သတင်း

မြန်မာ-ထိုင်း နယ်စပ်ဂိတ် ထီးခီးအနီးမှ စစ်ကောင်စီတပ်ရင်း KNU ထံ လက်နက်ချ

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်လာသည့် တနင်္သာတိုင်း ထီးခီးအနီးမှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ - ၁၀ သည် ကရင်လက်နက်ကိုင်တပ် KNU ထံတွင် ဧပြီလ ၁၅ ရက်တွင် လက်နက်ချ အညံ့ခံလိုက်သည်။

နိုင်ငံတောင်ပိုင်း တနင်္သာတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ ထီးခီးအနီးမှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်းအမှတ် ၁၀၃ ( ခလရ – ၁၀၃) သည် ကရင်လက်နက်ကိုင်တပ် (KNU) ထံတွင် ဧပြီ ၁၅ ရက်က လက်နက်ချ အညံ့ခံလိုက်သည်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦးသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထံ လက်နက်ချခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံမှ ၆၀ မမ စိန်ပြောင်း ၂ လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၆၇ လက်ရရှိခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မြိတ်အခြေစိုက်တပ်ဖြစ်ပြီး ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ – ၁၀၃ သည် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ၁၈ မိုင်ခန့်အကွာ ထိုင်း-မြန်မာနယ်စပ်ရှိ ကမာပလောနှင့် ထမာဖြိုစခန်းတို့မှ ဆုတ်ခွာလာသူများဖြစ်ကြောင်း KNU ဗဟိုကလည်း ဧပြီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

KNU သည် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှ စစ်ကောင်စီတပ်များကို ဧပြီ ၅ ရက်နေ့တွင် တိုက်ထုတ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မြို့ကို ထိန်းချုပ်မည်ဟု ကြေညာခဲ့သည်။ ထို့နောက် ၁၀ ရက်ခန့်အကြာတွင် နိုင်ငံတောင်ပိုင်းမှ နောက်ထပ် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်း ထီးခီးကိုပါ ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း ၂၀၂၄ ဖေဖော်ဝါရီ ၂၁ တွင် KNU နှင့် မဟာမိတ်တို့၏ ကြားဖြတ်တိုက်ခိုက်ခံရအပြီး တွေ့ရပုံ။ (ဓာတ်ပုံ – ပေးပို့)

မြဝတီထက် အရေးပါသည့် ထီးခီး

နှစ်နိုင်ငံနယ်နိမိတ် မိုင် ၁၁၀၀ ကျော် (ကီလိုမီတာ ၁၈၀၀) ထိစပ်နေသည့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တာချီလိတ်၊ ထီးခီး၊ မြဝတီ၊ ကော့သောင်းနှင့် မယ်စဲ့ စသည်တို့တွင် ကုန်သွယ်ရေးစခန်း ၅ ခုအထိ ဖွင့်ထားသည်။

ထိုစခန်းများအနက် မယ်စဲ့ (ကယား) မှ ကုန်သွယ်ရေးစခန်းကို ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး မြဝတီ (ကရင်) နှင့် ထီးခီး (တနင်္သာရီ) တို့ကို ကရင်တော်လှန်ရေးတပ် KNU နှင့် PDF ပူးပေါင်းတပ်များက ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။

ထီးခီးကုန်သွယ်ရေးစခန်းသည် ထိုင်း-မြန်မာ ကုန်သွယ်ရေးတွင် မြဝတီထက် ပိုမိုအရေးပါသည့် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။

ကရင်မြို့နယ် ကော့ကရိတ်မြို့နယ်အတွင်း အာရှလမ်းမကြီးတစ်နေရာ၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – AFP)

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို တော်လှန်ရေးတပ်များ စိုးမိုးထားပြီးနောက် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အခရာကျသည့် မြဝတီနယ်စပ်ဂိတ်အစား အခြားလမ်းကြောင်းမှ ကုန်သွယ်ကြရန် စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့ပြီးနောက် ထီးခီးသည် မြန်မာနိုင်ငံတွင် ကုန်သွယ်မှုအများဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်လာသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ယခုနှစ် ဖေဖော်ဝါရီအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၆၃၉၃ ကျော်ဖိုးရှိကြောင်း စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

အလားတူကာလတွင် မြဝတီကုန်သွယ်ရေးစခန်းမှ နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ သန်း ၄၄၀၀ ကျော်ဖိုး ရှိသည်။ မြဝတီနှင့် ထီးခီးတို့ကို KNU သိမ်းပိုက်ခဲ့ပါက ထိုင်းနှင့် ကုန်သွယ်ရေး စစ်ကောင်စီလက်ထဲတွင် ကော့သောင်း (တနင်္သာရီ) နှင့် တာချီလိတ် (ရှမ်းအရှေ့) တို့သာ ကျန်ရှိမည်ဖြစ်သည်။

တောင်ပိုင်းမှ KNU တပ်မဟာ (၄)

