မေးမြန်းခန်း

“တော်လှန်ရေးဟာ စစ်တိုက်တာတစ်ခုတည်းမကဘူး” − KNU ပြောခွင့်ရ ပဒိုစောတောနီး

စစ်ကောင်စီက ကောက်ကာငင်ကာ ပြဋ္ဌာန်းအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် စစ်တပ်အာဏာတည်မြဲရေး ကြိုးပမ်းချက်သာဖြစ်ပြီး လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU က ဆိုသည်။

စစ်ကောင်စီက ကောက်ကာငင်ကာအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် စစ်တပ်အာဏာတည်မြဲရေး ကြိုးပမ်းချက်သာဖြစ်ပြီး လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ကဆိုသည်။

ထိုဥပဒေကို ဆန့်ကျင်ရန် KNU က တိုက်တွန်းထားပြီး လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တုံ့ပြန်ရန်လည်း ဆော်ဩထားသည်။ စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့် တိမ်းရှောင်လာကြသူများကိုလည်း အကူအညီပေးမည်ဟု ကြေညာသည်။ လူငယ်များ၊ ပညာတတ်များအနေဖြင့် KNU ၏ ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကမ်းလှမ်းထားသည်။

စစ်မှုထမ်းဥပဒေအပေါ်အမြင်၊ ထိုဥပဒေကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်များနှင့် တိမ်းရှောင်လာသူများကို ကူညီနိုင်မည့်နည်းလမ်များနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်အပေါ် KNU က ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ – တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူးဆိုတာ ပြည်သူလူထုတွေကိုယ်တိုင်က အကြိမ်ပေါင်းမြောက်မြားစွာ ရွေးကောက်ပွဲနဲ့ သက်သေပြခဲ့တယ်လေ။ ၁၉၉၀ ခုနှစ်က တစ်ခါ၊ နောက်ဆုံးအကြိမ် ၂၀၂၁ ပေါ့နော်။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) မသိကျိုးကျွန်ပြုပြီး လုံးဝဂရုမစိုက်ဘဲ လုပ်ခဲ့တယ်။ အခုနောက်ဆုံး ၂၀၂၁ အာဏာသိမ်းမှုဟာ လူငယ်လူရွယ်တွေ ခံပြင်းတယ်ဆိုတာ လုံးဝသိသာနေတယ်။

စစ်တပ်ဘက်က တွေးတာက သူတို့ချေမှုန်းလိုက်ရင် ခဏလေးနဲ့ ပြုတ်သွားမှာပဲဆိုပြီး တွေးတယ်။

ဒါပေမဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာ လွတ်မြောက်မှုရဲ့ အရသာ လွတ်လပ်ရေးအရသာကို မြည်းစမ်းခဲ့ဖူးပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီလွတ်မြောက်မှုအတွက် ပေးဆပ်ဖို့ အသင့်ဖြစ်တယ်ဆိုတာကို စစ်ကောင်စီဘက်က လျှော့တွက်ထားတာလေ။ အခုကျတော့ ဘယ်လိုမှ မရှူနိုင်မကယ်နိုင် ဖြစ်သွားပြီ။

ချေမှုန်းလို့လည်း မရတော့ဘူး။ ချေမှုန်းရင်းနဲ့ပဲ တော်လှန်ရေးဘက်က အင်အားတွေ တဖြည်းဖြည်း ကြီးထွားလာပြီး သူတို့ (စစ်ကောင်စီ) ဘက်က အင်အားတွေ ဆုတ်ယုတ်လာတယ်။ သူတို့ထဲမှာ စစ်သားလုပ်မယ့်လူ ရှာလို့မရတဲ့အခါကျတော့ ဒီဟာကို ထပြီးသုံးလာတာ။

မေး – စစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်း KNU က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဘာကြောင့် ကန့်ကွက်တာလဲ။

ဖြေ – စစ်မှုထမ်းဥပဒေဆိုတာ သူတို့လို အာဏာမတရားရယူပြီးတော့ ဘာမှတရားဝင်မှုမရှိတဲ့သူတွေ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ပြည်ပရန် ကာကွယ်ဖို့ဆိုတာလည်း ဘယ်ပြည်ပရန်မှ မရှိတဲ့အချိန်မှာ ဒါက သက်သက်မဲ့ လူငယ်တွေကို သူတို့အာဏာတည်မြဲရေးအတွက် ဖျက်ဆီးလိုက်တဲ့ဟာပဲ။ အဲ့ဒါကြောင့်မို့လို့ သူတို့လုပ်တဲ့ဟာကို ကျွန်တော်တို့ ကန့်ကွက်တယ်။ 

