မေးမြန်းခန်း

“ရည်ရွယ်ချက်ရှိရှိ ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်တယ်”

ကရင်နီစစ်ရှောင်ကလေးအများစု တက်ရောက်သော ကျောင်း ၂ ကျောင်းကို နေ့လယ်ခင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သောကြောင့် ကလေး ၄ ဦး ပွဲချင်းပြီးသေဆုံး၊ ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ အသက်ရှင်ကျန်ရစ်ခဲ့သော ကလေးအများစုသည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရသည်။

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီးကျေးရွာနှင့် အနီးဝန်းကျင်ရှိ လွိုင်နန်းဖကျေးရွာတို့တွင် ရှိသော စာသင်ကျောင်းနှစ်ကျောင်းကို ပစ်မှတ်ထားကာ စစ်ကောင်စီလေတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၅) နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒေါဆီအီးရွာ စာသင်ကျောင်းတွင် တက်ရောက်နေသည့် အသက် ၁၁ နှစ်မှ ၁၄ နှစ်အရွယ်ရှိ ကလေး ၄ ဦး သေဆုံးပြီး မူကြိုအရွယ် ကလေးတစ်ဦးအပါအဝင် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် လွိုင်နန်းဖရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

ဒေါဆီအီး ရွာကျောင်းဗုံးကြဲခံရမှုတွင် သေဆုံးသူများမှာ ၆ တန်းကျောင်းသားများဖြစ်သော ခွန်းအယ်လတ (၁၄ နှစ်) နှင့် အယ်ဒိုထူး (၁၄ နှစ်)၊ ၇ တန်းကျောင်းသား ခွန်းဆန်းလှိုင် (၁၅ နှစ်)၊ ၄ တန်းကျောင်းသား ခရစ္စတိုဖာ (၁၃ နှစ်) တို့ ဖြစ်ကြသည်။

အဆိုပါ စာသင်ကျောင်းမှာ မူကြိုအရွယ်ကလေးမှ ကိုးတန်းအထိ ကျောင်းသားကျောင်းသူ ၂၀၀ နီးပါး တက်ရောက်သင်ကြားသော အဆောင်နှစ်ဆောင်ရှိ ကျောင်းဖြစ်ကာ အဆောင်နှစ်ခုအကြား ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ချိန် ဖြစ်ပွားရာနေရာအနီး ရှိနေခဲ့သည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (Karenni Human Right Group) ဦးဆောင်သူ ဦးဗညားကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မနေ့က စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခြေအနေကို ပြောပေးပါဦးခင်ဗျာ။

ဖြေ ။ ။ စစ်ကောင်စီက ပစ်တဲ့အချိန်မှာ အဲ့ဒီနေရာနဲ့ ကျွန်တော် ရောက်နေတဲ့နေရာက တော်တော်နီးပါတယ်။ ၁၀ မိနစ်လောက် သွားရင် ရောက်တဲ့ နေရာမှာ ရှိနေတာဆိုတော့ အခြေအနေ တော်တော်များများကို သိလိုက်တာပေါ့နော်။ မနက် ၁၀း၁၅ ဝန်းကျင်ကနေ ၁၁း၂၀ ဝန်းကျင်အထိ စစ်ကောင်စီကနေ စာသင်ကျောင်း နှစ်ကျောင်းနဲ့ အနီးတစ်ဝိုက်က ရွာတွေကို လေယာဉ်နဲ့ အနည်းဆုံး (ဗုံးကြဲတာ) အကြိမ်ပေါင်း ၁၀ ကြိမ်ပေါ့။

နောက်ပြီးတော့မှ စက်သေနတ်နဲ့ ပစ်တာတွေ လုပ်တယ်။ တစ်ချိန်တည်းမှာပဲ လေယာဉ်ပြန်သွားချိန်မှာ နှစ်ကြိမ် သုံးကြိမ်လောက် လက်နက်ကြီးနဲ့ ဗုံးကြဲတဲ့နေရာတစ်ဝိုက်ကို ပစ်ခတ်တာတွေ လုပ်တယ်။ ကင်းထောက်လေယာဉ် ဝဲပြီးတော့ ဒီ စစ်ဆင်ရေးကို လုပ်တာလို့ ပြောလို့ရပါတယ်။

