကြိုးတုပ်တဲ့ ကြိုးက ပြေနေတာရော။ ကိုယ့်ကိုသတ်မဲ့နေရာနဲ့ ပြေးပေါက်နဲ့က ကွက်တိဖြစ်နေတာနဲ့ အဲ့ဒါကြောင့်မို့လို့ လွတ်လာတာ။ ကြိုးချည်တဲ့ကောင်ကလည်း မူးနေတာကိုး။ ကြိုးကလည်း ပုဆိုးစနဲ့ချည်တာဆိုတာ့ ချည်ချည်ပြီးချင်းကို ပြေနေတာ၊ အဲ့လိုမျိုး။
မေး – လွတ်လာပြီးတော့ ဘယ်လို ပုန်းအောင်းနေခဲ့ရလဲ
ဖြေ-အပေါက်ထဲကို ဝင်ပြီးတော့ ကျနော်က ချောင်းခြောက် (ရေမရှိသည့်ချောင်း) ကြီးထဲ ပြုတ်ကျသွားတာ၊ အဲ့ဒီမြောင်းခြောက်အတိုင်းကို ပြေးတော့တာ၊ နောက်ကို လှည့်မကြည့်တော့ဘူး။ သူတို့ကတော့ ကျွန်တော့်ဘေးမှာတင် လဲသွားတာဆိုတော့ မြင်တော့မြင်တာပေါ့။ ကျနော်က အနောက်ဘက်ကို ပြေးတာ၊ ဘယ်ကိုမှ မရောက်ဘူး။
တောထဲမှာတင် လည်ပြီးတော့ ကားလမ်းပေါ် ပြန်ရောက်သွားတာ၊ ကားလမ်းပေါ်ဆိုတာ ကျော့မင်းနားက တံတားနားကို ပြန်ရောက်သွားတာ၊ မမှတ်မိသေးပါဘူး။ ရှေ့ဆက်ပြေးလိုက်မှ အုတ်ဂူတစ်လုံး တွေ့တာ၊ တွေ့မှ ကျော့မင်းနားရောက်နေပြီဆိုတာ သိတာ။ အဲ့နားမှာက အင်းကြီးကလည်း ရှေ့မှာဆိုတော့ အင်းကြီးထဲ ဆင်းပြီး နေလိုက်တာဗျ။ ငြိမ်ငြိမ်လေးနေလိုက်တာ။ သူတို့နဲ့ လွတ်ရာကို ပြေးပြီးတော့ ရွာ့ရှေ့က အင်းကြီးထဲမှာပဲ နေနေတာ။ ခေါင်းလေးဖော်ပြီး ငုတ်တုတ်လေးထိုင်၊ သစ်ပင်လေးကိုင်ပြီး နေနေတာ။ မနက်မိုးလင်းအထိပဲ။
ပြေးရင်းလွှားရင်း ပစ်သံတွေက ထပ်ကြားတော့ ကိုယ့်ရဲဘော်တွေ ထပ်သတ်ခံနေရတာတော့ သိတာ။ အင်းထဲမှာကို တော်တော်ကြာတာ၊ မနက်မိုးလင်းဖို့ကို စောင့်နေတာ။ (အင်းရေ) အေးတယ်။ အေးလည်း အသက်ဘေးက လွတ်အောင်ပြေးလာတာ။ သူတို့ဆီလည်း ပြန်မိမှာ စိုးရိမ်တော့ကျတော့ အဲ့အင်းမှာ ပြန်နေလိုက်တာ။
နောက်ကျတော့ မီးရှို့တဲ့ မီးတောက်ကြီးက သူတို့နားကနေ မြင်နေရတာ။ အလောင်းတွေကို မီးရှို့နေတာလို့ ထင်တာ။ အမှန်က ကားကြီးကို မီးရှို့နေတာ။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း မသိဘူး။ ကျော့မင်းရွာနား ရောက်နေပြီလို့သာ သိတာ၊ ဘယ်ဘက်ရှိမှန်းမသိဘူး။ သူတို့ရှိတဲ့နေရာကိုပဲ သိနေတာ။ အင်းစပ် ဘေးလေးမှာ တချို့ မီးပွင့်လေးတွေ တွေ့လိုက်ပြီဆိုရင် ကျွန်တော့်ကို လိုက်ရှာနေပြီလို့ ထင်နေတာ။ ငါးခုတ်တဲ့ကောင်တွေလို ထင်လို့ထင်၊ အဲ့ကောင်တွေ နောက်က လိုက်ရှာတယ်လို့လည်း ထင်လို့ထင်။ အဲ့လိုမျိုးတွေ တွေးနေတာ။