မေး – စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့ လူငယ်တွေကို KNU အနေနဲ့ ကူညီပေးသွားမယ်လို့လည်း သိရပါတယ်၊ ဘယ်လိုမျိုး ကူညီပေးသွားမှာပါလဲ။

ဖြေ – လူငယ်တွေကို ကူညီသွားမယ့်အပိုင်းက ကျွန်တော်တို့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်း ပြောထားပါတယ်။ အဓိကကျတာကတော့ မတရားတဲ့ ဒီစစ်မှုထမ်းဥပဒေကြီးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရရာနည်းလမ်းတွေနဲ့ ဆက်ပြီးတော့ မပူးပေါင်းမပါဝင်ဖို့ နောက်ပြီးတော့ နိုင်ငံရေးအန်တုမှုနည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ မလွှဲသာမရှောင်သာလို့ ရင်ဆိုင်ကြရပြီဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲကြဖို့ ဒါတွေကို ကျွန်တော်တို့ ပြောနေကျပဲလေ။

ဒါပေမဲ့ အဲ့ဒါက ကူညီတဲ့ အပိုင်းမှာတော့ ကိုယ့်ရဲ့ ဆိုင်ရာဆိုင်ရာ ကဏ္ဍအသီးသီးမှာ ရှိနေကြပါတယ်။ ပြောချင်တာက စစ်မှုထမ်းတာကို လက်မခံဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှောင်ကြ၊ ရှားကြ ဆန့်ကျင်ကြ နည်းလမ်းပေါင်းစုံနဲ့ပေါ့၊ ဘယ်လိုမျိုး ကူညီနိုင်မလဲဆိုတာတော့ ကျွန်တော်တို့ အကြံဉာဏ်ပေးတဲ့ သဘောမှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့လို့ မလွှဲသာမရှောင်သာ ဖြစ်လာတဲ့အခါမှာ ဆက်ပြီးတော့ လုပ်ရမယ့်အပိုင်းတွေ ရှိပါသေးတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို အခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ​ – KIC)

မေး – KNU ထိန်းချုပ်နယ်မြေတွေကို တိမ်းရှောင်လာတဲ့ လူငယ်တွေကို လက်ခံပေးသွားဖို့ ရှိမလား။

ဖြေ – အဲ့ဒီအပိုင်းမှာတော့ ထွက်ပြေးလာပြီဆိုရင် လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ကျွန်တော်တို့က မောင်းထုတ်လို့လည်း မဖြစ်ဘူးလေ။ အစဉ်အဆက် တစ်လျှောက်လုံးမှာလည်း ဒုက္ခရောက်တဲ့သူတွေကို လက်ခံကူညီခဲ့တာတော့ ရှိတာပဲလေ။ ဒါကတော့ ငြင်းပယ်လို့မရတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဘယ်လိုဖြစ်လာမလဲဆိုတာ စဉ်းစားရမယ့် အပိုင်းတွေတော့ ရှိတာပေါ့။

မေး – တချို့လူငယ်တွေက စစ်တပ်ဘက်မှာလည်း စစ်မှုမထမ်းချင်ဘူး။ KNU နယ်မြေတွေကို လာရင်လည်း စစ်မှုထမ်းရမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ရှင်းရှင်းလင်းလင်း ပြောပေးလို့ရမလားခင်ဗျာ။

ဖြေ – တစ်ချို့လူငယ်တွေက စစ်တပ်ထဲမှာလည်း စစ်မှုမထမ်းချင်ဘူး။ ပြေးလည်းပြေးလာကြတယ်။ ဒါပေမဲ့ KNU ဆီမှာလည်း စစ်မှုမထမ်းချင်ဘူးဆိုတော့ ဒါလည်း ဖြစ်နိုင်တာပဲလေ။ တစ်ခုပဲ ပြောချင်တာကတော့ ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ တော်တော်များများကို ပြန်ပြီးတော့ ရယူနိုင်တဲ့ အနေအထားမှာ ရှိတဲ့အခါကျတော့ နိုင်ငံတကာက စိုးရိမ်နေတဲ့ အာဏာလေဟာနယ်တစ်ခု မဖြစ်ဖို့ အတွက်ဆို အရမ်းစိုးရိမ်ကြတယ်။