မေး ။ ။ ဆိုတော့ ဒီနေရာကိုတွေကို စစ်ကောင်စီက ဘာကြောင့်တိုက်ခိုက်တာလဲ။

ဖြေ ။ ။ ဒါကတော့ တကယ့်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာက လုံးဝကို ရှင်းတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ ဒီလိုမျိုး ဗုံးကြဲတိုက်ခိုက်မှုတွေက အကြိမ်ပေါင်းများစွာဖြစ်ခဲ့တယ်။ တချို့နေရာတွေမှာက တစ်ချက်နှစ်ချက်လောက် ကြဲပြီးမှ ပြန်သွားတယ်၊ ဟိုနေရာ ဒီနေရာကို ဗုံးတွေလိုက်ချတာ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ ဒီတစ်ခေါက်က ဒရုန်း (ကင်းထောက်) နဲ့ သေချာဝဲတယ်။ ပြီးတော့မှ လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ အဲ့ဒီနေရာကိုပဲ ဗုံးကြဲပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက်ရှိရှိ ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာက ပြောလို့ရပါတယ်ဗျ။

လေကြောင်းတိုက်ခိုက်မှုခံထားရသော ဒေါဆီအီးကျောင်း။ (ဓာတ်ပုံ- Jobs for Kayah)

မေး ။ ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ သူတွေက အရေအတွက် ဘယ်လောက်ရှိလဲခင်ဗျာ။

ဖြေ ။ ။ ဒေါဆီအီး (ရွာ) မှာက ကျွန်တော် မနေ့က သွားကြည့်တဲ့အချိန်မှာ သေဆုံးသူက စုစုပေါင်း လေးဦး ရှိတယ်။ အသက်အရွယ်က ကြည့်မယ်ဆိုရင် ၁၃ နှစ်ကနေ ၁၅ နှစ်ဝန်းကျင် ကလေး လေးယောက်ပါ။ အကုန်လုံးက ကျောင်းသားတွေပါ ကျောင်းသူတွေ မပါဘူး။ ဒေါဆီအီးကျောင်းမှာပဲ ထိခိုက်ဒဏ်ရာရသူ ဆရာ၊ ဆရာမ အပါအဝင် ကလေးငယ်တွေက ၁၄ ဦးထက် မနည်းဘူးလို့ သိရပါတယ်။ အဲ့ဒီ ၁၄ ဦးထဲမှာ တစ်ဦးက မူကြိုကျောင်းသားကလေး ပါဝင်တယ်လို့ သိထားရပါတယ်။

လွိုင်နန်းဖကျောင်းက အထက်တန်းကျောင်းဖြစ်ပါတယ်။ အဲ့ဒီမှာ ကျောင်းသူကျောင်းသား ထိခိုက်မှု မရှိဘူးလို့ အကြမ်းဖျင်း ပြောလို့ရတယ်ပေါ့နော်။ ကျောင်းဆရာ ဆရာမ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု ၅ ဦး ထိတယ်။ တစ်ဦး သေဆုံးသွားတယ်။

မေး ။ ။ ဗုံးကြဲတဲ့နေရာကို ဘယ်အချိန်လောက်မှာ ရောက်သွားခဲ့လဲ။ ဘာတွေ မြင်တွေ့ခဲ့ရလဲ။

ဖြေ ။ ။ ကျွန်တော် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်လောက်မှာ ရောက်သွားတယ်။ ပစ်ခတ်ပြီးတဲ့နောက် နာရီဝက်ကျော် တစ်နာရီလောက်အတွင်းမှာ ရောက်သွားခဲ့တာပေါ့နော်။ ပထမက ကျွန်တော် လွိုင်နန်းဖကျောင်းကို အရင် ရောက်သွားတာ…ဘာလို့ဆို ကျွန်တော်သွားတဲ့နေရာက လွိုင်နန်းဖကျောင်းနဲ့ နီးတာကိုး။

ကျောင်းသူကျောင်းသား တစ်ယောက်မှ မရှိတော့ဘူး။ အကုန် ထွက်ပြေးကုန်ကြပြီ။ ရွာခံတွေကတော့ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ကြည့်တာတွေ၊ ပစ္စည်းတွေပြန်ကောက်တာတွေ လုပ်ပြီး နောက်ထပ် ဗုံးလာကြဲမှာ ကြောက်ပြီးတော့ အဲ့ဒီနေရာကနေ ပြန်ထွက်သွားနေကြပြီ။ လူနာတွေကို သယ်ထုတ်ပြီးတော့ နေရာရွှေ့နေကြပြီ။

