မေးမြန်းခန်း

“လူမပြည့်ရင် မဲနှိုက်ဖြည့်မယ်” – စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ပြောဆိုချက်

အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ စတင်နေသည်။ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများ၏ အမည်စာရင်း ကောက်ခံရန် သက်ဆိုင်ရာအဖွဲ့များကို ညွှန်ကြားထားသည်။

လွန်ခဲ့သည့်ရက်ပိုင်းမှစ၍ ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသတချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူ၊ မိသားစုဝင်များကို ရပ်ကွက်ရုံးသို့ ဆင့်ခေါ်၊ မဲနှိုက်ခိုင်းစေနေသည်။

အတွေ့အကြုံရှိသည့် စစ်သားအများအပြား သေဆုံး၊ ဒဏ်ရာရ၊ တပ်ရင်းလိုက်လက်နက်ချ၊ ဆုတ်ခွာထွက်ပြေးနေကြချိန်တွင်  စစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း ငါးနှစ်အထိ စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ခြင်းဖြစ်သည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၄ သန်းရှိပြီး အမျိုးသားများကို ဦးစားပေးခေါ်ယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်မှုထမ်းရန် အသက်အကျုံးဝင်သူတစ်ဦးဦး နေအိမ်တွင် မရှိလျှင် ခိုင်လုံသည့်အကြောင်းပြချက်မပေးနိုင်ပါက “တရားခံပြေး” အဖြစ် သတ်မှတ်ဖြစ်ကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဆိုသည်။

အများပြည်သူ စိုးရိမ်တကြီး စိတ်ဝင်စားနေသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်းက မေးမြန်းစဉ် နေပြည်တော်ရှိ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ တုံ့ပြန်ဖြေကြားထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး – အခုဖြစ်ပေါ်နေတဲ့ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေကို စာရင်းကောက်တာတွေ၊ ဆင့်ခေါ်တာတွေက ဗဟိုအဖွဲ့ရဲ့ ညွှန်ကြားချက်လား။

ဖြေ – ဟုတ်ကဲ့၊ လုပ်နေပြီ။ လောလောဆယ်တို့ အသက်အရွယ်အကျုံးဝင်တဲ့သူတွေကို မှတ်ပုံတင်တဲ့အဆင့်ပေါ့၊ စာရင်းသွင်းတဲ့အဆင့် လုပ်နေတယ်။ အဲ့ဒါပြီးမှ ဆန္ဒပြုတဲ့လူစာရင်းနဲ့ အရင်ခေါ်မှာ။

မေး – အခုစာရင်းသွင်းတဲ့အဆင့်ပြီးရင် ဆက်လုပ်မယ့်လုပ်ငန်းစဉ်က ဘာလဲခင်ဗျ။

ဖြေ – အခုစနေတာက ဟုတ်ပါတယ်။ စတင်စာရင်းကောက်ပြီး မှတ်ပုံတင်သွင်းတာတွေ လုပ်နေပြီ။ အသက်အရွယ် အကျုံးဝင်တဲ့သူတွေကို မှတ်ပုံတင်လိုက်တာပဲ။ ပြီးရင်တော့ ဒီလူဟာ စစ်မှုထမ်းရပါမယ်ဆိုတဲ့ပုံစံ (Form) နဲ့ ပြန်ပို့မှာပေါ့၊ မှတ်ပုံတင်ပုံစံပေါ့၊ ပြန်ပို့မယ်။

ပို့ပြီးမှ ရွေးချယ်တဲ့အဆင့်ကို အတည်ပြုတယ်ဆိုရင် ဆေးစစ်ဖို့ ပုံစံ (Form) နဲ့ ခေါ်မှာ။ ဆေးအောင်သွားပြီဆိုရင်တော့ ဆင့်ခေါ်လွှာနဲ့ တပ်ထဲကို သတင်းပို့ဖို့ခေါ်မှာ။ အခုလောလောဆယ်က ဆေးစစ်ပြီးတာ တောင်မှ ဂဏန်းမငြိမ်သေးဘူး ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ မိအိုဖအိုလုပ်ကျွေးတဲ့သူတွေ ရှိမယ်။ ကျောင်းသားတွေရှိမယ်။ အမျိုးသမီးတွေကတော့ လောလောဆယ်မပါသေးဘူး။

မေး – မဲနှိုက်ရွေးချယ်တာက ဘာကြောင့်လဲ။

ဖြေ – အဲ့ဒါက ကနဦးမှာ ဦးစားပေးဆန္ဒပြုတဲ့အဆင့်ရှိတယ်။ အဲ့ဒီဦးစားပေးဆန္ဒပြုတဲ့လူဦးရေမှာ လူမပြည့်ဘူးဆိုရင်တော့ မဲနှိုက်ပြီးတော့မှ ထပ်ပြီးဖြည့်မှာပေါ့။

သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်ကို လုပ်ခိုင်းလိုက်တာပါပဲ။ ကိုယ့်မြို့နယ်အလိုက် အချိုးကျပေါ့နော်။ ဒီမြို့နယ်က ၂ ဦးလား၊ ၃ ဦးလား၊ ၅ ဦးလား စသဖြင့်ပေါ့။ အဲ့ဒီအရေအတွက်မှ မပြည့်ဘူး၊ ဆန္ဒပြုတဲ့အရေအတွက် နည်းနေတယ်ဆိုရင်တော့ ကျန်တဲ့ အသက်အရွယ်အကျုံးဝင်တဲ့သူတွေကို မဲနှိုက်တဲ့စနစ်ပါ။

