မေးမြန်းခန်း

“ချင်းပြည်ရဲ့အနာဂတ်ဟာ ဖက်ဒရယ်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ” အင်တာဗျူး

ချင်းတောင်တန်းများတွင် စစ်ကောင်စီ၏အုပ်ချုပ်မှုကို အန်တုမည့် ချင်းပြည်အစိုးရအဖွဲ့ကို နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသည့် ဝန်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ချင်းပြည်ကောင်စီက ကြေညာသည်။ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၏ ကန့်ကွက်မှုများကြားမှ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဦးဆောင်မှုဖြင့် ချင်းပြည်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ကန့်ကွက်မှုများကြားမှ ဖွဲ့စည်းလိုက်သည့် ချင်းပြည်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မတူပီမြို့နယ် လွှတ်တော်အမတ် ဦးပါထန်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးပါထန်းသည် မန္တလေး ရတနာပုံတက္ကသိုလ်မှ ဥပဒေဘွဲ့ရခဲ့သူဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ်ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်သွားပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ Chinland Council တွင် ချင်းအမျိုးသားတပ်ဦး (CNF) က ဥက္ကဋ္ဌနေရာ တာဝန်ယူထား၍ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အနေဖြင့် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ကို လက်ခံယူရခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူ ဦးပါထန်းက ပြောသည်။

ချင်းပြည်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်တာဝန်ကို လက်ခံရယူဖြစ်ပုံ၊ ချင်းပြည်အစိုးရဖွဲ့သည့်အပေါ် ကန့်ကွက်နေသည့် အဖွဲ့များနှင့် ညှိနှိုင်းသွားမည့် အစိုးရအဖွဲ့၏ သဘောထားနှင့် အနာဂတ် ချင်းပြည်ကို တည်ဆောက်သွားမည့် ချင်းပြည်အစိုးရ၏ သဘောထားအမြင်များကို သိရှိနိုင်ရန် ဦးပါထန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – ချင်းပြည်အစိုးရဖွဲ့စည်းဖြစ်ပုံနဲ့ နိုင်ငံရေးရည်ရွယ်ချက်၊ မျှော်လင့်ချက်တွေနဲ့ ချင်းပြည်နယ်ကို ဘယ်လိုပုံစံမျိုး တည်ဆောက်သွားမလဲဆိုတာ သိလိုပါတယ်။

ဖြေ – Chinland Council ပေါ်ပေါက်တဲ့ကိစ္စနဲ့ ချင်းပြည်အစိုးရပေါ်ပေါက်တဲ့ ကိစ္စအပေါ်မှာ တချို့ တော်လှန်ရေးအုပ်စုအကြားမှာသော်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြားမှာသော်လည်းကောင်း နည်းနည်းစိုးရိမ်မှုတွေ ရှိတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းပုံမှာက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကို ထားတာကြောင့် ဖြစ်တယ်။ (ဖက်ဒရယ်ယူနစ်ရှိ ပြည်နယ်ဖွဲ့စည်းပုံများတွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးလို ဝန်ကြီးဌာနများကို ထည့်လေ့မရှိ၊ ပြည်ထောင်စုအဆင့်တွင်သာ ထားလေ့ရှိသည်။)

(နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ ပါဝင်နေတာဟာ ပြည်နယ်ဖွဲ့စည်းပုံမဟုတ်ပါ။ ဒါကို ဆိုလိုတာပါ) အဲဒါကြောင့် ဒါဟာ Confederate ပဲ ဆိုတဲ့ ဟာမျိုးကို စိုးရိမ်ကြတာဖြစ်တယ်။ မဟုတ်ပါဘူ။ ကျွန်တော်တို့ရဲ့ နိဒါန်းစကားမှာ အကုန်လုံးရေးထားပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီနဲ့ သွားမှာဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးထားတာဖြစ်တယ်။ အစပိုင်းက ပုဒ်မအနေနဲ့တောင် ကျွန်တော်တို့အခြေခံမူမှာ ထည့်သွင်းထားတယ်။ ဒီပုဒ်မက ပြည်ထောင်စုအဆင့်မှာ ထည့်ရမယ့်ဟာဖြစ်တော့ ဖက်ဒရယ်အမည်နဲ့ ယူနစ်တွေအနေနဲ့ ရပ်တည်တဲ့ဟာဖြစ်လို့ အဲဒါကို ထည့်စရာမလိုဘူးဆိုပြီးတော့ ကျွန်တော်တို့က နိဒါန်းမှာ ဖက်ဒရယ် System နဲ့ သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးထားတာဖြစ်တယ်။

ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ NUG နဲ့သော်လည်းကောင်း အကောင်းဆုံး ချိတ်ဆက်ပြီး လက်တွဲသွားဖို့ရှိပါတယ်။ နောက်ပြီးတော့ ကျန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲသွားဖို့ရှိပါတယ်။ အဓိကကတော့ ချင်းပြည်တစ်ခုတည်းကနေပြီး စစ်အာဏာရှင် အမြစ်ပြတ်အောင် တိုက်ထုတ်နိုင်မှာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတစ်ရပ်လုံး တော်လှန်ရေးမှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံး လက်တွဲညီညီ ဆောင်ရွက်မှသာလျှင် ဒီတော်လှန်ရေးက အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။ ချင်းက ဖက်ဒရယ်ယူနစ်အရသာ ဆောင်ရွက်ခြင်းဖြစ်တယ်။ သီးသန့် ခွဲထွက်ချင်တာမျိုး Confederate ပုံစံမျိုး ရပ်တည်ချင်တာမျိုး မရှိပါဘူး။

ဖက်ဒရယ်ယူနစ်အနေနဲ့ ကိုယ့်ရဲ့ ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ လုပ်ထားတာဖြစ်တယ်။ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဆိုတာကတော့ နယ်စပ်ဒေသဖြစ်တဲ့အခါမှာ နယ်စပ်ဒေသကိစ္စတွေ ဆောင်ရွက်ဖို့ရှိလို့ လိုအပ်ချက်အရ ထည့်တာဖြစ်တယ်။ ကာကွယ်ရေးဆိုတာကလည်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးက ချင်းပြည်၊ Chinland မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကုန်လုံးကို မလွှမ်းခြုံနိုင်ဘူး။ အဲ့ဒါကြောင့် တစ်ခုတည်းသော ချင်းပြည်တပ်မတော် ပေါ်ပေါက်နိုင်ဖို့အတွက်ကို ရည်ရွယ်တဲ့အတွက်ကြောင့် ဒီဟာ ထည့်ထားခြင်းဖြစ်တယ်။ နောင်တစ်ချိန် တော်လှန်ရေးနိုင်ခဲ့ရင်တော့ ဒီဟာတွေက ရှိစရာမလိုတော့ပါ့ဘူး။

အဓိကကတော့ ဖက်ဒရယ်ယူနစ်ပေါ့။ ကျွန်တော်တို့က အစကတည်းက ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ စဆွေးနွေးကတည်းက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကြားက ပထမဆုံးညှိယူရတဲ့ ပထမဆုံးခြေလှမ်းက ဘာလဲဆိုတော့ ဘာနဲ့သွားမလဲ။

လွတ်လပ်ရေးသွားမလား။ ဒါမှ မဟုတ်ရင် Confederate သွားမလား။ ဖက်ဒရယ်နဲ့ သွားမလားဆိုတဲ့ မေးခွန်းပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဖက်ဒရယ်မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့က မပါဝင်နိုင်ဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံအနေနဲ့ပဲ မြင်ချင်ပါတယ်။ အဲဒါကြောင့် ဖက်ဒရယ်ယူနစ်အနေနဲ့ ပါဝင်မယ်ဆိုရင်တော့ ဆွေးနွေးပွဲဆက်လုပ်လို့ရတယ်ဆိုပြီးမှ အဲဒီကတိကဝတ်နဲ့ သူတို့ကလည်းပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့သော်လည်းကောင်း အစတုန်းက သဘောတူညီချက် ရယူချိန်မှာလည်း ဖက်ဒရယ်နဲ့ပဲ သွားမယ်ဆိုပြီး လက်မှတ်လဲထိုးပြီးသားပါ။ ကျွန်တော်တို့လည်း ဖက်ဒရယ်နဲ့ပဲ သွားမှာပါ ဆိုပြီးမှ ကျွန်တော်တို့ ချင်းပြည်ရဲ့အနာဂတ်က ဖက်ဒရယ်ပေါ့။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။

