မေးမြန်းခန်း

“ဘုံရန်သူက စစ်အာဏာရှင်စနစ်ပဲ” – ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီအတွင်းရေးမှူး

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ပြည့်ချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသသို့ ပထမဆုံးအကြိမ် စစ်မီးကူးလာကာ တိုက်ပွဲဖြစ်နေသည်။ စစ်ကောင်စီနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှုရှိနေသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ရှိရာ ထိုဒေသတွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်နေ့က ဟိုပုံးမြို့ စံဖူးရွာအနီး PNLO/PNLA ၏ လက်နက်ယာဉ်တန်းကို ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်တပ်က ပူးပေါင်းဖမ်းဆီးခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုစတင်ခဲ့သည်။ ဇန်နဝါရီ ၂၆ တွင် ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ ထွေအုပ်ရုံးတို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများက ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီဘက်က လေကြောင်းမှပါ ပြန်လည်တိုက်ခိုက်နေသည့်အပြင် ပအိုဝ်းပြည်သူ့စစ် (PNO) အဖွဲ့ကို လူသစ်စုဆောင်းစေပြီး လက်နက်များတပ်ဆင်ပေးနေသည်။

ပအိုဝ်းဒေသတွင် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) အတွင်းရေးမှူး (၂) တာဝန်ယူထားသူ ခွန်ဝေထူးကို Myanmar Now က ယခုလဆန်းပိုင်းတွင် ဆက်သွယ်မေးမြန်းထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သည့် ပအိုဝ်းတော်လှန်ရေးအင်အားစုများ စုပေါင်း၍ ၂၀၂၁ ဒီဇင်ဘာ ၁၁ တွင် ညီလာခံပြုလုပ်ကာ PNFC ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့ကို ဦးဆောင်သူမှာ ခွန်မြင့်ထွန်းဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO/PNLA တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ခဲ့ရာမှ အာဏာသိမ်းပြီးနောက် နုတ်ထွက်ကာ PNFC ကို ဦးဆောင်နေသည်။

မေး- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာ PNLA/မဟာမိတ်တပ်ပေါင်းစုနဲ့  စစ်ကောင်စီတပ် / PNO ပြည်သူ့စစ်တို့အကြား တိုက်ပွဲတွေဖြစ်နေတယ်။ ဆီဆိုင်မှာ တိုက်ပွဲဖြစ်လာရတဲ့ အကြောင်းရင်းကို အရင်ဆုံး ပြောပြပေးပါ။

ဖြေ- အဓိက စစ်ကောင်စီဘက်ကနေ စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် လက်နက်အားကိုးပြီးတော့ မတရားဖိနှိပ်အုပ်ချုပ်မှုအောက်မှာ တန်ပြန်အုံကြွမှုဆိုတဲ့ လောကနိယာမအရ ဖိနှိပ်ခံတိုင်းရင်းသားတွေ၊ အထင်အမြင်အသေးခံရတဲ့ အဖိနှိပ်ခံ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လွတ်မြောက်ရေးအတွက် ပြန်လည်တော်လှန်ရင်းနဲ့ ဒီလိုစစ်ပွဲက ပေါ်ပေါက်ရခြင်းဖြစ်တယ်။

မေး – လတ်တလော ဆီဆိုင်မြို့ မြေပြင်တိုက်ပွဲအခြေအနေကို သိပါရစေ။

ဖြေ – လက်ရှိက ဆီဆိုင်မြို့ကို PNLO/ PNLA နဲ့ မဟာမိတ် ကရင်နီ (KNDF) နဲ့ PDF မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့မှ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တယ်။ ဆီဆိုင်မြို့မှာရှိတဲ့ စကစ တပ်ရင်းအပါအဝင် မြို့မရဲ့စခန်း၊ ဌာနဆိုင်ရာတွေကို ကျွန်တော်တို့ နယ်မြေရှင်းထုတ်နိုင်ခဲ့တယ်။ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီးတော့ တန်ပြန်ပြီးတော့ မြေပြင်အပါဝင် ဝေဟင်ကပါ ထိုးစစ်ဆင်တာတွေ ရှိတယ်။ အဲ့လိုထိုးစစ်ဆင်တဲ့နေရာမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်၊ ပြည်သူလူထုတွေရဲ့ နေအိမ်အဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေပါ တိုက်ခိုက်လာတယ်။ ဆီဆိုင်မြို့မှာလည်း နေအိမ်တွေ မီးလောင်သွားတာရှိတယ်။