အဲ့ထဲနေရတာ တော်တော်ချမ်းလာတော့ ကုန်းပေါ်တက်ချင်တယ်။ မတက်ရဲတာနဲ့ အင်းထဲမှာ ပြန်ပြီး နေနေရတာ။ ဘေးက အကူအညီလိုချင်တာ။ လိုချင်လည်း ဘယ်သူမှ ဘေးမှာ မရှိဘူးဆိုတော့ အကူအညီလည်း တောင်းမရဘူး။ နောက်ပိုင်းမှ မီးပွင့်လေးတွေက စစ်ဘေးရှောင်တဲ့သူတွေ၊ ဖုန်းလာလို့ မီးလေးတွေ လင်းလင်းလာတာတဲ့။ အဲ့ကောင်ကလည်း သူငယ်ချင်းဖြစ်နေတာ။ သူက အဲ့နားမှာ စစ်ဘေးရှောင်နေတာ။ အသံတွေ ကြားနေရတာ၊ စကားပြောသံ ကြားလိုက်ရ၊ မီးလေးက လင်းလင်းလာလိုက် အဲ့လိုဖြစ်နေတာ။ အကြာကြီးပဲ နေသေးတယ်။ တစ်ခါတလေလည်း ငိုက်ငိုက်သွားတာ၊ ရေထဲမှာ။ ဒါပေမဲ့ အိပ်လို့လည်း မရဘူး။ ရေနဲ့ ထိနေတာဆိုတော့။ မနက်မိုးလင်းအထိကို စောင့်နေတာ။ စောင့်နေရလို့လား မသိဘူးဗျာ။ ကြာတာပေါ့၊ နေရတာ။
မေး – ပုန်းခိုနေရင်း စောင့်နေတဲ့ မနက်လင်းချိန်ကို ရောက်တော့ ဘာလုပ်သလဲ။
ဖြေ- (မိုး)လင်းလင်းချင်း ကျော့မင်းရွာနားရောက်နေတာဆိုတော့ ရွာဘက်ကို သွားမယ်လို့ပဲ တွေးထားတာ။ ဒါမှမဟုတ်ရင် ကျွန်တော့်နားမှာ မြှုံးတွေရှိတယ်လေ၊ ငါးဖမ်းတဲ့မြှုံးတွေလေ၊ အဲ့မြှုံးတွေကို လာဖော်မယ့် လှေသမားကိုလည်း မျှော်သေးတာ၊စောင့်နေသေးတာ။ ကျော့မင်းရွာထဲကိုလည်း မဝင်ရဲသေးဘူး။ အဲ့လိုလည်း ရှိသေးတယ်။
မနက်လင်းလင်းချင်းပဲ အိမ်လေးတွေ မြင်ရပြီဆိုမှ စထွက်တာ။ ကျော့မင်းရွာဘုန်းကြီးကျောင်းကို သွားလိုက်တာ။ လူကြီးတစ်ယောက်ကို တွေ့တော့ လှမ်းခေါ်လိုက်တယ်။ အဝတ်အစားက မပါတော့ ပုဆိုးလေး အကူအညီလှမ်းတောင်းပြီး လဲပြီးမှ ကျောင်းထဲ ဝင်သွားတာ။ ကျောင်းထဲမှာ စစ်ဘေးရှောင် နည်းနည်းတွေ့တယ်။ ကျနော်က တစ်ရွာသား၊ ကျွန်တော့်ကို သူတို့က မသိကြဘူး။
ပြီးတော့ ကျွန်တော့်မိသားစု စစ်ဘေးရှောင်နေတဲ့နေရာကို အရင်သွားလိုက်တာ။ မိသားစုဆီရောက်တော့ မနက် ၆ နာရီကျော်ကျော်လောက် ဖြစ်မလားပဲ။ မိန်းမက လက်ဖက်ရည်လေး မု့န်လေးကျွေးတယ်။ ဘယ်သူဘယ်ဝါတော့ ကျသွားပြီဆိုပြီး ပြောဖြစ်တယ်။ သူတို့ကလည်း စိတ်ပူနေတာဆိုတော့ ကျနော်လွတ်လာတော့ ပျော်ကြတာပေါ့၊ ဘယ်လိုလွတ်လာလည်း ဝိုင်းမေးကြတော့ ပြောဖြစ်သေးတယ်။ မိသားစုဆီ ရောက်ပြီးမှ ဒီမှာနေရတာ စိတ်မချဘူးဆိုပြီး၊ တပ်ဖွဲ့က ဘယ်မှာလည်း ဖုန်းဆက်မေးပြီး ရှိတဲ့နေရာဆီသွား၊ ပြန်ဆုံကြရတာ။
မေး – အသက်ဘေးကနေ လွတ်လာတဲ့အပေါ် စိတ်ထဲ ဘယ်လိုနေလဲ။