ချင်းပြည်အစိုးရဖွဲ့ ဝန်ကြီးချုပ် ဦးပါထန်း (ချင်းရိုးရာ ဝတ်စုံနှင့်သူ) ဓာတ်ပုံ − Chinland Council

မေး – ချင်းပြည်အစိုးရဖွဲ့စည်းလိုက်တာဟာ နိုင်ငံရေးအရ လက်ဦးမှုယူလိုက်တာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာရော ဘာပြောချင်သလဲ

ဖြေ – အဓိကကတော့ စစ်ရေးက ရှေ့ရောက်နေပြီ။ ကျွန်တော်တို့က လက်ဦးမှုယူတာ မဟုတ်ဘူးဗျ။ စစ်ရေးက မြို့သိမ်းတိုက်ပွဲတွေလုပ်နေပြီ ဖော်ဆောင်နေပြီ။  အဲဒီအခါမှာ နိုင်ငံရေးက နောက်ကောက်ကျန်လို့ မဖြစ်တော့ဘူးဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့က မဖြစ်မနေ ဒီဟာကို လုပ်ရခြင်းဖြစ်တယ်။

ကျန်တဲ့ မပါဝင်လာနိုင်သေးတဲ့ သူတွေကိုလည်း ကျွန်တော်တို့ အကြိုကတည်းကနေ အားလုံးဖိတ်ခေါ်တယ်။ ဥပဒေထဲမှာ သူတို့ထည့်ချင်တဲ့ ပုဒ်မအကုန်လုံး ထည့်လို့ရတယ်။ အများသဘောတူရင် ဘယ်သူ့အတွက်မှ အဟန့်အတားမပေးဘူး။

ဒါပေမဲ့ တချို့အဖွဲ့အစည်းတွေကတော့ ချင်းအမျိုးသားတပ်ဦး  (CNF) နဲ့ အဆင်မပြေလို့ဆိုတဲ့ဟာကို စကားသံလွှင့်လာတယ်။ အမှန်တော့ ဒီဟာက ချင်းအမျိုးသားတပ်ဦး (CNF) အတွက် လုပ်တာမဟုတ်ဘူး။ ချင်းတစ်မျိုးသားလုံးအတွက် လုပ်တာပါ။ ချင်းအမျိုးသားတပ်ဦး (CNF) အတွက်ပဲ လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ လွှတ်တော်အစုအဖွဲ့က ပါစရာမလိုဘူး။ ကျွန်တော်ကိုယ်တိုင်လဲ ပါမှာမဟုတ်ဘူး။ ဒါက ချင်းအမျိုးသားတပ်ဦး (CNF) အတွက် မဟုတ်ဘူး။ CNF သည်လည်း စားပွဲဝိုင်းမှာ အစုအဖွဲ့တစ်ခုအနေနဲ့သာ ဖြစ်တယ်။ ချင်းတစ်မျိုးသားလုံးအတွက် လုပ်တာဖြစ်တဲ့အတွက်ကြောင့် မပါဝင်လာနိုင်သေးတဲ့ ပုဂ္ဂိုလ်တွေ ထင်မြင်သလို ဒါက CNF ရဲ့ ကြိုးကိုင်မှုမဟုတ်ဘူး။ ဒီဥပဒေဟာလည်းပဲ ၈၅ ရာခိုင်နှုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ အဆိုပြုတဲ့ဟာဖြစ်တယ်။ CNF ရဲ့ အဆိုပြုချက်က နည်းနည်းပဲ ရှိတယ်။

ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို CNF က လက်ခံပေးလို့သာ ကျွန်တော်တို့က အတည်ပြုနိုင်တာ။ မြို့နယ်တွေဘက်ကလည်း လက်ခံပေးနိုင်လို့သာ ဒါကို အတည်ပြုနိုင်တာဖြစ်တယ်။ ဒါက CNF အတွက် မဟုတ်ဘူး။ ချင်းတစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာကို ကျွန်တော် ရှင်းလင်းချင်ပါတယ်။

မေး – အစိုးရဖွဲ့တဲ့ အပေါ်မှာ လက်မခံနိုင်တဲ့ အင်အားစုတွေလည်း ရှိနေတယ်။ ဒီအခြေအနေအပေါ်မှာ ဘယ်လိုညှိနှိုင်းသွားကြမလဲ။ အားလုံးပါဝင်လာအောင် ဘယ်လိုဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ – အဓိကကတော့ ဒီဟာက ကောင်စီရဲ့အဓိကတာဝန်ဖြစ်တယ်။ ကောင်စီက အဓိကတော့ မူဝါဒချပေးတဲ့ကိစ္စဖြစ်တဲ့ အခါကျတော့ ကောင်စီအဖွဲ့က မကြာခင်မှာ ညှိနှိုင်းဖို့ကို စာပို့ထားတယ်။ ဟိုဘက်က ZFU တို့ CNO တို့ CNC မင်းတပ်တို့ဘက်ကလည်း တွေ့ဆုံမယ့်ရက်စွဲတွေ သူတို့က ပေးထားတယ်။ အဲဒီအချိန်မှာ အောင်အောင်မြင်မြင်နဲ့ တွေ့ဆုံနိုင်ကြပါစေ။ သဘောတူညီမှု ရကြပါစေလို့ပဲ ကျွန်တော်က ယူဆပါတယ်။

အခုလို ချင်းပြည်အစိုးရပေါ်လာတာက ပြည်သူလူထုအများစုကတော့ လက်ခံတယ်။ ခုနလိုမျိုး အဖွဲ့အစည်းခေါင်းဆောင်တွေက CNF နဲ့ သူတို့ကြားထဲက ပွတ်တိုက်မှုလေးတွေ နည်းနည်းပါးပါး ရှိတယ်လို့ ယူဆပါတယ်။ အဲဒီအပေါ်မှာ သဘောထားကွဲလွဲတာပေါ့။ နိုင်ငံရေးဆိုတာ သဘောထားကွဲလွဲကြမှာပဲ။ အကောင်းဆုံး ညှိနှိုင်းယူကြရမှာပဲ။

ချင်းက တစ်ခုတည်းနဲ့ သွားလို့မှမရတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း ၆၅ ရာခိုင်နှုန်းက လက်ခံတယ်ဆိုရင် အတည်ပြုနိုင်တယ်။ ပြင်ဆင်၊ ပယ်ဖျက်နိုင်တယ်။ အဲဒါမျိုးတွေကို ခွင့်ပြုထားတဲ့ အခါကျတော့ ကျွန်တော်တို့က ဥပဒေအရသော်လည်းကောင်း၊ ကျန်တဲ့ စည်းရုံးရေးလမ်းကြောင်းကသော်လည်းကောင်း ကျွန်တော်တို့က လမ်းဖွင့်ထားပါတယ်။ အစိုးရဘက်ကနေလည်း တတ်နိုင်တဲ့ ကဏ္ဍကနေပြီး ဆက်လက်ပြီး စည်းရုံးဆောင်ရွက်သွားဖို့ရှိပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာ ဒီအချက်တွေလည်း ပါဝင်ပါတယ်။ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ် မဆောင်ရွက်နိုင်မယ် ဆိုတာကိုတော့ မသိသေးဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ချင်းပြည်တောင်ပိုင်းဘက်မှာ အစတုန်းက မင်းတပ်ကလဲ အကြိုညီလာခံမှာ တက်လာတယ်။ ဒါပေမဲ့ Working Committee မှာ သူတို့က လူမချန်ထားခဲ့ဘူး။ သူတို့ရဲ့ မြို့နယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကိုတော့ ကြည်ကြည်ဖြူဖြူနဲ့ ပါဝင်ခွင့်ပြုထားတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်သေးဘူး။ ကန်ပက်လက်ကလည်း နိုင်ငံရေးဆိုတော့ သိတဲ့အတိုင်းပဲ အထဲမှာ ဗိုင်းရပ်စ်တွေ ဝင်တာပေါ့။ အုပ်စုအားပြိုင်မှုလေးတွေပေါ့။ ကျွန်တော်တို့အထဲမှာ ဆွေးမြေ့လောက်အောင်တော့ ပြဿနာမရှိပါဘူး။ ဒီအပေါ်ယံမှာ ပြောရမယ်ဆိုရင်တော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အထင်အမြင်လွဲမှားမှုတွေပဲလို့ ယူဆပါတယ်။ ဒီကိစ္စကတော့ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မယ်လို့ ယူဆပါတယ်။