တပ်မဟာ (၄) အခြေစိုက်သည့် KNU ဘိတ်- ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်စပ်မှ ဆုတ်ကာ ထားဝယ်မြို့နယ်၊ ထီးထာရွာရှိ ဗျူဟာကုန်းသို့ အင်အားဖြည့်ပူးပေါင်းရန် ချီတက်လာသူများဖြစ်ကြောင်း Myanmar Now ကို ပြောသည်။

၎င်းတို့ကို KNU တပ်မဟာ (၄) မှ တပ်ဖွဲ့ဝင်များက ရက်သတ္တပတ်အကြာ ပိတ်ဆို့တိုက်ခိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားသည်။

ထို့နောက် ကျန်ရှိသူများက ဧပြီ ၁၅ ရက်တွင် ဆက်လက်မခုခံဘဲ လက်နက်ချအညံ့ခံသဖြင့် တပ်ရင်းမှူးအပါ ၄၈ ဦးကို အရှင်ဖမ်းမိထားခြင်းဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

၎င်းက “သူတို့ကလည်း စားစရာမရှိ။ ရေလည်းမရှိ။ ထွက်ပေါက်လည်းမရှိ။ ဒဏ်ရာရသူလည်း အများကြီးဆိုတော့ သူတို့စစ်ကြောင်းက တိုးမနိုင်တော့ မတတ်နိုင်တော့ လက်နက်ချတာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် လက်နက်ချအညံ့ခံလာသူများကို နောက်တန်းတစ်နေရာတွင် နိုင်ငံတကာလက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း KNU ထံမှ သိရသည်။

ဆက်လက်၍ ပဒိုစောအယ်နားက “ကျွန်တော်တို့ KNU ရဲ့ ချမှတ်တဲ့ စည်းမျဉ်း၊ စည်းကမ်း ပေါ်လစီအတိုင်း ကျွန်တော်တို့ ဆက်သွားမယ်။ လုပ်ဆောင်မယ်။ တစ်ချိန်တည်းမှာပဲ သူတို့လက်နက်ချတဲ့သူတွေရဲ့ သဘောထားကို မေးပြီးတော့ သူတို့ဘယ်လိုဖြစ်ချင်လည်း ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ပေးမယ်” ဟု ဆိုသည်။

KNU တပ်မဟာ (၄) သည် ထီးခီးဒေသရှိ ဂရမ်းထီးခီးတောင်ကြားအပန်းဖြေစခန်းနှင့် ရှန်ဂရီလာပျော်ပွဲစားရုံကို စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပူးပေါင်းပိုင်ဆိုင်ကြောင်း သတင်းများထွက်ပေါ်ဖူးသည့် KNU ၏ တပ်မဟာတစ်ခုဖြစ်သည်။

ထိုသို့ ပူးပေါင်းပိုင်ဆိုင်ကြောင်းကိုလည်း တနင်္သာရီတိုင်းအခြေစိုက် Dawei Watch သတင်းဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် စုံစမ်းရေးသားတင်ပြခဲ့ဖူးသည်။

KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်သည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ဘုတ်ပြင်းမြို့နယ်ထဲ၌ ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပစ်ခတ်မှုကြောင့် MSDF ရဲဘော် ၂ ဦး သေဆုံးပြီး ရဲဘော် ၅ ဦးနှင့် လက်နက်များ အစရှာမရဘဲ ပျောက်ဆုံးခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရေးယူဖြေရှင်းပေးရန် MSDF က KNU ဗဟိုထံ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစ်စုံတစ်ရာအရေးယူလိုက်ကြောင်း သတင်းထပ်မကြားရသေးပေ။

လက်ရှိကာလတွင်တော့ KNU တပ်မဟာ (၄) သည် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်သည်။

သို့သော်လည်း တနင်္သာရီတိုင်းထဲက နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ထီးခီးမြို့ကို စစ်ကောင်စီတပ်ကသာ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။

KNU တပ်မဟာ (၄) လှုပ်ရှားရာ ဘိတ်-ထားဝယ်ခရိုင်၏ အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း ၎င်းတို့ အုပ်ချုပ်သည့် နယ်မြေထဲတွင် စစ်ကောင်စီတပ် အများအပြားရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

၎င်းက “သူတို့နယ်စပ်စခန်းမှာရော အမှတ် (၈) လမ်းမကြီးတစ်လျှောက်မှာရော ကျန်သေးတယ်။ ကျွန်တော် မြင်ရသလောက် တပ်ရင်းမှူးတွေက စစ်မတိုက်ချင်တော့ဘူး။ သို့သော်လည်း သိတဲ့အတိုင်းပဲ ဒီတပ်မတော်က အမိန့်နာခံတယ်။ ဒါပေမဲ့ တချို့ကလည်း အသေမခံချင်တော့လို့ ထွက်ပြေးတာ၊ လက်နက်ချတာရှိတယ်” ဟု မှတ်ချက်ပေးသည်။

Show More

Related Articles

Back to top button