တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က အရပ်သား ၁ ဦးကို ဖမ်းဆီးစဉ် ပစ်ခတ်သတ်ဖြတ်ခံရသည့်အတွက် စုံစမ်းစစ်ဆေးပေးရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။
လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာမှ အသက် ၅၃ နှစ်အရွယ် ဦးကြည်လေးသည် စစ်တပ်၏ဒေါက်တိုင်ဟု စွပ်စွဲခံရကြောင်း၊ မြို့နယ်ပကဖအဖွဲ့က ဧပြီ ၁၂ ရက်နေ့တွင် ဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အရပ်သားကို အင်အားသုံးပစ်ခတ်သတ်ဖြတ်ခြင်းသည် တရားဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး သက်ဆိုင်ရာ NUG ဝန်ကြီးဌာနများက အရေးယူပေးရန် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ အပါအဝင် တော်လှန်ရေးအင်အားစု ၁၃ ဖွဲ့က ဧပြီ ၁၅ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။
သို့သော် ဦးကြည်လေးသည် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး မြို့နယ်ရဲစခန်းမှူးနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်၊ စစ်တပ်ဒေါက်တိုင်အဖြစ် လှုပ်ရှားနေသည်ဟု ဒေသခံများ တိုင်ကြားချက်အရ စောင့်ကြည့်လေ့လာခဲ့သည်ဟု မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ဆိုသည်။
“လုပ်နေတာကို သိနေတယ်။ ဘာတွေလုပ်နေလဲဆိုတာကို ပြောဖို့အတွက်က အသေးစိတ်က မလွယ်ဘူး။ ရလာတဲ့သတင်းအချက်အလက်နဲ့ ပေါင်းလိုက်ရင် လုပ်နေတာတော့ သေချာတယ်” ဟု သူက ပြောသည်။
ပြင်းထိန်ရွာခံတစ်ဦးဖြစ်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦးလည်းဖြစ်သည့် ကိုမင်းလွင်ဦးက သေဆုံးသူသည် စစ်တပ်အာဏာမသိမ်းမီက ဒေသခံရဲများနှင့် ရင်းနှီးသော်လည်း စစ်ကောင်စီဒေါက်တိုင်အဖြစ် လှုပ်ရှားမှုမရှိဟု ပြောသည်။
“အတိအကျပြောနိုင်တာကတော့ ကျွန်တော်တို့ရွာမှာ သူသတင်းပေးလို့ အဖမ်းခံရတဲ့သူတစ်ယောက်မှ မရှိဘူး။ အိမ်မီးရှို့ခံရတာတွေ၊ ချိပ်ပိတ်ခံရတာတွေ တစ်အိမ်မှ မရှိဘူး။ ရွာကို သူဒုက္ခပေးတာ တစ်ခုမှ မရှိဘူး” ဟု ကိုမင်းလွင်ဦးက ပြောသည်။
“သတင်းပေးတာတွေဆိုတာကလည်း စွပ်စွဲတဲ့သူတွေဘက်ကလည်း သက်သေပြနိုင်တာ တစ်ခုမှ မရှိဘူး။ သူတို့စွပ်စွဲချင်သလို တစ်ဖက်ကနေ စွပ်စွဲပြီး ပစ်သတ်တာက ဥပဒေမဲ့လုပ်ရပ်ပဲ။ တရားလက်လွတ်သတ်ဖြတ်တာပဲဖြစ်တယ်”
ဦးကြည်လေးကို ၂၄ နာရီအတွင်း လောင်းလုံးမြို့နယ်မှ ထွက်သွားရန် ဧပြီ ၈ ရက် ညတွင် မြို့နယ်ပကဖက သတိပေးစာပေးပို့ခဲ့သည်။ ထိုစာကို ပြန်လည်ရုပ်သိမ်းပေးရန်၊ စစ်ဆေးမေးမြန်းလိုပါက မျက်နှာချင်းဆိုင်တွေ့ဆုံ စစ်ဆေးနိုင်ရေးအတွက် ခေါ်ဆောင်ပေးမည်ဟု မြို့နယ်ပကဖမှ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ် ညှိနှိုင်းခဲ့ကြောင်း ကိုမင်းလွင်ဦးက ဆိုသည်။