မေး – ချင်းပြည်အစိုးရရဲ့ အခြေခံဥပဒေဟာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ လွှမ်းမိုးမှုများနေတယ်။ Chinland Council ဖွဲ့စည်းတဲ့နေရာမှာလည်း CNF ကို အစုအဖွဲ့တစ်ခု ပေးထားရတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ်ရော ဘာများပြောချင်ပါသလဲ။ 

ဖြေ – ပုဒ်မ ၂၅ မှာ ပါတဲ့ အချက်ဖြစ်တယ်။ ၂၇ ဦးဆိုတာက အစုအဖွဲ့ ၃ ဖွဲ့မှာ CNF ကို နေရာပေးထားတာ ဖြစ်တယ်။ အမှန်က ဒီဟာကို CNF က အဆိုပြုတာ မဟုတ်ဘူး။ ကျွန်တော်တို့ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပြုတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ပြည်ထောင်စုရော၊ ပြည်နယ်ရော လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးရှိတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ ပါဝင်လာတာ ကျွန်တော်တို့ ချိတ်ဆက်နိုင်တာက ၂၇ ဦးပဲ  ရှိတယ်။ အဲဒါကြောင့် CNF ကိုလည်း ၂၇ ဦး နေရာယူပေးပါဆိုပြီး ကျွန်တော်တို့က ထည့်သွင်းရခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်သိစေချင်တာက ဦးဆောင်ကော်မတီပေါ့။ ဦးဆောင်ကော်မတီဆိုတာက ၂၃ ဦးနဲ့ ဖွဲ့ထားတာဖြစ်တယ်။ ဦးဆောင်ကော်မတီ ၂၃ ဦးထဲမှာ လွှတ်တော်ကိုယ်စားလှယ်က ၃ ဦး၊ CNF ဘက်က ၃ ဦးပဲ ပါပါတယ်။ ပုဒ်မ ၂၇ ကို ကြည့်ရင်ပေါ့။ ကျန်တာက အောက်ခြေ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တွေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တွေ ဖော်ဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနေရာမှာ အထူးပြောချင်တာက ကောင်စီမှာ မဲခွဲဆုံးဖြတ်တဲ့စနစ်နဲ့ မသွားဘူး။ ညှိနှိုင်းယူတဲ့ စနစ်နဲ့ပေါ့ ကျွန်တော်တို့ သွားတာပါ။ အဲဒါကြောင့် နည်းခြင်းများခြင်းက ကျွန်တာ်တို့အတွက် ပြဿနာမရှိဘူး။ ဒီနေရာမှာ CNF က အကုန်လုံး နေရာယူတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကောင်စီမှာ အဓိက အလုပ်လုပ်တဲ့အဖွဲ့က ဦးဆောင်ကော်မတီပဲဗျ။ ဦးဆောင်အဖွဲ့ ၂၃ ဦးထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရယ်၊ CNF ၃ ဦးပဲ ရှိပါတယ်။ သူတို့က တကယ်လက်တွေ့ အလုပ်လုပ်မယ့်အဖွဲ့ပါ။ အဓိကတော့ EC ပေါ့။ ကျန်တဲ့ အစုအဖွဲ့မှာဆိုရင် EC ပေါ့။ ဒါကြောင့် CNF က အားလုံး နေရာယူထားတယ်ဆိုတာက လုံးဝ မဟုတ်ပါဘူး။