ဖြေ- အသက်ဘေးက လွတ်လာပြီဆိုတော့ ပျော်တော့လည်း ပျော်တာပေါ့။ ကိုယ့်ကောင်တွေအတွက်ကျလည်း စိတ်မကောင်းဖြစ်မိတာပေါ့။ ကိုယ့်ဘေးတင် ဆုံးသွားတဲ့ကောင်တွေဆို မျက်လုံးထဲကကို မထွက်ဘူး။ ကိုယ်က ကံကောင်းလို့ မသေတာလား၊ သေနေ့မစေ့သေးလို့ မသေတာလာလည်း တွေးမိတယ်။
ကျသွားတဲ့ ရဲဘော်တွေထဲက ကိုယ့်အဖွဲ့ထဲက လူတွေ အကုန်သိတာပေါ့။ အဖွဲ့ထဲက ၁၆ ယောက်ကျတယ်လို့ ပြောကြတယ်။ ဘော်ဒီ (ရုပ်အလောင်း) တွေ သွားကောက်တော့ ကျနော့ကို ခေါ်တော့ခေါ်တယ်။ ဒါပေမဲ့ ကျနော်က ထမင်းစားဖို့ လာခေါ်တဲ့နောက် ပါသွားတော့ ဟိုဘက် မပါသွားတော့ဘူး။
ရဲဘော်တွေအတွက်ကတော့ ကိုယ့်ဘေးကကောင်တွေက မိန်းမနဲ့ ကလေးတွေ ရှိနေကြပြီဆိုတော့ စိတ်မကောင်းဖြစ်တယ်။ နောက်ပြီး ကိုယ့်ရဲဘော်တွေက ဘာမှမလုပ်လိုက်ရဘဲ သေသွားကြတော့ ခံပြင်းတာပေါ့ဗျာ။ ပြန်မခုခံလိုက်ရဘဲ၊ ဒီအတိုင်းကြီးသေသွားကြတဲ့အတွက်လည်း တော်တော် ခံပြင်းတယ်။ စောစောကတော့ ဖမ်းထား၊ တုပ်ထားပြီးတော့ သတ်မယ်လို့လည်း မပြောဘူး။ ထောင်ချမယ်လည်း မပြောဘူး။ ကိုယ့်စိတ်ထဲတော့ မသတ်လောက်သေးဘူးပဲ ထင်မိသေးတာကိုး၊ ထောင်တို့ဘာတို့များ ပို့မလားလို့ ထင်သေးတာကိုး။ ပထမဆုံး ငါးယောက်ခေါ်သွားတော့ သေနတ်သံကြားတော့မှ သတ်မှန်း တွေးမိတာပေါ့။ ခုလို ရက်ရက်စက်စက်ကြီး သတ်မယ်လို့ မထင်ထားဘူးပေါ့။
ပထမဆုံး ထပြေးသွားပြီး လွတ်သွားတဲ့ ရဲဘော်နဲ့က ကျနော်နဲ့ ဆုံကို မဆုံးဖြစ်သေးဘူး။ တခြားသူတွေတော့ တွေ့ကြတာရှိပေမယ့် ကျတော်နဲ့ မဆုံဖြစ်ကြသေးတာ။ သူကလည်း ဘယ်ပြေးပုန်းနေလို့ နေမှန်းမသိဘူး။ ကျနော်ကလည်း တစ်ဖက်မှာ ပုန်းနေတာကိုး။ သူဘယ်ရောက်လို့ ရောက်မှန်းကိုမသိ။
မေး – ဒါကို ကြုံတွေ့ပြီးတော့ တော်လှန်ရေးနဲ့ ပက်သက်ပြီး ဆက်လုပ်မလဲ။
ဖြေ- တော်လှန်ရေးက ကျနော်ကတော့ ဆက်လုပ်ချင်တာ။ အမေကတော့ မတရားကို ကြောက်တော့၊ သေသွားတဲ့အထဲမှာလည်း သူ့တူက ပါနေတာဆိုတော့ ကျနော့်လည်း ဆုံးရှုံးရမှာ ကြောက်နေတာ။ သေသွားတဲ့အထဲ ကျွန်တော့်အကို (တစ်ဝမ်းကွဲ) ပါသေးတာ၊ သူက ပထမဆုံး ငါးယောက်သတ်တဲ့အထဲ ပါသွားတာ။
အမေစိတ်ချမ်းသာအောင်တော့ နေပေးရဦးမယ်၊ နောက်မှ ခေါင်းဆောင်နဲ့ တိုင်ပင်ပြီးတော့ ဘာလုပ်ရမလဲ စဉ်းစားချင်သေးတာပေါ့။
(လုံခြုံရေးအရ ကိုလူကလေး၏ အမည်ရင်းနှင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရေးသားနိုင်ခြင်းမရှိပါ)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။