ထိုသို့ ဆွေးနွေးပြီး ရက်ပိုင်းအတွင်းမှာပင် ဦးကြည်လေး နေအိမ်ကို ပကဖက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘာမှ တိုင်ပင်ညှိနှိုင်းတာမရှိဘဲနဲ့ သူတို့လုပ်သွားတာ။ သူတို့အကြောင်းပြချက်မှာ ထွက်ပြေးလို့ပစ်တယ် ပြောတယ်။ ဒါပေမဲ့ တကယ်တမ်း အဲ့လိုမဟုတ်ဘူး။ အဲ့ဒီနားမှာရှိတဲ့လူတွေ ပြောပြချက်အရဆိုရင် သူတို့က ကားပေါ်က ဆင်းတာနဲ့ တစ်ခါတည်းပစ်ပြီးတော့ ဝင်ဖမ်းတာ။ ပြေးလို့ ပစ်တာမဟုတ်ဘူး။ ပစ်ပြီးဖမ်းလို့ ပြေးတာ။ ချောင်းထဲမှာ ပုန်းနေတုန်းမှာ အနီးကပ်ပစ်သတ်သွားတာ။ ဦးနှောက်ပါ ပွင့်ထွက်သွားတာ” ဟု ကိုမင်းလွင်ဦးက ပြောသည်။
လောင်းလုံးမြို့နယ်ပကဖသည် ပြီးခဲ့သည့် ၂၀၂၃ မတ်လမှ စက်တင်ဘာလအတွင်း အသက် ၆၄ နှစ်အရွယ် သီလရှင်တစ်ပါးအပါအဝင် အရပ်သား ၂၀ နီးပါးကို စစ်တပ်သတင်းပေး ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ဖူးသည်။
ထိုအချိန်က လောင်းလုံးမြို့နယ် ပကဖတာဝန်ခံအဖြစ် ကိုထွေးအောင် (ခ) နဂါးမင်း (ခ) နှုတ်ခမ်းမွေးနှင့် ဒုတာဝန်ခံအဖြစ် ကိုဟိန်းသူအောင် (ခ) မမကြီးတို့က တာဝန်ယူခဲ့သည်။
ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဆင့်ဆင့်က စုံစမ်းစစ်ဆေးနေစဉ်မှာပင် ၎င်းတို့နှစ်ဦးမှာ နုတ်ထွက်သွားသည်။ မမကြီး (ခ) ကိုဟိန်းသူအောင်မှာ အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဗထူးတပ်မတော်တွင် ခေါင်းဆောင်ဖြစ်လာသည်။
၎င်းတို့ကို လက်ရှိအချိန်ထိ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း လက်ရှိ ပကဖပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ လောင်းလုံးမြို့နယ် ပကဖတာဝန်ခံအဖြစ် ကိုသင်္ခါရနှင့် ဒုတာဝန်ခံအဖြစ် ကိုကြွက်ဖြူတို့က တာဝန်ယူခဲ့သည်။
ပကဖ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတွင် ဒလန်ဟု စွပ်စွဲခံရသူကို သတ်ဖြတ်ခြင်းမပြုဘဲ ဖမ်းဆီးချုပ်နှောင်ရန်သာ စီစဉ်ခဲ့သည်ဟု ပကဖပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ဆိုသည်။
“ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူး။ သွားကတည်းကိုက ဖမ်းလာဖို့ ပြင်ဆင်ပြီးတော့ သွားတာ။ ဒါပေမဲ့ လူကတော့ သေသွားတယ်” ဟု ကိုရှဲဒိုးက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရိုင်အဆင့်၊ တိုင်းအဆင့် ပကဖအဖွဲ့များကို တင်ပြထားပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမည်ဟု သူက ဆိုသည်။
တနင်္သာရီတိုင်းတွင် တော်လှန်ရေးအဖွဲ့များ၏ ဒလန်ရှင်းလင်းရေးလုပ်ငန်းစဉ်ကြောင့် လစဉ်အသတ်ခံရသူ ၁၀ ဦးအထိ ရှိခဲ့သော်လည်း ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်ကာ သိသိသာသာလျော့ကျသွားကြောင်း တနင်္သာရီတိုင်းဖြစ်ရပ်များကို စောင့်ကြည့်လေ့လာနေသည့် EF5 Tanintharyi အဖွဲ့က ဒီဇင်ဘာလထုတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒလန်ရှင်းလင်းရေးလုပ်ငန်းစဉ်အပေါ် လူထုကြား ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်း၊ စွပ်စွဲသတ်ဖြတ်ခံရသူတို့၏ မိသားစုဝင်များက ဖြေရှင်းပေးရန် တောင်းဆိုကြခြင်းတို့ကြောင့် လျော့ပါးသွားခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။