အရပ်သားပြည်သူတွေလည်းပဲ ထိခိုက်ပျက်စီးမှုတွေ အများကြီးရှိတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးဒေသက စစ်ကောင်စီအနေနဲ့ မဟာဗျူဟာကျတဲ့ ခံစစ်နယ်မြေဖြစ်သလို PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာလည်းဖြစ်တယ်။ ဒါကြောင့် ဒီနယ်မြေကို တိုက်ခိုက်သိမ်းပိုက်လိုက်တာနဲ့တစ်ပြိုင်တည်း စစ်ကောင်စီဘက်က ဆတ်ဆတ်ထိမခံ ပြန်လည်တုံ့ပြန်တာမျိုး တွေ့ရတယ်။ 

လက်ရှိမြေပြင်မှာက ယနေ့အချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေပါ။

မေး – ဆီဆိုင်ကို PNLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဘာကြောင့် အချိန်တိုအတွင်း သိမ်းနိုင်ခဲ့တာလဲ။ 

 ဖြေ – ဒါက ရိုးရှင်းပါတယ်။ စစ်ကောင်စီက စစ်မျက်နှာပေါင်းများစွာကို ဖြန့်ကြက်ပြီး ခံစစ်ဆင်နွှဲနေရတာ ဖြစ်တယ်။ စစ်ကောင်စီသည် ထိုးစစ်ကနေ ယခုကာလမှာ ခံစစ်ကို ပြောင်းလဲပြီးတော့ ဖော်ဆောင်နေရတဲ့ အနေအထားဖြစ်တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ရတဲ့ စစ်ကောင်စီက အင်အားတွေလည်း မရှိတော့ဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပြိုလဲနေတာရှိတယ်။

ကျွန်တော်တို့နဲ့ နီးစပ်တဲ့ စစ်ကောင်စီ လက်အောက်ခံတွေ၊ အရာရှိတွေ၊ ဗိုလ်မှူးတွေဆီကနေ သဘောထားတွေ သိလာရတာရှိတယ်။ သူတို့က ဆက်ပြီးတော့ တာဝန်မထမ်းချင်တော့ဘူး။ စစ်ကောင်စီရဲ့အမိန့်အောက်မှာ စစ်မတိုက်ချင်တော့ဘူးဆိုတဲ့ သဘောထားတွေ သိရတယ်။

သေချာတာတစ်ခုက စစ်ကောင်စီလက်အောက်မှာရှိတဲ့ တပ်ဗိုလ်၊ တပ်မှူး၊ စစ်သည်အရာရှိတွေသည် စစ်တိုက်ချင်တဲ့စိတ်မရှိဘူး။ ပြည်သူအချင်းချင်း ပြန်သတ်ရမယ်ဆိုတာမျိုးကို သူတို့က ဆက်ပြီးတော့ မတိုက်ချင်တော့ဘူး။ ဆိုတော့ စစ်တပ်တစ်တပ် ဘယ်လောက်ပဲ အင်အားကြီးနေပါစေ၊ ဘယ်လောက်ပဲ လက်နက်ခဲယမ်းတွေ ကောင်းမွန်နေပါစေ စစ်တိုက်ချင်တဲ့စိတ် မရှိဘူးဆိုရင် စစ်တပ်လို့ ခေါ်လို့မရဘူး။

ဒါကြောင့်မို့လို့ စစ်ကောင်စီက တိုက်ပွဲတွေမှာ အရှုံးနဲ့သာ ကျဆုံးမှုနဲ့သာ ရင်ဆိုင်နေရတာဖြစ်တယ်။ စစ်ကောင်စီဘက်က အင်အားပြိုလဲသွားပြီ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီ။

ဒုတိယတစ်ချက်က ဖိနှိပ်ခံတိုက်ရင်းသားလူထုတွေအနေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖယ်ရှားနိုင်မှသာလျှင် ကျွန်တော်တို့လိုချင်တဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိတဲ့ နိုင်ငံရေးအရ၊ အမျိုးသားရေးအရ တန်းတူခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်က ခိုင်ခိုင်မာမာရှိထားတယ်။ စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်ဖယ်ရှားမယ်ဆိုတဲ့ စိတ်ဆန္ဒတွေကလည်း ပြင်းပြင်းထန်ထန် ခိုင်ခိုင်မာမာကို ရှိထားတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ဆီဆိုင်မြို့ကို ထိန်းချုပ်လိုက်ပြီး မြို့နယ်ထွေအုပ်ရုံးရှေ့တွင် တွေ့ရသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – PNLA)