ဒေါဆီအီး (ရွာ) ရောက်တဲ့အချိန်မှာ ဖြစ်တာက တစ်နာရီကျော်လောက် ကြာသွားပြီဆိုတော့ နည်းနည်း ငြိမ်သွားပြီ။ ဒေါဆီအီးကျောင်းက တော်တော်လေးကို ပျက်စီးသွားတယ်။ တစ်ခန်းချင်း ဝင်ပြီး မှတ်တမ်းတွေ ယူတယ်။ တချို့ သွေးစွန်းသွားတဲ့ စာရွက်စာတမ်းတွေ ….လွယ်အိတ်တွေ၊ အခန်းတွေ ပြိုသွားတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်တယ်။

သေဆုံးသွားတဲ့ ကလေး ၄ ယောက်ရဲ့ နေအိမ်ကို သွားပြီးတော့မှ ကြည့်တယ်။ ထိခိုက် ဒဏ်ရာရပြီး သေဆုံးတဲ့ပုံက တော်တော်လေးကို ဆိုးဝါးတယ်။ အများစုက ဦးနှောက်တွေ ပွင့်ထွက်သွားတယ်။ နောက်တစ်ယောက်ဆိုရင် ကိုယ်ခန္ဓာတစ်ခုလုံးရော ခြေလက်တွေပျောက်ပြီး ကြေသွားတယ်ပေါ့နော်။ အဲ့လိုမျိုး အနေအထားနဲ့ သေသွားတာပေါ့နော်။ 

မေး ။ ။ ကျောင်းက ဘယ်လောက်အထိ ပျက်စီးသွားလဲခင်ဗျ။

ဖြေ ။ ။  ဗုံးတစ်လုံးကျတဲ့ နေရာက ကျွန်တော် ကိုယ်တိုင် ရောက်ခဲ့တယ်။ မြေကြီးက ကျင်းဖြစ်ပြီးသွားတော့ ခါးတစ်ရပ်လောက် အနက်လောက်အထိ ရှိတယ်။ ဒေါ့ဆီအီးကျောင်းက အဆောင် နှစ်ဆောင်ရှိတယ်။ အဲ့ဒီအဆောင်နှစ်ဆောင် ကြားမှာ ကျတာ၊ ကျတဲ့နေရာနဲ့ ကျောင်းအဆောင်က ဘယ်လောက်ပဲ ဝေးလဲဆိုတော့ ၁၀ ပေ ၁၅ ပေ ဝန်းကျင်ပဲရှိတယ်။

ဗုံးကျရောက်ပြီးနောက် ဒေါ့ဆီအီးကျောင်းအနီး ချိုင့်ဝင်နေသော မြေပြင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

မေး ။ ။ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျာ။

ဖြေ ။ ။ သေဆုံးသွားတဲ့ကလေးတွေရဲ့ အိမ်ကို သွားတော့ သူတို့ရဲ့ ညီအစ်ကို မောင်နှမတွေကို တွေ့တာပေါ့နော်။ ဘာကို သတိထားမိလဲဆိုတာ သူတို့လက်ကို သူတို့ကိုင်ပြီးတော့ ဟိုကြည့်ဒီကြည့်နဲ့ ဟိုသွားဒီသွား လုပ်နေတယ်။ ဒီလက္ခဏာက ကလေးတွေ ထရော်မာတစ်ခု ဖြစ်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

သူတို့ အရမ်းကို ကြောက်ရွံ့ပြီးတော့မှ နေမထိ ထိုင်မသာ ဖြစ်နေတယ်။ ဘာဖြစ်သွားလဲဆိုတာကို သူတို့ ဦးနှောက်ထဲမှာ ပြန်ပြီးတော့ ဆန်းစစ်နေတာပေါ့နော်။ ပုံမှန်အခြေအနေတစ်ခုကို ပြန်ပြီးတော့ မထိန်းချုပ်နိုင်သေးဘူး ဆိုတဲ့ အဓိပွာယ်ပေါက်တယ်ပေါ့နော်။ ဒါက ကလေးဆိုက်ကော်လိုဂျီပိုင်းအရ ကြည့်မယ်ဆိုရင် မကောင်းတဲ့လက္ခဏာပေါ့။

မေး ။ ။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေကို ဘယ်လိုမျိုး ကုစားသွားဖို့ အစီအစဉ်ရှိမလဲခင်ဗျာ။