ဒါက ဘာကို ပြောလဲဆိုတော့ စကစဘက်က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ကျွန်တော်တို့ သေချာ မထိန်းချုပ်နိုင်ဘူး၊ မအုပ်ချုပ်နိုင်ဘူးဆိုရင် တရားဥပဒေစိုးမိုးမှုတွေကလည်း ပျက်စီးယိုယွင်းလာမယ်။ နောက်ဆုံး ပြဿနာအကြီးအကျယ် ဖြစ်လာနိုင်မယ်၊ ခိုးဆိုးလုယက် ဓားပြတိုက်တာတွေ ရှိလာမယ်။

ပြောချင်တာက ဒါတွေကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ ပြင်ဆင်ထားတယ်။ ဒါတွေ လုပ်ဖို့ လူငယ်တွေ အများကြီးလိုအပ်ပါတယ်။ စစ်မတိုက်ချင်ဘူးဆိုရင်လည်း အထူးသဖြင့် အုပ်ချုပ်ရေးလုပ်ငန်းမှာ ကျွန်တော်တို့ရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေးတွေ အားလုံးမှာလည်း လူငယ်တွေ အများကြီး လိုအပ်နေပါတယ်။

ပညာတတ်ပြီး စစ်မတိုက်ချင်ကြဘူးဆိုရင်လည်း ဒါတွေလုပ်လို့ရပါတယ်။ လူငယ်တွေ စိတ်ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးဟာ စစ်တိုက်တာ တစ်ခုတည်းမကဘူး။ တော်လှန်ရေးကာလအတွင်းမှာ စစ်တိုက်တာလည်း ရတယ်။ အုပ်ချုပ်ရေးလုပ်ငန်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်ချင်လည်း ရတယ်။ ဒါပေမဲ့ တစ်ခုမှ မလုပ်ချင်ဘဲနဲ့ မှီခိုသက်သက်ဆိုရင်တော့ ရေရှည်မှာ ပြဿနာရှိတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောရမယ်။ ကျွန်တော်တို့က တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်။ ဘာမှ ပြည့်စုံကုံလုံမှုမရှိဘူး။

လက်ရှိတော်လှန်စစ်ကို ဆင်နွှဲနေတဲ့ အချိန်မှာတောင် ထွက်ပြေးနေရတဲ့ ပြည်သူပေါင်းဟာ နောက်ဆုံးစာရင်းဇယားအရ ၇၆၄,၅၅၅ ယောက်ဆိုတာ နည်းနည်းနောနော အရေအတွက်မဟုတ်ဘူး။ အဲ့ဒါကို ဖြေရှင်းနေရတယ်ဆိုတော့ ထွက်ပြေးလာပြီးတော့ တော်လှန်ရေးဘက်မှာ ဘာမှ မလုပ်ချင်မကိုင်ချင်ဘူး အကုန်လုံးက မှီခိုသက်သက်ဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။ ဒါကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ တော်လှန်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ရင်တော့ အကောင်းဆုံးပေါ့နော်။

မေး – တခြား ဘာများ ဖြည့်စွက်ပြောလိုပါသလဲ​။

ဖြေ – နောက်ဆုံးပြောချင်တာက အတင်းအကျပ် စစ်မှုထမ်းတဲ့ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အပေါ် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့်ဟာက တိုင်းပြည်မှာ သေချာသွားပြီ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဂယက်ရိုက်တာ မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေပါ အကုန်လုံးဒုက္ခရောက်ကုန်မှာ အဲ့ဒီထွက်ပြေးလာမယ့် လူဦးရေက နည်းတာမဟုတ်ဘူး။

အဲ့ဒါကြောင့်မို့လို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်ပန်ကြားလိုတာက ဒီတခါတော့ လက်မနှေးကြပါနဲ့တော့ စစ်တပ်က သူလုပ်စရာရှိရင် ဘာမှကြည့်တာမဟုတ်ဘူး။ အခုလည်း တိုင်းသူပြည်သားတွေကို အဝီစိထဲ တွန်းချလိုက်ပြီ။ သူက တစ်ယောက်တည်း မသေတော့ဘူး တိုင်းသူပြည်သား လူငယ်တွေကို ဆွဲခေါ်ပြီး အဝီစိတွင်းနက်ထဲကို ဆွဲချပြီ။

အဲ့ဒီလိုအဖြစ်မျိုးကို နိုင်ငံတကာက ဒီအတိုင်း ရပ်ကြည့်မနေဘဲနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လုပ်ရတော့မယ်။ ရှိထားတဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ပြီးတော့ လုပ်ရမယ့် အပိုင်းတွေကို လုပ်ပါလို့ တင်ပြတောင်းဆိုချင်ပါတယ်။

Show More

Related Articles

Back to top button