မေး – တိုက်ပွဲဖြစ်နေချိန် PNO ပြည်သူ့စစ်က လူသစ်စုဆောင်းပြီး လက်နက်တွေ တပ်ဆင်ပေးတဲ့ ထုတ်ပြန်ချက်တွေ တွေ့ရတယ်။ PNO ရဲ့ လူအင်အားစုဆောင်းမှုနဲ့ လက်နက်တပ်ဆင်မှု အခြေအနေကို ဘာသိထားလဲ။

ဖြေ – PNO က PNA ပြည်သူ့စစ်ရယ်၊ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတွေ ခန့်ထားတာရှိတယ်။ ကျေးရွာ သတ်မှတ်ဦးရေအလိုက် ပြည်သူ့စစ်တွေ ခေါ်ယူထားတာရှိတယ်။ လက်နက်တပ်ဆင်ပေးတဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း တွေ့တယ်။ ဒါသည် PNO ပြည်သူ့စစ်အနေနဲ့ သူစိုးမိုးတဲ့နယ်မြေအပေါ်မှာ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားတွေအတွက် ဆောင်ရွက်စရာရှိတာ ဆောက်ရွက်နေတာပဲလို့ မြင်တယ်။

ပြည်သူ့စစ်ခေါ်ယူပြီးတော့ လက်နက်တပ်ဆင်ပေးတဲ့အပေါ်မှာ ပအိုဝ်းပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ပန်ကြားလိုတယ်။

စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပအိုဝ်းအဖွဲ့အစည်း အချင်းချင်းကြားမှာ ရန်ပွဲဖြစ်အောင်၊ ပဋိပက္ခဖြစ်အောင် ဖန်တီးနေကြတာဖြစ်တယ်။ ပအိုဝ်းတိုင်းရင်းသားနဲ့ ကရင်နီအပါဝင် အခြားသောတိုက်ရင်းသားတွေကြားမှာလည်း ပဋိပက္ခတွေ ပေါ်ပေါက်လာအောင် ဖန်တီးနေတယ်။ ဒီလိုအခြေအနေမှာ ပအိုဝ်းလူထုအနေနဲ့ အသုံးချခံမဖြစ်ဖို့၊ ဓားခုတ်ရာ လက်ဝင်လျှိုတာမျိုးမလုပ်ဖို့ ပန်ကြားလိုတယ်။

မေး – ပအိုဝ်းလူထုက ဘယ်လိုတုံ့ပြန်လဲ။ သူတို့ဆန္ဒကရော ဘယ်လိုရှိလဲ။

ဖြေ – ပအိုဝ်းတိုင်းရင်းသားက ဘာသာတရားကိုင်းရှိုင်းတယ်။ အများစု ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူမျိုးဖြစ်တယ်။ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလိုကြတဲ့ သဘောသဘာဝရှိတယ်။ လူမျိုးအချင်းချင်းဖြစ်စေ အခြားတိုင်းရင်းသားနဲ့ဖြစ်စေ တိုက်ရမယ်၊ ခိုက်ရမယ်၊ သတ်ရမယ်၊ ဖြတ်ရမယ်ဆိုတာကို လုံးဝမနှစ်လိုဘူး။

အခု လူထုတွေက ဘာတွေပြောနေလဲဆိုတော့ PNO ပြည်သူ့စစ်က အရင်တုန်းက ပြောထားတာက ဘယ်အဖွဲ့အစည်းနဲ့မှ စစ်မတိုက်ဘူး။ ရန်မဖြစ်ဘူး။ ငါတို့နယ်မြေမှာ အေးအေးချမ်းချမ်းပဲ နေမယ်ပြောပြီးတော့ လူထုတွေကို သေနတ်တွေပေးပြီး တိုက်ပွဲတွေဖော်ဆောင်ခိုင်းနေတာက စကားနဲ့အလုပ် ကိုက်ညီမှု မရှိဘူး။

လူထုအနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူး။ တိမ်းရှောင်ပြီး နေကြတယ်။ တချို့မိသားစုတွေမှာ ပြည်သူ့စစ်အနေနဲ့ မပါဝင်ပေးနိုင်တဲ့အပေါ်မှာ ဒဏ်ငွေအနေနဲ့ ပေးဆောင်ရတာမျိုးရှိတယ်။ တိမ်းရှောင်နိုင်တဲ့ အနေအထားရှိရင် တိမ်းရှောင်ကြတယ်။ မတတ်နိုင်တဲ့အဆုံးမှာ ငွေဒဏ်ဆောင်ရတာမျိုးရှိတယ်။ ငွေလည်းမရှိဘူး။ ရှောင်စရာမြေလဲမရှိတဲ့ အခြေအနေမျိုးမှာ မလွှဲသာ၊ မရှောင်သာ ပါသွားရတဲ့လူထုတွေလည်း ရှိတယ်။