ဖြေ ။ ။ လက်ရှိမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စကားပြောနေတာရှိပါတယ်။ ဒီအပိုင်းက အများကြီး လုပ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ပထမတစ်ပိုင်းကတော့ ထိခိုက်နစ်နာသွားတဲ့ ရုပ်ပိုင်းဆိုင်ရာကို ကုသမှု အမြန်ဆုံးလုပ်ဖို့ စီမံနေတာရှိတယ်။ စိတ်ပိုင်းဆိုင်ရာကုစားမှုအနေနဲ့ အတတ်နိုင်ဆုံး ကျောင်းတွေကို ပြန်ဖွင့်နိုင်အောင် ဆောင်ရွက်ဖို့ ရည်မှန်းချက်တွေရှိတယ်။ ဒါမှသာ သူတို့က ပုံမှန်ဘဝ အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ ကစားနိုင်မယ်။ စာသင်နိုင်မယ့် အခင်းအကျင်းကို ပြန်ဖော်ဆောင်ပေးဖို့ ရှိပါမယ်။ အဲ့ဒါက စိတ်ပိုင်းဆိုင်ရာ ကုစားမှုအတွက် အခင်းအကျင်းလို့ မြင်ပါတယ်။ ကျောင်းကို အခြေပြုပြီးတော့မှ စိတ်ပိုင်းဆိုင်ရာ ကုစားမှုက အကောင်းဆုံးဖြစ်မယ်။

မေး ။ ။ ဒီလိုမျိုး စာသင်ကျောင်းအပေါ်မှာ ဗုံးကြဲတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပေါ် ဘယ်လိုမျိုး ပြောချင်လဲခင်ဗျာ။

ဖြေ ။ ။ စစ်ကောင်စီဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေအားလုံးကို ပြောချင်တာက အခုလိုမျိုး အမိန့်ပေးပြီးတော့ ကျူးလွန်လိုက်တဲ့ အရာအားလုံးက စစ်ရာဇဝတ်မှု မြောက်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုလည်း မြောက်တယ်။ နောက်တစ်ခုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ အရမ်းကို ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ရာဇဝတ်မှုမြောက်တယ်ဆိုတာ သိစေချင်တယ်။

တစ်ချိန်တည်းမှာပဲ အမိန့်ပေးပြီး သတ်ဖြတ်ခိုင်းတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ တစ်ဦးချင်းစီရဲ့အမိန့်ကို လွန်ဆန်ပြီးတော့မှ ပြည်သူလူထုနဲ့ ရပ်တည်ပြီး နိုင်ငံကို ပြန်ကယ်တင်လို့ ရတယ်လို့ ပြောလိုတယ်။ လူထုရဲ့ တရားစီရင်ရေးမှာ မျက်မြင်သက်သေနဲ့ ပြန်ရပ်တည်ပေးမယ်ဆိုရင် ကျူးလွန်ခဲ့တဲ့ အမှုတွေကို အများကြီး လျှော့ပေါ့လို့ရတယ်။ ဥပဒေကြောင်းနဲ့အညီ ကာကွယ်ပေးလို့ရတယ်ဆိုတာ ပြောလိုပါတယ်။ အဲ့ဒါကြောင့်မို့လို လူထုနဲ့ ရပ်တည်ပါ။

ဒုတိယအချက်အနေနဲ့ စစ်ကောင်စီရာထူးအကြီးပိုင်းတွေကို ပြောလိုတာက ခင်ဗျားတို့ အမိန့်ပေးလိုက်ခြင်းကြောင့် သေဆုံးသွားတဲ့ လူတစ်ယောက်ချင်းစီအတွက် ကျွန်တော်တို့မှာ မှတ်တမ်းရှိတယ်။ မှတ်တမ်းနဲ့အညီ ခင်ဗျားတို့ကို ကျွန်တော်တို့က တရားစွဲဆိုနိုင်ဖို့အတွက် လုံးဝ ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးကို ခံစားရမှာ ဖြစ်တဲ့အပြင် ခင်ဗျားတို့ ဆွေမျိုး မိသားစုဝင်တွေက ဒီအပေါ်မှာ ရှုတ်ချခံရလိမ့်မယ်။ ဒီအကျိုးဆက်ကို တစ်သက်လုံး ခံစားသွားရလိမ့်မယ်။

လေကြောင်းတိုက်ခိုက်ခံထားရသော လွိုင်နန်းဖ ကျေးရွာစာသင်ကျောင်း ။ (ဓာတ်ပုံ-ပေးပို့)

Show More

Related Articles

Back to top button