မေး – ချင်းပြည်မှာ တော်လှန်ရေးအင်အားစုတွေဘက်က မြေပြင်မှာ ဘယ်လောက်ထိ စိုးမိုးထားနိုင်ပြီလဲ။

ဖြေ – မြို့ပေါ်မှာ တပ်ရင်းထဲမှာပဲ စစ်တပ်က ရှိတော့တာ။ ကျွန်တော်တို့အနေနဲ့ကတော့ ၇၀ ရာခိုင်နှုန်းကျော်ကျော်ကို ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ မြို့ပေါ်မှာ တပ်ရင်းတွေ ဗျူဟာတွေက ကြီးကြီးမားမား ကျန်နေသေးတယ်ဆိုတော့ ဒါကတော့ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ရပ်ပဲ။ Chinland Council ဖွဲ့တယ်။ ချင်းပြည်အစိုးရဖွဲ့တယ်ဆိုတာရဲ့ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့က အင်အားကို မစုစည်းနိုင်ဘဲနဲ့ ဒေသအလိုက်ပဲ ရပ်တည်မယ်ဆိုရင် ကျွန်တော်တို့က ဘယ်တော့မှ ဒီလိုမျိုး ကြီးကြီးမားမားတပ်ရင်းတွေ ဗျူဟာတွေကို ဖြိုနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီတပ်ရင်းတွေ ဗျူဟာတွေကို ဖြိုနိုင်ဖို့ဆိုတာက စုစည်းဖို့လိုတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ခုလိုမျိုး Chinland Council နဲ့ ချင်းပြည်အစိုးရကို ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး ဒီဟာတွေကိုလည်း သိမ်းပိုက်နိုင်အောင် ကြိုးစားရမှာပဲ။

မေး – ပလက်ဝမှာ ရခိုင့်တပ်တော် AA နဲ့ တွဲတိုက်နေတဲ့ အဖွဲ့တွေ ရှိပါတယ်။ ဒီလိုအဖွဲ့တွေကရော ချင်းပြည်အစိုးရအဖွဲ့ထဲပါလာနိုင်ခြေရှိလား။ သူတို့ကိုရော ဘယ်လို စည်းရုံး ဆောင်ရွက်သွားကြမလဲ။

ဖြေ – ဒီဟာကတော့ မူဝါဒနဲ့ ဆိုင်တယ်။ ကျွန်တော်တို့ Chinland Council ရဲ့ မူဝါဒဘောင်ထဲမှာ ဝင်ရောက်လာတယ်ဆိုရင်တော့ သူတို့လည်း မပါဝင်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော် ဖြစ်စေချင်တာကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်တိုင်းသည် ချင်းအမျိုးသားရေးအတွက်ပဲ ဖြစ်စေချင်တယ်။

အဓိကတော့ တစ်စုတစ်ဖွဲ့ အားကောင်းရေးအတွက်ကို ဦးမတည်စေချင်ဘူး။ သူတို့ လုပ်ဆောင်မှုတိုင်းဟာ ချင်းအမျိုးသားရေးအတွက်ပဲ ဖြစ်သင့်တယ်။ နောက်ပြီးတော့ ချင်းပြည်ရဲ့ နယ်နိမိတ်အတွင်းမှာ ဖြစ်နေတဲ့ ကိစ္စလည်းဖြစ်တယ်။ Chinland ကောင်စီမှာ ချမှတ်ထားတဲ့ မူဝါဒတွေ ရှိပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button