မေး – ပအိုဝ်းအဖွဲ့အစည်းအချင်းချင်း ပဋိပက္ခလာတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ –  ကျွန်တော်တို့က PNO ပြည်သူ့စစ်ကို တိုက်နေတာ မဟုတ်ဘူး။ တစ်နည်းအားဖြင့် ပအိုဝ်းအချင်းချင်း သွေးမြေကျအောင် ဖန်တီးနေတာ မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့တိုက်ပွဲက ဆီဆိုင်မှ မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ မြောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်းဖြစ်နေတာဖြစ်တယ်။ ဒီစစ်ရဲ့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားနိုင်ဖို့ဖြစ်တယ်။ စနစ်ကို တော်လှန်ဖယ်ရှားနေတာ ဖြစ်တယ်။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းကိုသော်လည်းကောင်း၊ လူမျိုးတစ်မျိုးကို သော်လည်းကောင်း ရည်ရွယ်ပြီး တော်လှန်တိုက်ခိုက်နေတာ မဟုတ်ဘူးဆိုတာကိုတော့ ပအိုဝ်းလူထုအနေနဲ့ ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။

ဒီအပေါ်မှာ PNO ပြည်သူ့စစ်က နည်းမျိုးစုံနဲ့ ဝါဒဖြန့်မယ်။ နည်းမျိုးစုံနဲ့ လူထုအချင်းချင်းကြားမှာ သပ်လျှိုသွေးခွဲမှုတွေလုပ်တယ်။ အခြားတိုင်းရင်းသားတွေကြားမှာ သပ်လျှိုသွေးခွဲမှုတွေလုပ်တယ်ဆိုတာက အခုမှ မဟုတ်ဘူး။ ရှေးယခင်အဆက်ဆက်ကတည်းက ဒီလိုသပ်လျှိုသွေးခွဲမှုတွေလုပ်ပြီးတော့ သူတို့အာဏာတည်မြဲရေးကို တည်ဆောက်သွားကြတာပဲဖြစ်တယ်။

၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းက စစ်ကောင်စီဩဇာခံ PNO ပြည်သူ့စစ်အဖွဲ့က တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် ပအိုဝ်းဒေသခံများကို တပ်ဆင်ပေးသည့် လက်နက်များ။ (ဓာတ်ပုံ – PNO ၏ Facebook စာမျက်နှာတစ်ခု)

မေး – အာဏာရှင်တော်လှန်ရေးမှာ ပအိုဝ်းတိုင်းရင်းသားလူထုရဲ့ပါဝင်မှုက ဘယ်လိုရှိပါသလဲ။

ဖြေ – ကျွန်တော်တို့ မိခင်ဝမ်းက မွေးလာကတည်းက ယနေ့အချိန်ထိ ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရတယ်။ ပြည်တွင်းစစ်ဆိုတဲ့ နောက်ဆက်တွဲ အနိဋ္ဌာရုံတွေ ကြုံတွေ့ရတယ်။ ခံစားရတယ်။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်သူနဲ့ ဘယ်သူဖြစ်တာလဲ စဉ်းစားတတ်တဲ့အရွယ်မှာ ပြန်လည်သုံးသပ်လိုက်တဲ့အခါကျတော့ တိုင်းရင်းသားအချင်းချင်းကြားမှာ အာဏာအတွက်တိုက်တဲ့ တိုက်ပွဲတစ်ပွဲမှ မရှိခဲ့ဘူး။ အုပ်ချုပ်ရေးအာဏာအတွက် နိုင်ငံတော်အာဏာအတွက် အချင်းချင်းတိုက်ခဲ့တာတွေမရှိဘူး။ 

တိုက်ပွဲတိုင်းမှာ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ စစ်တပ်က PNLO/ PNLA ပအိုဝ်းအဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဖြစ်တယ်။ ကချင်အဖွဲ့အစည်းတွေနဲ့ ဖြစ်တယ်။ ရခိုင်၊ ကရင်၊ မွန်တွေနဲ့ ဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်ပြီးတော့ စစ်တိုက်နေတယ်။

စစ်တပ်သည်သာလျှင် စစ်ဝါဒီဖြစ်တယ်။ လက်နက်အင်အား၊ စစ်အင်အားကို အားကိုးပြီးတော့ လုပ်ချင်တိုင်းလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့်မို့ စစ်ဝါဒီကို စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်မှာဖြစ်တယ်။