မေး – အခု နေပြည်တော်၊ ရန်ကုန်မှာ စလုပ်နေတာ တွေ့ရတယ်။ ဗဟိုအဖွဲ့ကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်ဖို့ ညွှန်ကြားလိုက်ပြီလား။

ဖြေ – ဟုတ်တယ်၊ အချိုးကျအတိုင်းပဲ။ တိုင်းနဲ့ပြည်နယ်အလိုက် အကျုံးဝင်တဲ့လူဦးရေများတဲ့တိုင်းက လူများသွားမှာပေါ့။ တစ်နိုင်ငံလုံး လုပ်နေတာပါ။ မကောက်သေးတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ကောက်ပါလိမ့်မယ်။

မေး – တကယ်လို့ ဆေးမအောင်ရင် ဘယ်လိုမျိုးဖြစ်နိုင်သလဲ။

ဖြေ – ဆေးမအောင်ရင်တော့ ကျန်ခဲ့မယ်။ ကျန်ခဲ့ပြီးတော့ သတ်မှတ်အသက်အရွယ်အတွင်းမှာဆိုရင် နောက်တစ်ခါ (ဆေး) ပြန်စစ်ရမှာ။  ဒီတစ်ခါကတော့ (ဆေး) မအောင်လို့ ချန်ခဲ့မှာပေါ့။ နောက်တစ်ခါ ပြန်စစ်တဲ့အချိန်မှာ ဆေးအောင်ရင်လည်း အောင်သွားနိုင်တယ်လေ။

မေး – ရှောင်တိမ်းရင် ဘာဖြစ်နိုင်လဲ။

ဖြေ – အဲ့လို ရှောင်တိမ်းလို့ မရဘူး။ ပုံစံသွင်းပြီဆိုကတည်းက ကိုယ်တိုင်သွင်းရင်သွင်း၊ မသွင်းရင် ကိုယ်စားသွင်းရမှာ။ ဆင့်ခေါ်လိုက်လို့ရှိရင် မိဘနဲ့ မောင်နှမသားချင်းကနေ ပြန်ဆက်သွယ်ပြီးတော့ ဘယ်ကိုရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ အကြောင်းပြချက် ခိုင်လုံအောင်ပြနိုင်မှ။ မဟုတ်ရင်တော့ အဲ့လူက ရှောင်တိမ်းမှုနဲ့ ပြစ်မှုမြောက်တယ်။

မေး – အုပ်ထိန်းသူကို အရေးယူမှာလား။

ဖြေ – အဲ့ဒါကတော့ လောလောဆယ် နည်းဥပဒေ အတည်မပြုရသေးဘူး။ သူကိုယ်၌ကတော့ တရားခံပြေးလို ဖြစ်သွားမှာပဲ။ အုပ်ထိန်းသူတွေ၊ သားချင်းမောင်နှမတွေကို အရေးယူမယ်၊ မယူဘူးဆိုတာကတော့ လောလောဆယ် နည်းဥပဒေဆွဲတုန်းပဲရှိသေးတယ်။

မေး – တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ပထမအပတ်စဉ်မှာ လူဘယ်လောက်ခေါ်မှာလဲ

ဖြေ – ကိန်းဂဏန်းကတော့ အတိအကျပြောလို့မရဘူး။ သင်တန်းကျောင်းအပေါ် မူတည်ပြီး လူဦးရေဆံ့တဲ့ အပေါ်လည်း မူတည်သွားမယ်။ အပတ်စဉ်တစ်ခုကို လူ ၅၀၀၀ နှုန်း၊ အဲ့ပတ်ဝန်းကျင်ပေါ့။

မေး – ပထမအသုတ်က ဘယ်လပိုင်းလောက် စမှာလဲ

ဖြေ – မေလဆန်းလောက် ဖြစ်နိုင်တယ်၊ ၅ လပိုင်းပေါ့။ အခုစပြီးတော့ စာရင်းကောက်နေပြီ။ အကုန်လုံး ပါရမယ်လို့ မဆိုလိုဘူး။ အသက်အရွယ်အကျုံးဝင်တဲ့သူတွေကို မှတ်ပုံတင်လိုက်တာပဲ။ အဲ့ဒါကို တချို့ကကျတော့ အထိတ်ထိတ်အလန့်လန့်နဲ့ပေါ့။

နာမည်စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ တစ်ခါတည်းပါရတော့မယ်လို့ မဆိုလိုဘူး။ တစ်ရပ်ကွက်ဆိုရင် ဘယ်လောက်မှ မပါနိုင်ဘူး၊ တစ်ယောက်စ၊ နှစ်ယောက်စ အလွန်ဆုံးပဲ။ ဆန္ဒပြုတဲ့သူများရင် အဲ့လူတွေနဲ့တောင် ပြည့်သွားနိုင်တယ်။

မေး – လစာ ၄၇၀,၀၀၀ (ကျပ်) ပေးမယ်ဆိုတာ မှန်ပါသလား။

ဖြေ – အဲ့ဒါကတော့ ဘာမှအတိအကျ မထွက်နိုင်သေးပါဘူး။ သတ်မှတ်တဲ့အဆင့်အလိုက်ကို ပေးမှာ။ တပ်ထဲမှာ လက်ရှိရှိနေတဲ့ စစ်သားတွေ ရနေတဲ့အတိုင်းပဲ လစာ၊ ရိက္ခာက ပေးသွားမှာ။

(မှတ်ချက် – တပ်သားသစ် လစာမှာ ၁၄၄,၀၀၀ ကျပ်ဖြစ်သည်ဟု စစ်သားစုဆောင်းရေး အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်)

Show More

Related Articles

Back to top button