ဒီအတွက် အားလုံးရဲ့ ဘုံအတားအဆီး၊ ဘုံရန်သူကသည် စစ်အာဏာရှင်စနစ်ပဲ။

စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့လူတစ်စုပဲဖြစ်တယ်ဆိုတာ လူထုအနေနဲ့ ရှင်းရှင်းလင်းလင်းသိသွားပြီ။ သိသွားတဲ့အချိန်မှာ နွေဦးတော်လှန်ရေးမှာ ပအိုဝ်းအမျိုးသား၊ ပအိုဝ်းတိုင်းရင်းသားကိုယ်စားပြုအနေနဲ့ ပြတ်ပြတ်သားသားနဲ့ ပါဝင်လာတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Part 1, Part 2 (အပိုင်း ၁၊ အပိုင်း ၂) ပေါ်မှာ သဘောတူကြောင်းနဲ့ ဒီပဋိညာဉ်စာချုပ်ပါ နိုင်ငံရေးသဘောတူညီချက်အတိုင်း ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်ကြမယ်ဆိုတဲ့ သဘောတူညီချက်တွေနဲ့ လက်မှတ်ရေးထိုးထားတာဖြစ်တယ်။

ယနေ့ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးကဏ္ဍမှာဖြစ်ဖြစ်၊ စစ်ရေးကဏ္ဍမှာဖြစ်ဖြစ် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းပါဝင်နေတာရှိတယ်။ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ PNFC အနေနဲ့ ပါဝင်ထားတာရှိတယ်။ ပြီးရင် အနာဂတ် အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဖက်ဒရယ်ပညာရေး၊ ကြားကာလပညာရေးစနစ်မှာ ပူးပေါင်းဆောင်ရွက်ရေးမှုတွေရှိတယ်။ တခြားကဏ္ဍတွေလည်း အများကြီးရှိပါတယ်။

မေး – ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ – ပအိုဝ်းလူထုအတွက် သတင်းစကား ဒါမမဟုတ် သတိပေးစကားတစ်ခု ပြောလိုပါတယ်။ ပအိုဝ်းတိုင်းရင်းသားလူထုတွေက အမျိုးသားအဆင့်၊ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ချမှတ်ထားတဲ့ မူတစ်ရပ်ရှိပါတယ်။

ကျွန်တော်တို့ လိုချင်တာသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ ပအိုဝ်းပြည်နယ် ပေါ်ပေါက်ရေးသည် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တယ်။ ပအိုဝ်းတစ်မျိုးသားလုံးရဲ့အန္တိမ နိုင်ငံ‌ရေးရည်မှန်းချက်ဖြစ်တယ်။

မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်အမျိုးမျိုးကို ချုပ်ငြိမ်းတဲ့၊ လွတ်လပ်တဲ့ တရားမျှတတဲ့ တန်းတူညီမျှရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်လိုတယ်။ လက်ရှိ ရနေတဲ့ အခွင့်အရေးကို ကြည့်မယ်ဆိုရင် ရရှိထားတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှတ် ၆ အထူးဒေသကို ပြန်ကြည့်ရင် နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာသည် ခရိုင်ဦးစီးမှူးအဆင့်ပဲ ရှိတယ်။ ဒါကြောင့် အခြားသောပြည်နယ်တွေလို လုပ်ပိုင်ခွင့် ကျွန်တော်တို့မှာ မရှိဘူး။ အဆင့်နိမ့်လုပ်ပိုင်ခွင့်သာ ရရှိထားတာဖြစ်တယ်။

နိုင်ငံရေးအရ တစ်ဆင့်နိမ့်အခွင့်အရေးသာ ရရှိထားတာဖြစ်တယ်။

ဒါကြောင့်မို့ ပအိုဝ်းလူမျိုးထုတစ်ရပ်လုံး လိုလားတောင်းတတဲ့ မဟာလူမျိုးကြီးဝါဒကင်းစင်သော၊ စစ်အာဏာရှင်စနစ်ဆိုးအမျိုးမျိုး ကင်းစင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပအိုဝ်းဖက်ဒရယ်ပြည်နယ် ပေါ်ထွန်းရေးကို မျှော်မှန်းနေတာဖြစ်တယ်။

ကျွန်တော်တို့ အနာဂတ်မျှော်မှန်းချက်အတွက် အတားအဆီးဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့လူတစ်စုကို တော်လှန်တိုက်ထုတ်ရမှာဖြစ်တယ်။ ပအိုဝ်းတိုင်းရင်းသားတွေအပါအဝင် အဖိနှိပ်ခံတိုင်းရင်းသားလူထုအလွှာပေါင်းစုံရဲ့ လူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် ဆက်လက်ပြီးတော့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ပါဝင်တွန်းလှန်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Show More

Related Articles

Back to top button